ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး မြန်မာနိုင်ငံဆေးပညာရှင်အဖွဲ့ (၂၀၁၈-၂၀၁၉) ခုနှစ်၊ နှစ်ပတ်လည်မျက်နှာစုံညီ အစည်းအဝေးသို့တက်ရောက်

Union Minister Dr. Myint Htwe attends the Annual Meeting of Myanmar Academy of Medical Science

ရန်ကုန်မြို့၊ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၁၄) ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးသည် ယနေ့ နံနက်ပိုင်းတွင် သူနာပြုတက္ကသိုလ်(ရန်ကုန်) အစည်းအဝေးခန်းမ၌ကျင်းပသော မြန်မာ နိုင်ငံဆေးပညာရှင်အဖွဲ့ (၂၀၁၈-၂၀၁၉)ခုနှစ်၊ နှစ်ပတ်လည်မျက်နှာစုံညီ အစည်းအဝေးသို့ တက်ရောက်၍ အမှာစကားပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက အမှာစကား ပြောကြားရာတွင် -
- မြန်မာနိုင်ငံဆေးပညာရှင်အဖွဲ့ကို ၁၉၉၉ ခုနှစ်မှ စတင်ဖွဲ့စည်းခဲ့သည်ဖြစ်၍ ယခု ဆိုလျှင် နှစ်ပေါင်း (၂၀)ရှိပြီဖြစ်ပါကြောင်း၊
- စတင်ဖွဲ့စည်းစဉ်က ရည်ရွယ်ချက် (၅)ရပ်၊ လုပ်ငန်းတာဝန် (၁၅)ရပ်၊ လုပ်ပိုင်ခွင့် (၅)ရပ် တို့ဖြင့် ဖွဲ့စည်းခဲ့ပြီး ယခုအခါ ပြောင်းလဲလာသော မူဝါဒ၊ ကျန်းမာရေးစနစ်တို့နှင့် လိုက်လျောညီထွေ ရှိ/ မရှိကို အစည်းအဝေးတစ်ခုခေါ်ကာ သေသေချာချာ သုံးသပ်၍ ပြောင်းလဲသင့်သည်ကို ပြောင်းလဲကြရမည်ဖြစ်ကြောင်း၊
- ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့်တက်ကြွသော၊ လျင်မြန်ပြီး တုန့်ပြန်မှု အားကောင်းသော၊ ကောင်းမွန်စွာဖွဲ့စည်းထားသော ပညာရှင်အဖွဲ့ဖြစ်သည့် မြန်မာနိုင်ငံ ဆေးပညာရှင် အဖွဲ့ထံမှ အကြံဉာဏ်များကို အလေးထားပါကြောင်း၊


