ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး ရှမ်းပြည်နယ်ရှိ ကျန်းမာရေးဌာနများနှင့် ဆေးရုံများအားကြည့်ရှစစ်ဆေး

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ဧပြီလ(၆)ရက် နေ့လည်ပိုင်းတွင် ရှမ်းပြည်နယ်၊ ကလောမြို့နယ်ပြည်သူ့ဆေးရုံသို့ ရောက်ရှိပြီး ဆေးရုံတွင်း လှည့်လည် ကြည့်ရှု့စစ်ဆေးရာ ရှမ်းပြည်နယ်ကုသရေးဦးစီးဌာနမှူး၊ ဒေါက်တာစိုးထွန်းအောင်၊ ရှမ်းပြည်နယ် ဒုတိယပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ ဒေါက်တာစိုင်းဝင်းဇော်လှိုင်နှင့် ဆေးရုံအုပ်ကြီး ဒေါက်တာသန်းသန်းအေးတို့က လိုက်ပါရှင်းလင်း ပြသကြသည်။ ပြည်ထောင်စုဝန်ကြီးသည် ဆေးရုံအတွင်း အရေးပေါ်နှင့်ပြင်ပလူနာဌာန၊ သွားနှင့်ခံတွင်းဌာန၊ ကလေးဆေးကုသဆောင်၊ သားဖွားနှင့်မီးယပ် ကုသဆောင်၊ ဆေးသိုလှောင်ရေးဌာန၊ ခွဲစိပ်ခန်း၊ ခွဲစိပ်ကုသဆောင်၊ ဖျားနာကုသဆောင်များသို့ လှည့်လည်ကြည့် ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားဖြည့်ဆည်းပေးသည်။

 

     ပြည်ထောင်စုဝန်ကြီးသည် ညနေပိုင်းတွင် ကလောမြို့နယ်၊ သရက်ပုကျေးလက်ကျန်းမာရေးဌာနသို့ရောက်ရှိရာ လက်ထောက်ကျန်းမာရေးမှူး ဒေါ်ဝေဇင်ဖြိုးနှင့် သားဖွားဆရာမ ဒေါ်နန်းထွေးစိန်တို့က ကျန်းမာရေးစောင့်ရှောက်ပေးနေ မှုအခြေအနေများ၊ နေ့စဉ်လုပ်ငန်းဆောင်ရွက်နေမှုနှင့် လိုအပ်ချက်များကို တင်ပြရာ ပြည်ထောင်စုဝန်ကြီးက ဖြည့်ဆည်း ဆောင်ရွက်ပေးပြီး ရှေ့ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား မှာကြားသည်။
    ဧပြီလ(၇)ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများနှင့်အတူ ဘော်ဆိုင်းမြို့သို့သွားရောက်၍ ဘော်ဆိုင်းဈေးသစ်နှင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ မီးသတ်ဌာနဖွင့်ပွဲတို့အား တက်ရောက်အားပေးသည်။
    ထို့နောက် ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ တည်ဆောက်လှူဒါန်းသော ဘော်ဆိုင်းတိုက်နယ်ဆေးရုံသစ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ ပြည်ထောင်စုဝန်ကြီးသည် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ လူမှူရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ကလောမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ပြုံးကေသီနိ်ုင်၊ ပြည်နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာစိုးထွန်းအောင်တို့နှင့်အတူ ဆေးရုံသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
       ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အလှူရှင် ကမ္ဘောဇအနာဂတ် အလင်းတန်းမြန်မာဖောင်ဒေးရှင်း ဥက္ကဌ ဒေါ်နန်းလိ်ုင်းခမ်းတို့က ဆေးရုံကမ္ဗည်းမော်ကွန်းအား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးကာ အမွှေးနံသာရည်များ ပက်ဖြန်းကြသည်။ ထို့နောက် မှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးပြီး ဆေးရုံအတွင်းနှင့် ဆရာဝန်၊ သူနာပြု၊ ဝန်ထမ်းအိမ်ယာများအား လှည့်လည်ကြည့်ရှု့ကြသည်။

