ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး မကွေးတိုင်းဒေသကြီးခရီးစဉ်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာမြင့်ဟန်၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်၊ ကျန်းမာရေးလူ့စွမ်းအားအရင်း အမြစ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်တင်လေးတို့ လိုက်ပါလျှက် သြဂုတ်လ (၂၆)ရက် နံနက်(၇:၃၀)နာရီတွင် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ရှိ အခြေခံကျန်းမာရေး တက္ကသိုလ်သို့ ရောက်ရှိပြီးဝန်ထမ်းများနှင့်တွေ့ဆုံပါသည်။


 

     ရှေးဦးစွာ အခြေခံကျန်းမာရေးတက္ကသိုလ်၊ ပါမောက္ခချုပ်၊ ပါမောက္ခဒေါက်တာထင်ဇော်စိုး က တက္ကသိုလ်နှင့်ပါတ်သက်၍ စီမံဆောင်ရွက်နေမှုအား ရှင်းလင်းတင်ပြပြီး ပြည်ထောင်စု ဝန်ကြီးကအမှာစကားပြောကြားရာတွင် သုတေသနများ ပိုမိုဆောင်ရွက်ရေး၊ ပြည်ပတက္ကသိုလ်များ နှင့် ချိတ်ဆက်၍ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ အပြန်အလှန်စေလွှတ် ဆွေးနွေး ဖလှယ်သင်ကြားရေး၊ အသစ်ပြင်ဆင်ထားသော သင်ရိုးညွှန်းတမ်းကို ပြန်လည်သုံးသပ်ရေး၊ ဧည့်ကထိကနှင့် ပါမောက္ခများ ဖိတ်ခေါ်သင်ကြားရေး၊ English ဘာသာရပ်အတွက် multimedia အခန်း အဆင့်မြှင့်တင်ရေး၊ သင်ကြားရေးနှင့် စီမံခန့်ခွဲရေးဆိုင်ရာကိစ္စရပ်များအား ပြောကြားပါသည်။ ထို့နောက် အတူလိုက်ပါလာသော ညွှန်ကြားရေးမှူးချုပ်များက ဦးစီးဌာန အလိုက် လုပ်ငန်းဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းဆွေးနွေးမှာကြားကြပြီး တက်ရောက် လာကြသော ပါမောက္ခ/ဌာနမှူးများ၊ ကထိကများ၊ နည်းပြများ၊ သရုပ်ပြများနှင့် ဝန်ထမ်းများက သင်ကြားရေး ကိစ္စများနှင့် လိုအပ်သည်များကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့ပါသည်။

     ဆက်လက်၍ စလင်းမြို့နယ် တောစိမ့် ကွင်းဆင်းလေ့ကျင့်ရေးဌာနသို့ ရောက်ရှိရာ အခြေခံကျန်းမာရေးတက္ကသိုလ် ပါမောက္ခချုပ်နှင့် ကွင်းဆင်းလေ့ကျင့်ရေးဌာနမှ တာဝန်ရှိသူ များက သင်ကြားလေ့ကျင့်ရေးဆိုင်ရာများအား ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ခွဲခြမ်းစိတ်ဖြာတတ်သောစိတ်နှင့် ဆန်းစစ်နှိုင်းချိန်အကဲဖြတ်တတ်သော အတွေး အခေါ်များ ရှင်သန်ဖွံ့ဖြိုးရေးအတွက် လေ့ကျင့်ပေးရေး၊ ကျင့်ဝတ်နှင့်အညီ အသင်းအဖွဲ့စိတ်ဓါတ်ဖြင့် အကောင်အထည်ဖော် ပူးပေါင်းဆောင်ရွက်ရေးနှင့် ကျန်းမာရေး အသိပညာမြှင့်တင်ရေး ဆောင်ရွက်ရာတွင် ဂရုပြုရမည့် အရေးကြီးအချက်များကို ရှင်းလင်းဆွေးနွေးရန် ပြောကြားခဲ့ပြီး အတူလိုက်ပါလာသော ညွှန်ကြားရေးမှူးချုပ်များက မိမိတို့ဌာနအလိုက် ဆောင်ရွက်ပေးနေမှု များကို ရှင်းလင်းပြောကြားပါသည်။ ယင်းနောက် ကွင်းဆင်းသင်တန်းကျောင်းအတွင်း လှည့်လည်ကြည့်ရှုကာ လိုအပ်သည်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ ပါသည်။