- နှစ်ပတ်လည်အစီရင်ခံစာတွင် မြန်မာနိုင်ငံဆေးပညာရှင်အဖွဲ့အနေဖြင့် (၁)နှစ်တာ ကာလအတွင်း အစည်းအဝေးများ၊ ဆွေးနွေးပွဲများ ဆောင်ရွက်ခဲ့သည်ကိုလည်း သိရှိရပါကြောင်း၊ အဆိုပါ အစည်းအဝေးများမှ ထွက်ပေါ်လာသော အကျိုးရှိသည့် ဆွေးနွေးချက်များ၊ အကြံပြုချက်များကို အငွေ့ပျံမသွားစေလိုဘဲ အကျိုးရှိ ထိရောက်စေရန်အတွက် ဝန်ကြီးဌာနရှိ သက်ဆိုင်သည့် ဌာနများထံ ဖြန့်ဝေဆောင်ရွက်သွားစေမှာဖြစ်ပါကြောင်း၊ ဤအဖွဲ့၏ဆောင်ရွက်ချက်များ၊ အကြံပြုတင်ပြချက်များကို ဝန်ကြီးဌာနအနေဖြင့် လေးလေးစားစား အရေးတယူ ဆောင်ရွက်သွား မည်ဖြစ်ပြီး ပြတ်သားသော၊ ဖြစ်နိုင်ချေရှိသော အပြုသဘောဝေဖန်မှုများနှင့် အကြံဉာဏ်များကို ပေးစေလိုပါကြောင်း၊
- မြန်မာနိုင်ငံဆေးပညာရှင်အဖွဲ့အနေဖြင့် မိမိတို့ဝန်ကြီးဌာန၏ ဦးစားပေးလုပ်ငန်းများနှင့် လက်ရှိဆောင်ရွက်နေသည်များကို သိရှိစေရန်လည်း အတိုချုပ်ပြောကြားလိုပါကြောင်း၊
- ပထမတစ်ချက်မှာ လူနာများဘေးကင်းလုံခြုံမှု (Patient Safety) ဖြစ်ပါကြောင်း၊ ၎င်းနယ်ပယ်မှာ အလွန်ကျယ်ပြန့်ပြီး လူနာအား ကုသမှု၊ ဓါတ်ခွဲစမ်းသပ်မှု၊ ပုံရိပ်ဖော် စမ်းသပ်ခြင်း၊ ဆေးဝါးဗေဒ အစရှိသဖြင့် ဘာသာရပ်များစွာပါဝင်ကြောင်း၊
- လူနာများ ဘေးကင်းလုံခြုံမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို မကြာသေးမီက ကျင်းပခဲ့ပြီး ၎င်းဆွေးနွေးပွဲ၏ အစီရင်ခံစာကိုလည်း မြန်မာနိုင်ငံဆေးပညာရှင်အဖွဲ့သို့ ဖြန့်ဝေပေးပို့ မည်ဖြစ်ကြောင်း၊
- ဆေးရုံကြီးများတွင် လူနာများ အလွန်များပြားသည့်အတွက် မြို့နယ်များတွင်ရှိသော ဒေသန္တရကျန်းမာရေးဌာနများ၏အင်အားကို မည်သို့ခွဲဝေအသုံးချသင့်သည့် ကိစ္စနှင့် စပ်လျဉ်း၍ မိမိတို့အနေဖြင့် ဒေသန္တရကျန်းမာရေးဌာနများ၏ လုပ်ငန်းဆောင်ရွက်ချက်များကို သုတေသနလုပ်ထားပြီး ၎င်းအစီရင်ခံစာကိုလည်း အသေးစိတ်သေချာစွာ သုံးသပ်အကြံပြုပေးစေ လိုပါကြောင်း၊


- ရန်ကုန်ပြည့်သူ့ဆေးရုံကြီးတွင် လူနာများ အလွန်ပြည့်ကျပ်နေခြင်းနှင့်ပတ်သက်၍လည်း ဖြေရှင်းဆောင်ရွက်ရန် စတင်နေပြီဖြစ်ပါကြောင်း၊
- ကျောင်းကျန်းမာရေးလုပ်ငန်းများကိုလည်း ဝန်ကြီးဌာနက ဦးစားပေး ဆောင်ရွက်လျက် ရှိပြီး ဆက်လက် ဦးစားပေး သွား မည်ဖြစ်ကြောင်း၊
- ဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များကို ပိုမိုသိရှိစေရန်အတွက် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ သတင်းလွှာများ၊ (၃)နှစ်တာ ဆောင်ရွက်ချက်မှတ်တမ်းစာအုပ်၊ အရေး ကြီးသော မဟာဗျူဟာစီမံကိန်းများ၊ အစည်းအဝေးနှင့်အလုပ်ရုံဆွေးနွေးပွဲ အစီရင်ခံ စာများကို မြန်မာနိုင်ငံဆေးပညာရှင်အဖွဲ့သို့ ပေးပို့သွားမည်ဖြစ်ကြောင်း၊
- ပြည်သူ့ကျန်းမာရေးနယ်ပယ်နှင့် ကုသရေးနယ်ပယ် (၂)ရပ်တို့တွင် ပြည်သူ့ကျန်းမာရေး တောင့်တင်းခိုင်မာ အားကောင်းပါမှ ကုသရေးအလုပ်များ လျော့နည်းပြီး အရည်အသွေး ပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှုများ ပေးနိုင်မည်ဖြစ်ပါကြောင်း၊
- ဝန်ကြီးဌာနမှ ပြည်သူ့ကျန်းမာရေးပညာရှင်များစွာ မွေးထုတ်နိုင်ရေးအတွက် ပြည်သူ့ကျန်းမာရေးတက္ကသိုလ်တွင် သင်ကြားနေသော သင်ရိုးညွှန်းတမ်းများကို မွမ်းမံပြင်ဆင်နိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊
- ပြည်ပနိုင်ငံများမှ ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဘွဲ့လွန်ဒီဂရီရရှိခဲ့ကြသော ဆရာဝန်များ အားလည်း ၎င်းတို့၏ အတွေ့အကြုံများကို ဟောပြောပွဲပြုလုပ်ခဲ့ပြီး အကြံပြုတင်ပြစေခဲ့ကြောင်း၊


