ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ လှိုင်သာယာ မြို့နယ် အထွေထွေရောဂါကုဆေးရုံကြီးသို့ သွားရောက်ကြည့်ရှု

ရန်ကုန်၊ (၂၀၁၈) ခုနှစ်၊ ဖေဖော်ဝါရီလ (၁၈) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ဖေဖော်ဝါရီလ (၁၈)ရက်နေ့၊ နံနက်(၉:၀၀) နာရီတွင် အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်၊ ဆေးတက္ကသိုလ်(၁)ရန်ကုန်၊ ပါမောက္ခ​ချုပ်၊ ပါမောက္ခ ဒေါက်တာဇော်ဝေစိုးနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများလိုက်ပါလျှက် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ် အထွေထွေရောဂါကုဆေးရုံကြီးသို့ ရောက်ရှိပြီး လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ အထူးကုဆရာဝန်ကြီးများ၊ ဆရာဝန်များ၊ သူနာပြုများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံပါသည်။


 

     ထိုသို့​တွေ့ဆုံရာ၌ ပြည်ထောင်စုဝန်ကြီးကပြောကြားရာတွင် လှိုင်သာယာမြို့နယ်သည် လူဦးရေထူထပ်များပြားသော မြို့ဖြစ်ပြီး အခြေခံလူတန်းစားအများစု နေထိုင်သောကြောင့် လှိုင်သာယာ ပြည်သူ့ဆေးရုံကြီးကို ပြည်သူများအားကိုးနိုင်သော အဆင့်မြင့်ဆေးရုံကြီး ဖြစ်လာစေရေးအတွက် သက်ဆိုင်သူအားလုံးနှင့် ဆွေးနွေးညှိနှိုင်းပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန် လာရောက်ခြင်းဖြစ်ပါကြောင်း၊ ဤဆေးရုံကြီးကို ဘွဲ့လွန်သင်တန်းသား ဆရာဝန်များ၊ အလုပ်သင်ဆရာဝန်များကို လေ့ကျင့်သင်ကြားပေးနိုင်သော သင်ကြားရေး ဆေးရုံကြီးအဆင့်ထိ ဖြစ်လာစေရန် ရည်မှန်းထားပါကြောင်း၊ ဤဆေးရုံကြီး ဖွံ့ဖြိုးတိုးတက်လာပါက ဒေသခံပြည်သူများအတွက် အကျိုးရှိရုံသာမက ရန်တိုင်းဒေသကြီးအတွင်းရှိ အခြားဆေးရုံကြီးများ၌ လူနာအများအပြား လက်ခံကုသနေရမှု လျော့နည်းသွားပြီး အရည်အသွေး ပြည့်ဝသော ကုသမှုမျိုးကို ပိုမိုဆောင်ရွက်ပေးလာ နိုင်မည် ဖြစ်ပါကြောင်း၊

     လှိုင်သာယာပြည်သူ့ဆေးရုံ၌ တက်ရောက်ကုသသော လူနာစာရင်း၌ ယာဉ်မတော်တဆ ဖြစ်ပွားမှုကြောင့် ထိခိုက်ဒဏ်ရာရရှိ၍ ဆေးရုံတက်ရောက်ရသူ လူနာများပြားနေသည်ကို တွေ့ရှိရကြောင်းနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသာမက ဒေသဆိုင်ရာ အာဏာပိုင်များ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် သက်ဆိုင်သူအားလုံးက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာစေရန်ပညာပေးခြင်း၊ ဥပဒေအရအရေးယူခြင်းများကို အလေးထားဆောင်ရွက်ရန် လိုအပ်နေပြီဖြစ်ပါကြောင်း၊ ဝမ်းပျက်ဝမ်းလျောရောဂါ၊ ကာကွယ်ဆေးထိုးလုပ်ငန်းများ၊ သွေးလွန်တုပ်ကွေး ရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ၊ ကျန်းမာရေးအသိပညာ မြှင့်တင် ရေးလုပ်ငန်းစသည့် ပြည်သူ့ကျန်းမာရေးလုပ်ငန်းများကို အားဖြည့်ဆောင်ရွက်နိုင်ရန်အတွက် ဘက်စုံသုံးသပ်လေ့လာပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည် ဖြစ်ပါ ကြောင်း၊ ဆေးရုံအုပ်ကြီးအနေဖြင့် ဤဆေးရုံကို မိမိအိမ်ကဲ့သို့သဘောထားပြီး ဆေးရုံဖွံ့ဖြိုး တိုးတက်ရေးအတွက် ကျန်းမာရေးဝန်ထမ်းများ၊ ဆေးရုံအထောက်အကူပြုအဖွဲ့များနှင့် ဆွေးနွေးတိုင်ပင်ပြီး လိုအပ်သည်များကိုတင်ပြရန်နှင့် ဝန်ကြီးဌာနမှတတ်နိုင်သမျှ ဦးစားပေး အစီအစဉ်ဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။


 

     ယင်းနောက် ဆေးရုံအုပ်ကြီး ဒေါက်တာဆန်းလွင်ဦးက ဆေးရုံကြီးနှင့်ပတ်သက်၍ အထွေထွေစီမံဆောင်ရွက်နေမှုများ၊ ဆက်လက်ဆောင်ရွက်မည့် တည်ဆောက်ပြုပြင်ရေး လျာထားချက်များ၊ စက်ပစ္စည်းကရိယာများတပ်ဆင်ထားရှိမှုနှင့် ဝန်ထမ်းအင်အားအခြေအနေတို့အား ရှင်းလင်းတင်ပြပါသည်။ ဆက်လက်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာခင်ရူပါစိုးက ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ထားရှိမှု၊ ကိုယ်ဝန်ဆောင်မိခင်နှင့် မီးဖွားပြီး မိခင်စောင့်ရှောက်မှုလုပ်ငန်းများ၊ ကာကွယ်ဆေးထိုးလုပ်ငန်းများ၊ ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေး လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြပါသည်။

     ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များက ဆရာဝန်၊ သူနာပြုနှင့် ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ချက်ချင်းဆောင်ရွက်ပေးနိုင်သည်များကို ချက်ချင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ရေရှည်ဆောင်ရွက်ရမည့် ကိစ္စများအား အဆင့်လိုက်၊ အပိုင်းလိုက် ဆောင်ရွက်နိုင်ရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးပါသည်။


 

ထို့နောက်ဆေးရုံအတွင်း အရေးပေါ်လူနာဆောင်၊ ဓာတ်မှန်ခန်း၊ ဓာတ်ခွဲခန်း၊ ခွဲစိပ်ခန်း၊ ဖျားနာဆောင်၊ သားဖွားလူနာဆောင်နှင့် (၄)ထပ် အဆောက်အဦသစ် ဆောက်လုပ်ပြီးစီးမှု အခြေအနေတို့အား လှည့်လည်ကြည့်ရှုခဲ့ပါသည်။

More Tags