 

     ထို့နောက် စလင်းမြို့နယ်ပြည်သူ့ဆေးရုံသို့ ရောက်ရှိကြပြီး ဝန်ထမ်းများနှင့် တွေ့ဆုံရာတွင် မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးက ကုသရေးလုပ်ငန်းများ၊ ပြည်သူ့ ကျန်းမာရေးလုပ်ငန်းများ စီမံဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြပါသည်။ ယင်းနောက် ဝန်ထမ်းများက လိုအပ်ချက်များအား တင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက စာရင်းဇယားများ မှန်ကန်ရေး အလေးထားဆောင်ရွက်ရေး၊ မြွေဆိပ်ဖြေဆေးများ အာနိသင်ထိရောက်မှုကို သုသေတနပြုစစ်ဆေးရေး၊ လေအေးပေးစက်၊ ပန်ကာနှင့် လက်ဆေးစင်များ တိုးချဲ့တပ်ဆင်ရေး တို့ကို ပြောကြားကာ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့သည်။ ထို့နောက် ညွှန်ကြားရေးမှူးချုပ်များက လုပ်ငန်းဆောင်ရွက်ထားရှိမှု များအား ရှင်းလင်းပြောကြားကြပြီး ဆေးရုံတွင်းလှည့်လည် ကြည့်ရှုကာ လိုအပ်ချက်များအား ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။

     ဆက်လက်၍ ဥယျာဉ်ကျစ်ကျေးလက်ကျန်းမာရေးဌာနသို့ သွားရောက်၍ ဝန်ထမ်းများနှင့် တွေ့ဆုံရာ လက်ထောက်ကျန်းမာရေးမှူးက လုပ်ငန်းဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက စံပြကျန်းမာရေး သတင်းအချက် အလက်များ စာအုပ်ကို အခြေခံကျန်းမာရေးဝန်ထမ်းများအတွက် လက်ကိုင် (tablet) များဖြင့် ပံ့ပိုးပေးမည် ဖြစ်ကြောင်း၊ သားဖွားသိပ္ပံဘွဲ့သင်တန်း စီစဉ်ပေးတော့မည်ဖြစ်ကြောင်း၊ မိခင်နှင့် ကလေး သေဆုံးမှုနှုန်း လျော့ကျစေရန် အဓိကအရေးကြီးသော ဝန်ထမ်းများနှင့် လူထုနှင့် တိုက်ရိုက်ထိတွေ့သော ဌာနခွဲဖြစ်ကြောင်း၊ ပြည်သူ့ကျန်းမာရေးကြီးကြပ်(၂)သင်တန်း သင်ရိုးနှင့် သင်တန်း ကြာချိန်ကို သုံးသပ်လျက်ရှိကြောင်း၊ ပြည်သူ့ကျန်းမာရေးကြီးကြပ်(၂)များအတွက် ဝတ်စုံသတ်မှတ်ပေးမည်ဖြစ်ကြောင်း၊ ဆေးနှင့်ဆေးပစ္စည်းထားသိုမှု၊ ကျန်းမာရေးအသိပညာ မြှင့်တင်ရေး ဆောင်ရွက်ရန်တို့ကိုပြောကြားပါသည်။


 