- အမျိုးသားကျန်းမာရေးမူဝါဒကို ပြန်လည်ရေးဆွဲနိုင်ရေး စတင်ဆောင်ရွက်လျက်ရှိ ပါကြောင်း၊
- မိမိတို့အနေဖြင့် ‘လုပ်ပိုင်ခွင့်ကို ခွဲဝေပေးခြင်း’ စတင်ကျင့်သုံးမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ် ကျန်းမာရေးဦးစီးဌာနမှူးများ၏ လုပ်ပိုင်ခွင့်များ ပိုမို ခွဲပေးသွားမည်ဖြစ်ပြီး ဗဟိုအနေဖြင့် စံလုပ်ထုံး လုပ်နည်းများ၊ လုပ်ငန်းလမ်းညွှန်များ ထုတ်ဝေညွှန်ကြားခြင်းကဲ့သို့ လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊
- Paperless Workshop ဟုခေါ်သည့် စာရွက်စာတမ်းကို လုံးဝအသုံးမပြုသည့် အလုပ်ရုံ ဆွေးနွေးပွဲများ မကြာခင် စတင်ဆောင်ရွက်နိုင်တော့မည် ဖြစ်ကြောင်း၊
- အီလက်ထရောနစ်ရုံးစာစနစ်ကိုလည်း မကြာခင် စတင်နိုင်တော့မည် ဖြစ်ကြောင်း၊
- ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာကိုလည်း ဝင်ရောက် ကြည့်ရှု၍ အကြံဉာဏ်ပေးနိုင်ပါကြောင်း၊
- ကျေးလက်ကျန်းမာရေးဌာနများတွင် ဗုဒ္ဓဟူးနေ့တိုင်း သွေးတိုးရောဂါ၊ ဆီးချိုရောဂါ များကို စမ်းသပ်ကုသ၍ ဆေးဝါးများပံ့ပိုးလျက်ရှိကြောင်း၊
- “ပြည်သူလူထုအတွင်း နှလုံးနှင့် နှလုံးသွေးကြောရောဂါမဖြစ်နိုင်စေရန် ကြိုတင် ကာကွယ်ခြင်းလုပ်ငန်း” ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကိုလည်းလာမည့် အောက်တိုဘာ အတွင်း ကျင်းပသွားမည် ဖြစ်ကြောင်း၊
- ဝန်ကြီးဌာနအတွက် ပထမဆုံး “အခြေခံကျန်းမာရေးဝန်ထမ်းများညီလာခံ” ကိုလည်း လာမည့်ရက်သတ္တပတ်အတွင်း ကျင်းပသွားမည်ဖြစ်ကြောင်း၊
- ကူးစက်ရောဂါများဖြစ်ပွားမှု အခြေအနေနှင့်စပ်လျဉ်း၍ ငှက်ဖျားရောဂါနှင့် မေးခိုင်ရောဂါ ပပျောက်ရေး ဆောင်ရွက်နေပြီဖြစ်ကြောင်း၊
- ပိုလီယိုရောဂါနှင့်ပတ်သက်၍ ကရင်ပြည်နယ်၊ ဖါပွန်မြို့နယ်အတွင်း ပုံမှန်ကာကွယ်ဆေး ထိုးလုပ်ငန်း ဝင်ရောက်ဆောင်ရွက်နိုင်ခြင်းမရှိခဲ့သော ကျေးရွာများတွင် ကာကွယ်ဆေး အသွင်ပြောင်းပိုလီယိုရောဂါပိုး တွေ့ရှိခဲ့ရပြီး ယခုအခါ တုံ့ပြန်ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီးခဲ့ပြီဖြစ်ကြောင်း၊
- တစ်နိုင်ငံလုံး ဝက်သက်/ ဂျိုက်သိုးရောဂါ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကိုလည်း လာမည့် အောက်တိုဘာလနှင့် နိုဝင်ဘာလတွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊
- ကာကွယ်ဆေးသစ်များကိုလည်း ပုံမုန်ကာကွယ်ဆေးထိုးအစီစဉ်တွင် ထပ်မံထည့်သွင်း သွားမည်ဖြစ်ရာ လာမည့် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလတွင် ဝမ်းပျက်ဝမ်းလျောရောဂါ ကာကွယ်ဆေး နှင့်၂၀၂၀ ခုနှစ်၊ဇွန်လတွင် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုး ခြင်း တို့ကို စတင်နိုင်မည်ဖြစ်ကြောင်း၊


