ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး၏ Training & Conference Centre ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်

             ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ဇွန်လ(၂၄) ရက်နေ့ နံနက်ပိုင်းတွင် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး၏ Training & Conference Centre ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြားပါသည်။


 

              ပြည်ထောင်စုဝန်ကြီးကပြောကြားရာတွင် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး၏ Training & Conference Centre အား လာရောက်ဖွင့်လှစ်ရသည့်အတွက် အလွန် ဝမ်းမြောက်ရပါကြောင်း၊ Sea Lion ကုမ္ပဏီအနေဖြင့် မိမိတို့ရရှိလာသော အမြတ်အစွန်း၏တစ်စိတ်တစ်ဒေသကို Corporate Social Responsibility (CSR) အနေဖြင့် ပြန်လည် လှူဒါန်းခြင်းဖြစ်ပါကြောင်း၊ Training & Conference Centre များသည် ကောင်းမွန်သော ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့အစည်းတစ်ခုတွင် ရှိသင့်သော လက္ခဏာတစ်ရပ်ဖြစ်၍ ယခုကဲ့သို့သော Centre မျိုးသည် ရန်ကုန်ဆေးရုံကြီး၊ မန္တလေးဆေးရုံကြီးသာမက တိုင်းဒေသကြီး/ပြည်နယ်ရှိ ဆေးရုံကြီးများ၊ အထူးကုဆေးရုံကြီးများတွင်လည်း ရှိရန်လိုအပ်ပါကြောင်း၊ နိုင်ငံတကာတွင် ဤကဲ့သို့လှူဒါန်းသည့် အဆောက်အဦများ၊ ခန်းမများကို လှူဒါန်းသည့် ပုဂ္ဂိုလ်အမည် (သို့) အဖွဲ့အစည်းအမည်ကိုပေး၍ ခေါ်ဆိုသည့် သာဓကများလည်းရှိပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့်လည်း ယခုလှူဒါန်းသည့် ကုမ္ပဏီကဲ့သို့သော ကုမ္ပဏီများနှင့် စီးပွားရေးလုပ်ငန်းများမှ CSR အနေဖြင့် လှူဒါန်းထားမှုများကို စနစ်တကျ မှတ်တမ်းတင်ထားရှိမည်ဖြစ်ပြီး စနစ်တကျ၊ အကျိုးရှိ၊ ထိရောက်စွာ အသုံးပြုနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ယခု Centre ကိုလည်း ဆရာဝန်၊ သူနာပြု၊ ဓါတ်ခွဲ စသည့်အလွှာပေါင်းစုံမှ မိမိတို့ သက်ဆိုင်ရာပညာရပ်တိုးတက်စေရေး အားလုံးဝိုင်းဝန်း သုံးစွဲကြစေလိုပါကြောင်း၊ ဆေးရုံအုပ်ချုပ်မှု စီမံခန့်ခွဲမှုဆိုင်ရာပညာရပ်များ ဖွံဖြိုးရေးအတွက်လည်း အသုံးပြုကြစေလို ပါကြောင်း၊ ဆေးရုံအုပ်ကြီးနှင့် ဆေးရုံစီမံခန့်ခွဲသူများအနေဖြင့်လည်း ဤ Training & Conference Centre ကို စနစ်တကျ ထိရောက်စွာ အသုံးပြုနိုင်ရေး ဦးဆောင်စီစဉ်ပေးစေလိုပါကြောင်း၊ ဆေးလက်တွေ့ ပညာရပ်ဆိုင်ရာ ဝန်ထမ်းအားလုံး၏ အသိပညာ၊ အတတ်ပညာများကို တစ်စိတ်တစ်ဒေသအားဖြင့် မြှင့်တင်ပေးနိုင်မည့် Training & Conference Centre ကြီးဖြစ်ပါကြောင်း ဖြင့်ပြောကြားပါသည်။


 

             ထို့နောက် Sea Lion Group ၏ Managing Director ဒေါက်တာဝင်းဇော်အောင်မှ လှူဒါန်းရခြင်းအကြောင်းနှင့် စပ်လျဉ်း၍ပြောကြားကာ ပြည်ထောင်စုဝန်ကြီးထံသို့ Sea Lion Group မှ ဇန်နဝါရီလ ၂၀၁၂ မှ မတ်လ ၂၀၁၇ အတွင်း ဆောင်ရွက်ခဲ့သော Education, Training and CSR Support မှတ်တမ်းများကိုလွဲပြောင်းပေးအပ်ပါသည်။ ယင်းနောက် ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်ဟန်ထံသို့ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး၏ Training & Conference Centre တည်ဆောက်မွမ်းမံခဲ့သော မှတ်တမ်းများကို လဲွှပြောင်းပေးအပ်ရာ ညွှန်ကြားရေးမှူးချုပ်မှ ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည်ပေးအပ်ပါသည်။

           ထို့နောက် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာ တင်တင်မိုးမှ ကျေးဇူးတင်စကားပြောကြားပြီး အမှတ်တရမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကာ အခမ်းအနားပြီးဆုံးခဲ့ပါသည်။


 

           ယင်းနောက် ကုတင်(၃၀၀)ဆံ့ကလေးဆေးရုံကြီးတွင် ကျောက်ကပ်အစားထိုးကုသမှု ခံယူထားသည့် ကလေးနှစ်ဦးအား သွားရောက်ကြည့်ရှု၍ အားပေးစကားပြောကြားပြီးနောက် နှလုံးခွဲစိတ်ကုသဆောင် သို့ သွားရောက်ကြည့်ရှုကာ တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့ပါသည်။

        ပြည်ထောင်စုဝန်ကြီးသည် ပုသိမ်ကြီးမြို့နယ်၊ ဆင်ရွာကြီးကျေးရွာ ဘက်စုံကျန်းမာရေးသင်တန်းကျောင်းသို့ သွားရောက်ကြည့်ရှု၍ တာဝန်ရှိသူများ၊ ပြည်သူ့ကျန်းမာရေးကြီးကြပ်(၂)၊ Field Epidemiology Training Programme (FETP) သင်တန်းသား/သူများနှင့် တွေ့ဆုံကာ လိုအပ်သည်များကို လမ်းညွှန်မှာကြားပါသည်။


 

          ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဝန်ထမ်းအိမ်ယာများနှင့် မန္တလေးခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးတို့အား သွားရောက်ကြည့်ရှု၍ တာဝန်ရှိသူများအား လိုအပ်သည်များကို လမ်းညွှန်မှာကြားပါသည်။

 
 

More Tags