ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး ရန်ကုန်မြို့ပေါ်ရှိ ဗဟိုအဆင့်ဆေးရုံကြီးများမှ ဆေးရုံအုပ်ကြီးများနှင့်တွေ့ဆုံ၍ ကုသရေးလုပ်ငန်းများညှိနှိုင်းဆွေးနွေး

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးသည် မေလ (၂၀)ရက်နေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ ဒဂုံမြို့နယ်၊ ဇီ၀ကလမ်းရှိ ဆေးသုတေသန ဦးစီးဌာန အစည်းအဝေးခန်းမ၌ ရန်ကုန်မြို့ပေါ်ရှိ ဗဟိုအဆင့်ဆေးရုံကြီးများမှ ဆေးရုံအုပ်ကြီးများ၊ ဒုတိယဆေးရုံအုပ်ကြီးများ၊ ဆေးရုံအုပ်ကြီးများအားတွေ့ဆုံကာ ကုသရေးဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေး ပြောကြားသည်။


 

     ပြည်ထောင်စုဝန်ကြီးကပြောကြားရာတွင် ပြည်သူ့ဆေးရုံများတွင် ဆေးကုသမှု အရည်အသွေးမြှင့်တင်ရေး၊ လူနာနှင့်မိသားစုများသက်သာချောင်ချိရေး၊ ဆေးရုံဝန်ဆောင်မှုများကို လူနာများ၏ စိတ်ကျေနပ်နှစ်သက်မှုမြင့်တက်လာစေရေးအတွက် ယခုအစည်းအဝေးကို ပြုလုပ်ရခြင်းဖြစ်ကြောင်း၊

     မိမိတို့ဆေးရုံကြီးများအလိုက် လိုအပ်ချက်များကို ပြန်လည်သုံးသပ်၍ လုပ်ဆောင်ရမည့် အချက်များကို မိမိတို့ကိုယ်တိုင်၏ စတင်ဦးဆောင်မှုဖြင့် ဆောင်ရွက်စေလိုကြောင်း၊ ဆေးရုံအုပ်ချုပ် သူများအနေဖြင့် မိမိတို့အကြားတွင် အချင်းချင်းဆွေးနွေးတိုင်ပင်မှုများ ပြုလုပ်၍ လိုအပ်ချက်များကို အမြဲရှာဖွေဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ဆေးရုံအုပ်ကြီးများ အချင်းချင်းကောင်းမွန်သော အတွေ့အကြုံများဖလှယ်ကြရန်လိုကြောင်း၊ ဝန်ကြီးဌာနအနေဖြင့်လည်း လိုအပ်သည်များကို ပံ့ပိုးပေးမည်ဖြစ်ကြောင်း၊

     ဆေးကုသမှုအရည်အသွေးမြှင့်တင်ရေးနှင့်လူနာများစိတ်ချမ်းသာမှုရရှိအောင် ဆောင်ရွက်ရာတွင် ဆေးလူမှုဆက်ဆံရေးနှင့် ဧည့်ကြိုဝန်ထမ်းများ၊ အရေးပေါ်ဌာန စီမံခန့်ခွဲရေး၊ ဆေးရုံတွင်း ရောဂါကူးစက်မှုမရှိစေရန် ဆောင်ရွက်ခြင်း၊ အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများနှင့် မသန်စွမ်းသူများကို ဦးစားပေး ဆောင်ရွက်ပေးခြင်း၊ ဆင်းရဲနွမ်းပါးလူနာများကို အခမဲ့ကုသမှုများ တတ်နိုင်သမျှပေးနိုင်ရန် ဆောင်ရွက်ခြင်း၊ ဆေးရုံအတွင်း၊ အပြင်သန့်ရှင်းရေး၊ အိမ်သာများသန့်ရှင်းရေး၊ လူနာနှင့်မိသားစု၀င်များ၊ ဝန်ထမ်းများကုန်ကျစရိတ်သက်သာစွာ ဝယ်ယူစားသုံးနိုင်မည့် ​Center များ ဖွင့်လှစ်ခြင်း၊ ဆေးရုံတွင်း စျေးနှုန်းသက်သာစွာ ဝယ်ယူနိုင်မည့် ဆေးဆိုင်များဖွင့်လှစ်ခြင်းစသည်ဖြင့် ဆောင်ရွက်ရမည့် ကိစ္စရပ်များစွာရှိကြောင်း၊

     ဆေးရုံအုပ်ချုပ်စီမံခန့်ခွဲမှုအရည်အသွေးမြင့်မားရေးအတွက် ပြည်သူ့ကျန်းမာရေး တက္ကသိုလ်ရှိ ဆေးရုံအုပ်ချုပ်မှု မဟာဘွဲ့၊ ဒီပလိုမာဘွဲ့များ၏ သင်ကြားရေးနည်းစနစ်နှင့် သင်ရိုးညွှန်းတမ်းများကိုလည်း လက်တွေ့လုပ်ငန်းဆောင်ရွက်မှုများပါ တွဲဘက်သင်ကြားရန် လိုအပ်ကြောင်း၊

     မြန်မာနိုင်ငံဆရာဝန်အသင်းရှိ ဆေးရုံအုပ်ချုပ်မှုပညာရပ်အဖွဲ့နှင့်လည်း ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ယခုတက်ရောက်လာသူဆေးရုံအုပ်ကြီးများမှ လိုအပ်ချက်များကို ပွင့်ပွင့်လင်းလင်း မိသားစုသဖွယ်တင်ပြကြရန်ပြောကြားသည်။


 

     ယင်းနောက် ဆေးရုံအုပ်ကြီးများက မိမိတို့ဆေးရုံများအလိုက် ကုသမှုလုပ်ငန်း ဆောင်ရွက်မှုများနှင့်ပတ်သက်၍ လိုအပ်ချက်များကို တင်ပြကြပြီး အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များက ဖြည့်စွက်ဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးက ဓါတ်ခွဲခန်း ပစ္စည်းလိုအပ်ချက်၊ ဆေးပစ္စည်း လိုအပ်ချက်များနှင့် ပတ်သက်၍ တာဝန်ရှိသူများနှင့် ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

 
 

More Tags