- H1 N1 ရာသီတုပ်ကွေးရောဂါဖြစ်ပွားမှုများလည်း ကျဆင်းနေပြီဖြစ်ကြောင်း၊
- “ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး”ဟူသောစကားအတိုင်း တစ်နိုင်ငံလုံးတွင် အားကစား အထောက်အကူပြုပစ္စည်းကိရိယာများ ပံ့ပိုးကာ အားကစား လှုပ်ရှားမှု များကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိ ကြောင်း၊
- သူနာပြုများတိုးမြှင့် မွေးထုတ်နိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊
- ပုဂ္ဂလိကသူနာပြုကျောင်းများ ဖွင့်လှစ်နိုင်ရေးလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊
- ကျန်းမာရေးသတင်းအချက်အလက်ဆိုင်ရာ မဟာဘွဲ့ ပြင်ဆင်နေပြီး အာဟာရပညာရှင် (ဒီပလိုမာဘွဲ့) များ ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊
- ဆေးနှင့်ဆေးပစ္စည်းများ ဝယ်ယူဖြန့်ဖြူးရေးကိစ္စ ပိုမိုအားကောင်းစေရေး ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊
- မိမိတို့ဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်နေသည်များကို မြန်မာနိုင်ငံဆေးပညာရှင်အဖွဲ့သို့ ပုံမှန်ပေးပို့သွားမည်ဖြစ်ကြောင်း၊
- ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ပြတ်သားသော၊ လက်တွေ့တွင် ဖြစ်နိုင်ချေ ရှိသော၊ ရှေ့ကိုကြိုတင်တွေးဆမြော်မြင်သော ၊ အပြုသဘောဆောင်သော ဝေဖန်အကြံပြုချက် များကို မြန်မာနိုင်ငံဆေးပညာရှင်အဖွဲ့ထံမှ ကြိုဆိုပါကြောင်း၊
- မြန်မာနိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှုစနစ် ပိုမိုတိုးတက်စေရေးအတွက် မိမိတို့ ဝန်ကြီးဌာနတစ်ခုတည်း ဆောင်ရွက်၍ မရနိုင်ဘဲ မြန်မာနိုင်ငံ ဆေးပညာရှင် အဖွဲ့အပါအဝင် အခြား ပညာရှင်အဖွဲ့များ၊ မိတ်ဘက်အဖွဲ့များနှင့် ပိုမို ပူးပေါင်း၍ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။


     ယင်းနောက် ပညာရပ်ဆိုင်ရာ ဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ ပညာရေးဝန်ကြီးဌာန မှဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာနေဝင်းဦးမှ “ပညာရေးဝန်ကြီးဌာန၏ အဆင့်မြှင့် တင်ရေး ပြုပြင်ပြောင်းလဲမှုများ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပါမောက္ခဒေါက်တာအေးမောင်ဟန်မှ “မြန်မာနိုင်ငံရှိ ဘွဲ့ကြိုကျောင်းသားများအတွက် ၂၁ ရာစု ဆေးပညာသင်ကြားရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ဆေးတက္ကသိုလ်(၁) ရန်ကုန်၊ ပါမောက္ခချုပ်ဒေါက်တာဇော်ဝေစိုးမှ “ ဘွဲ့လွန်ဆေးပညာ သင်ကြားရေးဆိုင်ရာ လက်တလောဖွံ့ဖြိုးတိုးတက်မှုများနှင့် ရှေ့ခရီး” ခေါင်းစဉ်ဖြင့် လည်းကောင်း ဆွေးနွေးတင်ပြကြပြီး တက်ရောက်လာသူများက စိတ်ပါဝင်စားစွာ ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါအစည်းအဝေးသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာရှိကြီးများ၊ ဆေးရုံအုပ်ကြီးများ၊ အငြိမ်းစားဆေးပညာရှင်ကြီးများ၊ မြန်မာနိုင်ငံဆေးကောင်စီ၊ မြန်မာနိုင်ငံ ဆရာဝန်အသင်း မြန်မာနိုင်ငံဆေးပညာရှင်အဖွဲ့တို့မှ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူ များ၊ မြန်မာနိုင်ငံ ဆေးပညာရှင်အဖွဲ့ အမှုဆောင်အဖွဲ့ဝင်များ၊ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ဌာနေကိုယ်စားလှယ်နှင့် ဖိတ်ကြားထားသော ပညာရှင်များ စုစုပေါင်း (၂၃၀)ဦးခန့် တက်ရောက်ခဲ့ ကြပါသည်။

More Tags