 

        ဆက်လက်၍ ဆေးရုံသစ်လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက တက်ရောက် ဂုဏ်ပြုအမှာစကားပြောကြားရာတွင် ယခုကဲ့သို့ အလွန်ကောင်းမွန်သော တိုက်နယ်ဆေးရုံသစ် ကို တည်ဆောက်လှူဒါန်းသော အလှူရှင်အား အထူးပင် ကျေးဇူးတင်ဝမ်းမြောက်ပါကြောင်း၊ မြန်မာနိုင်ငံသည် စေတနာသဒ္ဒါတရား ထက်သန်သောနိုင်ငံဖြစ်သည့်အလျောက် ဒေသခံ ပြည်သူများ ရေရှည်အတွက် ထိရောက်ပြီး အကျိုးရှိစေမည့် ယခုကဲ့သို့ စီးပွားရေး လုပ်ငန်းရှင်များနှင့် အလှူရှင်များ၏ လှူဒါန်းမှုများကို ဝမ်းမြောက်စွာ ကြိုဆိုနေပါကြောင်း၊
      မြန်မာနိုင်ငံအနေဖြင့် ၂၀၃၀ ခုနှစ်ခန့်တွင် လူတိုင်းလက်လှမ်းမီသောကျန်းမာရေးစနစ် ရရှိနိုင်ရေး ဦးတည် ဆောင်ရွက်နေစဉ်တွင် ယခုကဲ့သို့ ဆေးရုံဆေးခန်းများလှူဒါန်းမှုသည် လက်ရှိကာလ လိုအပ်ချက်နှင့် အလွန်ပင် သင့်လျှော်ပါကြောင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် လိုအပ်သောဝန်ထမ်းအင်အားနှင့် အခြား လိုအပ်ချက်များကိုလည်း ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း၊ ဆေးရုံ ရေရှည်တည်တံ့စေရန် အတွက် ဒေသခံပြည်သူများမှလည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ပူးပေါင်းပါဝင် ကူညီစောင့်ရှောက် ပေးစေလိုကြောင်းဖြင့် ပြောကြားသည်။
    ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး ကမ္ဘောဇအနာဂတ်အလင်းတန်း မြန်မာဖောင်ဒေးရှင်း ဥက္ကဌ ဒေါ်နန်းလိ်ုင်းခမ်းက လှူဒါန်းရခြင်းအကြောင်းကို ရှင်းလင်း တင်ပြသည်။ ယင်းနောက် တိုက်နယ်ဆေးရုံသစ်၏အချက်အလက်များအား လွဲပြောင်းပေးအပ်ရာ လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက လွှဲပြောင်း လက်ခံပြီး ဒေသခံများကိုယ်စား မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာဇံမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်ကျော်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
    နေ့လည်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ နန့်ခုတ်စံပြ ကျေးရွာတွင်ကျင်းပသော 3MDG ရန်ပုံငွေဖြင့် UNOPS မှတည်ဆောက်သော ရှမ်းပြည်နယ် အတွင်းရှိ ကျေးလက်ကျန်းမာရေးဌာန(၂)ခုနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲ(၁၅)ခု စုစုပေါင်း(၁၇)ခုအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ လွဲပြောင်းပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြားသည်။           
    ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ UNOPS မှ Director Mr. Nicholas George ၊ 3MDG မှ Senior National Advisor ဒေါက်တာကျော်ညွန့်စိန်တို့က  အမှာစကားပြောကြားကြသည်။ ယင်းနောက် UNOPS မှ Mr. Yoga Nanda Baral က 3MDG ရန်ပုံငွေဖြင့် UNOPS မှတည်ဆောက်သော ရှမ်းပြည်နယ်အတွင်းရှိ ကျေးလက်ကျန်းမာရေးဌာန(၂)ခုနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲ(၁၅)ခု စုစုပေါင်း(၁၇)ခု အား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ လက်မှတ်ရေးထိုး လွှဲပြောင်းပေးအပ်ရာ ရှမ်းပြည်နယ် ဒုတိယပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ ဒေါက်တာစိုင်းဝင်းဇော်လှိုင်က လက်မှတ်ရေးထိုး လွှဲပြောင်းလက်ခံသည်။

