ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေး ဂျပန်-မြန်မာချစ်ကြည်ရေးအသင်း နာယက Mr. Hideo WATANABE နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

Union Minister Dr.Myint Htwe receives Japan House of Councilor and Patron of Japan-Myanmar Association Mr.Hideo Watanabe and party

နေပြည်တော်၊ (၂၀၁၉) ခုနှစ်၊ ဇွန်လ (၁၅) ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် နံနက်ပိုင်းတွင် ဂျပန်နိုင်ငံ House of Councilor နှင့် ဂျပန် - မြန်မာချစ်ကြည်ရေးအသင်း နာယက Mr. Hideo WATANABE နှင့်အဖွဲ့အား ဝန်ကြီးရုံး၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။


 

     ယင်းသို့တွေ့ဆုံရာ၌ ဂျပန်-မြန်မာချစ်ကြည်ရေးအသင်း နာယက Mr. Hideo WATANABE က မြန်မာနိုင်ငံ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ဂျပန်နိုင်ငံတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသော ကျန်းမာရေးစီမံကိန်းများ အဆင်ပြေချောမောမှု ရှိမည်ဟုယူဆပါကြောင်း၊ ဂျပန်နိုင်ငံရှိ တက္ကသိုလ် (၆)ခု (Kanazawa, Kumamoto, Chiba, Okayama, Niigata, Nagasaki) ၌ မြန်မာနိုင်ငံမှ ဆရာဝန်များ ပညာသင်စေလွှတ်ခဲ့သည့် (၄) ခွဲ စီမံချက်သည် မကြာမီပြီးဆုံးတော့ မည်ဖြစ်၍ လာမည့် ဩဂုတ်လ (၆)ရက်နေ့တွင် စီမံချက်ပြီးဆုံးသည့် အခမ်းအနားတွင် ဂျပန်နိုင်ငံ၌ ပညာသင်ကြားခဲ့သည့် ပညာတော်သင် ဟောင်းများ၊ ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးနှင့် အဆင့်မြင့်အရာရှိကြီးများ တက်ရောက်စေလိုပါကြောင်း၊

     ဂျပန်နိုင်ငံတွင် ပညာသင်ကြားခဲ့သော မြန်မာကျောင်းသားများသည် အခြားနိုင်ငံမှ ကျောင်းသားများနှင့် နှိုင်းယှဉ်လျှင် ဉာဏ်ရည်မြင့်မားပြီး သိလွယ်၊ တတ်လွယ်သူများဖြစ်သည်ဟု ဂျပန် တက္ကသိုလ်များမှ ဆရာများက ချီးကျူးကြပါကြောင်း၊ ပြည်တွင်းဘွဲ့ရရှိသူများနှင့် ဂျပန်နိုင်ငံမှ ဘွဲ့ လွန်ရရှိပြီး ပြန်လာသူများ ပူးပေါင်းဆောင်ရွက်လျှင် ပိုမိုအကျိုးရှိ တိုးတက်မည်ဟု မိမိယုံကြည် ပါကြောင်း၊ SEISA Group မှလည်း လာမည့်အိုလံပစ်အားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် မည့် မြန်မာအားကစားသမားများအတွက် လေ့ကျင့်ပေးရန်နှင့် လိုအပ်သည့်အကူအညီများ ပေးအပ်မည်ဖြစ်ပါကြောင်း၊ ယခုလက်ရှိ ကရာတေးအားကစားနည်းအတွက် (၃) ယောက် လေ့ကျင့်ပေးလျက်ရှိပြီး အခြားအားကစားသမားများလည်း လိုအပ်သလို လေ့ကျင့်ပေးနိုင်ပါကြောင်း၊

     ဂျပန်နိုင်ငံမှဆရာဝန်များသည် မြန်မာနိုင်ငံသို့ပူးပေါင်း၍ ဆေးကုသမှုများဆောင်ရွက်ရန် လာရောက်လျက်ရှိရာ ဂျပန်နိုင်ငံထုတ်ဆေးဝါးများ တင်သွင်း၍ကုသခွင့်ရလျှင် မြန်မာပြည်သူများ အတွက် ပိုမိုအကျိုးရှိမည်ဖြစ်ပါကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာအနေနှင့် မဖြစ်နိုင်လျှင် သီလဝါအထူးစီးပွားရေးဇုန်အတွက် ဆောင်ရွက်ပေးစေလိုပါကြောင်းနှင့် ဂျပန်နိုင်ငံမှ Dental Chair (၅) လုံးကို မကြာမီ ပေးပို့လှူဒါန်းလိုပါကြောင်းဖြင့် ဆွေးနွေးပြောကြားပါသည်။


 