     ညနေပိုင်းတွင် မကွေးတိုင်းဒေသကြီးပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိ၍ ဝန်ထမ်းများနှင့် တွေ့ဆုံရာ တိုင်းဒေသကြီးကုသရေးဦးစီးဌာနမှူးက လူနာလက်ခံကုသပေးနေမှု အခြေအနေ၊ တိုးချဲ့အဆောက်အဦး တည်ဆောက်မှုအခြေအနေ၊ ဝန်ထမ်းအင်အားနှင့် လုပ်ငန်းဆောင်ရွက် နေမှုတို့အား ရှင်းလင်းတင်ပြပြီး ဆရာဝန်၊ သူနာပြုနှင့် ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ဖြည့်ဆည်းပေးကာ အမှာစကားပြောကြားရာတွင် ဆေးရုံလူနာ ဆောင်များနှင့် ဆေးဝါးသိုလှောင်မှုကိစ္စရပ်များဆွေးနွေးခြင်း၊ ဆေးဝါးများရက်လွန် ခြင်းမဖြစ်စေရန် Indent system ကို သုံးသပ်ပြီးဖြစ်ရာ လိုက်နာဆောင်ရွက်ရမည့်စနစ်ကို မကြာခင် ချမှတ်ပေးရေး၊ ဆေးကုသမှုဆိုင်ရာ သုတေသနများ ပိုမိုဆောင်ရွက်ရေး၊ လူငယ် မျိုးဆက်များကို ဝေမျှ၍ စိတ်ဝင်စားမှုမြှင့်မားလာစေရန် စဉ်းစား၍ ဆောင်ရွက်ရေး၊ ဝန်ထမ်း အိမ်ရာများ၊ ဆေးရုံကြီးကြပ်မှုကော်မတီဆေးဆိုင်၊ ဝန်ထမ်းသက်သာစရိတ်နှင့် စားသောက်ဆိုင် များဖွင့်လှစ်နိုင်ရေးတို့ကို ပြောကြားပါသည်။ ယင်းနောက် ညွှန်ကြားရေးမှူးချုပ်များက လုပ်ငန်းဆောင်ရွက်နေမှုအပေါ် အားဖြည့် ဆောင်ရွက်ပေးနိုင်မှုများအား ရှင်းလင်းပြောကြား ကြပါသည်။


 

     ပြည်ထောင်စုဝန်ကြီးသည် သြဂုတ်လ(၂၇)ရက် နံနက်(၇:၃၀)နာရီတွင် မကွေးတိုင်းဒေသ ကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့်အတူ မကွေးမြို့၊ သူနာပြုနှင့် သားဖွား သင်တန်းကျောင်းသို့ ရောက်ရှိကာ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့်တွေ့ဆုံ ရာတွင် ကျောင်းအုပ်ကြီးက သင်ကြားရေးဆိုင်ရာများ၊ စီမံ အုပ်ချုပ်ရေးဆိုင်ရာ များကိုရှင်းလင်း တင်ပြပါသည်။ ထို့နောက် ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုနှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးတို့က သြဝါဒလမ်းညွှန်အမှာစကား များ ပြောကြားပါသည်။ ပြည်ထောင်စုဝန်ကြီးကပြောကြားရာတွင် သူနာပြုများလေ့ကျင့် မွေးထုတ်နိုင်ရေးကိစ္စရပ်များကို တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ သူနာပြုဝတ်စုံစရိတ်နှင့် ရာထူးဝင်ပေါက်လစာများ တိုးမြှင့်ဆောင်ရွက်ထားပြီးဖြစ်ကြောင်း၊ သူနာပြုနှင့် သားဖွား သင်တန်းကျောင်း ကျောင်းအုပ်ကြီးများ၏ ရာထူးတိုးမြှင့် တင်ပေးနိုင်ရန် ဖွဲ့စည်းပုံပြင်ဆင် ရေးဆွဲရေး၊ သူနာပြုလိုအပ်ချက်အရ သင်တန်းပြီးပါက ကျင့်ဝတ်နှင့်အညီ(၃)နှစ်ခန့် အကျိုးပြု လုပ်ကိုင်ဆောင်ရွက်ရေး၊ စဉ်ဆက်မပြတ် သူနာပြုစုမှုပညာသင်ကြားရေး ပိုမိုအားဖြည့် ဆောင်ရွက်ရေး၊ နည်းပြအင်အား တောင့်တင်းစေရန် အငြိမ်းစားဝန်ထမ်းများအား ကျွမ်းကျင် ဝန်ထမ်းအဖြစ် ခန့်ထားနိုင်ရေး၊ ဆေးပညာသင်ကြားရေးဆိုင်ရာ သင်တန်းများ ပိုမို တက်ရောက်နိုင်ရေးနှင့် နေပျော်သောသင်ကြားမှု ပတ်ဝန်းကျင်ဖြစ်စေရေးတို့ကို ပြောကြား ပါသည်။ ယင်းနောက် ဆရာမများ၊ ကျောင်းသား ကျောင်းသူများက လိုအပ်ချက်များကို တင်ပြကြရာ ပြည်ထောင်စု ဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များက ရှင်းလင်းပြောကြား ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး သင်တန်းကျောင်းအတွင်း လှည့်လည်ကြည့်ရှုကြပါသည်။