 

     ဆက်လက်၍ ဟိုပုံးမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမောင်မောင်သိန်းက ဟိုပုံးမြို့နယ် လုံဟေးကျေးလက်ကျန်းမာရေးဌာနခွဲနှင့် နောင်ခုံးကျေးလက်ကျန်းမာရေးဌာနခွဲ၊ ဆီဆိုင်မြို့နယ် နားမွန်းကျေးလက် ကျန်းမာရေးဌာနခွဲတို့ တည်ဆောက်ရန်အတွက် မြေလှူဒါန်းပေးသောအလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ပြီး ဟိုပုံးမြို့နယ် နမ့်ခုတ်စံပြကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးခွန်နေထွန်းက ကျေးဇူးတင်စကားပြောကြား ကာ အခမ်းအနားကိုရုပ်သိမ်းခဲ့သည်။
    ဧပြီလ(၈)ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် တောင်ကြီးမြို့ အေးသာယာဒေသန္တရကျန်းမာရေး ဌာနသို့ ရောက်ရှိရာ အေးသာယာဆေးရုံမှ (တွဲဖက်တာဝန်) ဒေါက်တာလှမျိုးသွယ်၊ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်မိုးမိုးအေးနှင့် အထက်တန်းသူနာပြု ဒေါ်စန်းစန်းအေးတို့က နေ့စဉ်ဆောင်ရွက်မှုလုပ်ငန်းများအားတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို လမ်းညွှန်မှာကြား ဖြည့်ဆည်းပေးခဲ့ပြီး ကျန်းမာရေးဌာနအတွင်း လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့သည်။
    နေ့လည်ပိုင်းတွင် ဟဲဟိုးတိုက်နယ်ကျန်းမာရေးဌာန သို့ရောက်ရှိပြီး အခြေခံကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံ၍ နေ့စဉ်လုပ်ငန်းဆောင်ရွက်မှုများအား မေးမြန်းကာ လိုအပ်သည်များအား လမ်းညွှန်မှာကြားဖြည့်ဆည်း ပေးသည်။ ဆက်လက်၍ ဟဲဟိုးတိုက်နယ်ဆေးရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ တိုက်နယ်ဆရာဝန် ဒေါက်တာအာကာကျော်ဆွေက ဆေးရုံတွင် လိုအပ်လျက်ရှိသည်များကို တင်ပြပြီး ပြည်ထောင်စုဝန်ကြီးက ဖြည့်ဆည်းပေးကာ ရှေ့ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား လမ်းညွှန်မှာကြားသည်။

 

    ထို့နောက် ကလောမြို့နယ် နန်းပန်တက်ကျေးလက်ကျန်းမာရေးဌာနခွဲသို့ ရောက်ရှိပြီး သားဖွားဆရာမ ဒေါ်နုနုယဉ်က နေ့စဉ်လုပ်ငန်းဆောင်ရွက်မှုများကိုတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်ချက်များအား လမ်းညွှန်မှာကြားရာတွင် ကျေးလက်ကျန်းမာရေးဌာနခွဲများသည် ကျန်းမာရေးစနစ်တစ်ခုလုံး၏ ရှေ့တန်းတိုက်စစ်မှူးများသဖွယ် ဖြစ်၍ ကျေးလက်ကျန်းမာရေးဌာနခွဲများ၏ အရည်အသွေး ပြည့်ဝကောင်းမွန်လာလျင် ပြည်သူများ၏ ကျန်းမာရေးအဆင့်အတန်း သိသာစွာမြင့်မားတိုးတက်လာမည်ဖြစ်ကြောင်း ပြောကြားကာ ကျေးလက်ကျန်းမာရေးဌာနခွဲအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။

More Tags