     ပြည်ထောင်စုဝန်ကြီးက ပြန်လည်ပြောကြားရာတွင် ယခုကဲ့သို့ မြန်မာနိုင်ငံသို့ တက်ကြွစွာ မကြာခဏလာရောက်ပြီး ကျန်းမာရေးကဏ္ဍကို ပံ့ပိုးကူညီဆောင်ရွက်စေသည့်အတွက် အလွန် ကျေးဇူးတင် ပါကြောင်း၊ မြန်မာနိုင်ငံမှ စေလွှတ်ခဲ့သော ထူးချွန်သည့် ပညာတော်သင်များအတွက်လည်း များစွာဂုဏ်ယူပါကြောင်း၊ လာမည့်အိုလံပစ် အားကစားပြိုင်ပွဲအတွက် လေ့ကျင့်ပြင်ဆင်လျက်ရှိပြီး ယှဉ်ပြိုင်မည့် အားကစားနည်းများ မိမိတို့သတ်မှတ်ဆုံးဖြတ်ပြီးပါက လိုအပ်သည်များ ပံ့ပိုးကူညီမည့် SEISA Group အားလည်း ကျေးဇူးတင်ပါကြောင်း၊

မိမိတို့အစိုးရသစ် တာဝန်ယူပြီးသည့် ၂၀၁၆ ခုနှစ်၊ ဧပြီလမှစ၍ မိတ်ဘက်အဖွဲ့အစည်း အသီးသီးက ပေးအပ်ခဲ့သည့် အကူအညီများကို စာအုပ်ပြုစုမည်ဖြစ်ပါကြောင်း၊ ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံ၏ ကျန်းမာရေး ကဏ္ဍကို အဘက်ဘက်မှ အကူအညီ အများအပြားပေးလျက်ရှိသည့်အတွက် သီးခြားအစီရင်ခံ ပြုစုထုတ်ဝေမည်ဖြစ်ကြောင်း၊ ဂျပန်နိုင်ငံတက္ကသိုလ်အသီးသီးနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သော စီမံချက်များ၊ ဆေးရုံစီမံချက်များ၊ ပညာတော်သင်စေလွှတ်ခဲ့မှုများ အပါအဝင် ခြုံငုံသုံးသပ်ပြုစုစေမှာ ဖြစ်ပါကြောင်း၊

"ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး" ဟူသော ဆောင်ပုဒ်နှင့်အညီ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ ဆောင်ရွက်ရန် မိမိတို့ဦးစားပေးဆောင်ရွက်ခဲ့သည့်အတွက် အချို့ဌာနများတွင် ဆောင်ရွက်နေသော်လည်း မိမိတို့ဝန်ထမ်းများ၏ ကျန်းမာရေးကို ပိုမိုအလေးထားသည့်အနေဖြင့် အလုပ်ချိန်အတွင်း ညနေပိုင်း နာရီဝက်ခန့် လုပ်လက်စအလုပ်များ ခေတ္တရပ်ပြီး ကိုယ်လက်လှုပ်ရှားအားကစားများ စုပေါင်း ဆောင်ရွက်ခြင်း ကို မဖြစ်မနေ ဆောင်ရွက်စေမည်ဖြစ်ပါကြောင်း၊ စားပွဲတင်တင်းနစ်နှင့် ကြက်တောင်ရိုက်အားကစားကွင်းများကိုလည်း ရနိုင်သလောက် ပံ့ပိုးပေးသွားမှာဖြစ်ကြောင်း၊ အရည်အသွေးကောင်းမွန်သော ဂျပန်ဆေးဝါးများကို မြန်မာနိုင်ငံသို့ တင်သွင်းခွင့်ရရှိရန် ပံ့ပိုးဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းနှင့် ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံအတွက် ပံ့ပိုးကူညီမှုများအတွက် ကျေးဇူးတင်ရှိပါကြောင်းနှင့် မိမိတို့အနေဖြင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းဖြင့် ပြန်လည်ဆွေးနွေး ပြောကြားခဲ့ပါသည်။


 

     အဆိုပါတွေ့ဆုံပွဲ၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်များဖြစ်သော ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းနှင့် ဒေါက်တာသာထွန်းကျော်၊ ညွှန်ကြားရေးမှူးချုပ် (ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန) ဒေါက်တာတင်တင်လေး၊ ညွှန်ကြားရေးမှူးချုပ် (အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန)ပါမောက္ခဒေါက်တာခင်ဇော်၊ ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန) ဒေါက်တာစိုးဦး၊ ဂျပန် - မြန်မာချစ်ကြည်ရေးအသင်း၏ Managing Director ဖြစ်သူ Mr. Yusuke WATANABE၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှ အတွင်းဝန် ဖြစ်သူ Mr. Kazuyuki TAAKIMI နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။


 
 
 
 

More Tags