 

     နေ့လည်ပိုင်းတွင် ဆေးတက္ကသိုလ်၊မကွေးသို့ ရောက်ရှိကြပြီး ဝန်ထမ်းများ၊ ကျောင်းသား ကိုယ်စားလှယ်များနှင့်တွေ့ဆုံရာ ပါမောက္ခချုပ်၊ ပါမောက္ခ ဒေါက်တာခင်ဇော်က တက္ကသိုလ်၏ သင်ကြားရေး၊ စီမံရေး ဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက သင်ကြားရေးဆိုင်ရာ အဆင့်မြှင့်တင်ရေးကိစ္စရပ်များနှင့် အုပ်ချုပ်ရေး ဆိုင်ရာကိစ္စရပ်များ ဆွေးနွေးညှိနှိုင်းခြင်း၊ ဆေးပညာကျင့်ဝတ်များကို ပထမနှစ်မှစ၍ နိယာမများ သာမက ကိစ္စဖြစ်စဉ်များကို အခြေခံ၍ သင်ကြားသောစနစ်ဖြင့် သင်ကြားရေး၊ သုတေသန အခြေခံနှင့် စာရင်းအင်းများကိုလည်း နှစ်စဉ်သင်ရိုးတွင် ထည့်သွင်းသင်ကြားရေး၊ သုတေသန ကျင့်ဝတ်နှင့် တွေ့ရှိချက်များ ပြန်လည်ရှင်းလင်းတင်ပြခြင်းများကို ပိုမိုသင်ကြားရေး၊ သုတေသန ကျင့်ဝတ်ကော်မတီကို ပြန်လည်ဆန်းစစ်၍ လိုအပ်သည့် စာအုပ်/စာရွက်စာတမ်းများ ဝယ်ယူ ဖြည့်ဆည်းရေး၊ ရူပဗေဒဌာနမှ ဓါတ်ရောင်ခြည်နှင့်ပတ်သက်သည့် သင်ခန်းစာများ ပိုမို ထည့်သွင်းသင်ကြားရေး၊ သင်ကြားရေးဆေးရုံကြီးများတွင် စာသင်ခန်းကြီးများ၊ ဆွေးနွေး ခန်းများ ထည့်သွင်းဆောင်ရွက်ရေး၊ ပညာရှင်များနှင့် virtual research unit တစ်ခု ထူထောင်ထားရှိရေးတို့ကို ပြောကြားပြီး ညွှန်ကြားရေးမှူးချုပ်များက နှုတ်ခွန်းဆက် အမှာစကားများ ပြောကြားကြပါသည်။ ယင်းနောက် ဆရာ၊ ဆရာမများ ကျောင်းသား ကိုယ်စားလှယ်များက သိရှိလိုသည်များမေးမြန်းပြီး လိုအပ်ချက်များတင်ပြကြရာ ပြည်ထောင်စု ဝန်ကြီးနှင့် ညွှန်ကြားရေးမှုးချုပ်များက ပြန်လည်ရှင်းလင်းဖြေကြားကြပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးကာ တက္ကသိုလ်အတွင်း လှည့်လည်ကြည့်ရှုခဲ့ပါသည်။

 
 

More Tags