ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေး၏ ကယားပြည်နယ်ခရီးစဉ်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးသည် တာဝန်ရှိသူ များလိုက်ပါလျှက် ကယားပြည်နယ်အစိုးရ၊ လူမှုရေးဝန်ကြီး ဒေါက်တာအောင်ကျော်ဌေး နှင့်အတူ အောက်တိုဘာလ(၂၁)ရက်နေ့ နံနက်ပိုင်းတွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ ကုသရေးဦးစီးဌာန၏ (၆)ခန်းတွဲ၊ (၄)ထပ် ဝန်ထမ်းအိမ်ယာတည်ဆောက်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိလာရာ လွိုင်ကော်ပြည်သူ့ ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာရန်နိုင်မောင်နှင့် ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ တာဝန်ရှိသူ များက ဝန်ထမ်းအိမ်ယာတည်ဆောက်ရေးလုပ်ငန်းအခြေအနေများကိုရှင်းလင်းတင်ပြရာ ပြည်ထောင်စု ဝန်ကြီးက အပိုင်းလိုက်၊ အဆင့်လိုက် ဆောင်ရွက်ရမည့် ကိစ္စရပ်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်း ပေးခဲ့ပါသည်။

     ထိုနောက် လွိုင်ကော်ပြည်သူ့ဆေးရုံကြီးသို့ရောက်ရှိပြီး ဝန်ထမ်းများနှင့်တွေ့ဆုံရာတွင် ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာခင်မောင်ရင်က ကယားပြည်နယ်အတွင်း ဆောင်ရွက်လျက်ရှိသော ကုသရေးလုပ်ငန်းများ၊ စီမံခန့်ခွဲရေးလုပ်ငန်းများ၊ တည်ဆောက်ရေးလုပ်ငန်းများ၊ ဘဏ္ဍာရေးကိစ္စရပ်များ၊ ဝန်ထမ်းရေးရာကိစ္စရပ်များ၊ ဆေးဝါးများဝယ်ယူဖြန့်ဖြူးမှု အခြေအနေများကို ရှင်းလင်းတင်ပြပါသည်။ ဆက်လက်၍ လွိုင်ကော်ပြည်သူ့ဆေးရုံကြီး၏ ဆေးရုံအုပ်ကြီး ဒေါက်တာ ရန်နိုင်မောင်က ဆေးရုံကြီး ၏လုပ်ငန်းဆောင်ရွက်နေမှုများ၊ အောင်မြင်မှုများ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြပါသည်။


 

     ယင်းနောက် ပြည်ထောင်စုဝန်ကြီးကပြောကြားရာတွင် ယခုကဲ့သို့ လွိုင်ကော်ပြည်သူ့ဆေးရုံကြီးကို သန့်ရှင်းသပ်ရပ်စွာဖြင့် လူနာများ၏စိတ်ကျေနပ်နှစ်သက်မှုရရှိစေရေး ဆောင်ရွက်ပေးလျက်ရှိသည့် ဆေးရုံအုပ်ကြီးအပါအဝင် ဝန်ထမ်းများအားလုံးကို ချီးကျူးဂုဏ်ပြုပါကြောင်း၊ ဆေးရုံကြီးတစ်ရုံ၏ဘက်စုံ ဝန်ဆောင်မှုများ ကောင်းမွန်စေရေးအတွက် ဆေးရုံအုပ်ကြီးအပါအဝင် ဝန်ထမ်းအားလုံးသည် ထပ်တူထပ်မျှ အရေးပါသည်ဖြစ်ပါကြောင်း၊ တိုက်နယ်ဆေးရုံများသည် ကုသရေးလုပ်ငန်းများ၏ ရှေ့တန်းတိုက်စစ်မှူး များသဖွယ်ဖြစ်၍ တိုက်နယ်ဆေးရုံများတွင် ကုသရေးလုပ်ငန်းများ အရည်အသွေးကောင်းမွန်ထိရောက် အောင် ဆောင်ရွက်နိုင်ပါက ဆေးရုံကြီးများသို့ လာရောက်ကုသသော လူနာပမာဏ နည်းပါးသွားမည် ဖြစ်ပါကြောင်း၊ တိုက်နယ်ဆရာဝန်များ၏ ကုသရေးအရည်အသွေး တိုးတက်စေရေးအတွက် ဆေးရုံကြီး များသို့ (၁)လခန့် တွဲဘက်ချထားပေးမည်ဖြစ်ကြောင်း၊ ဆက်လက်၍ တင်ပြတောင်းခံသည်များအနက်မှ ဖြည့်ဆည်းပေးနိုင်သည်များကို ချက်ချင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး အပိုင်းလိုက်၊ အဆင့်လိုက် ဆောင်ရွက်ရမည့်ကိစ္စရပ်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးပြီး ဆေးရုံကြီးအတွင်း လှည့်လည်ကြည့်ရှုပါသည်။


 

     ပြည်ထောင်စုဝန်ကြီးသည် မွန်းလွဲပိုင်းတွင် လွိုင်ကော်မြို့၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း သို့ရောက်ရှိပြီးဆရာမများ၊ သင်တန်းသားများ၊ သင်တန်းသူများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံရာတွင် ကျောင်းအုပ်ကြီးဒေါ်နီနီဝင်းက သင်ကြားရေးကိစ္စရပ်များ၊ စီမံအုပ်ချုပ်ရေးကိစ္စရပ်များ၊ စည်းကမ်းထိန်း သိမ်းရေးနှင့် လုံခြုံရေးကိစ္စရပ်များ၊ ဘဏ္ဍာရေးနှင့် တည်ဆောက်ရေးကိစ္စရပ်များအား ရှင်းလင်းတင်ပြ ပါသည်။

     ယင်းနောက် ပြည်ထောင်စုဝန်ကြီးကပြောကြားရာတွင် သူနာပြု/သားဖွားကဏ္ဍသည် ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန၏ အဓိကအားပေးမြှင့်တင်လျက်ရှိသည့် ကဏ္ဍတစ်ခုဖြစ်ပါကြောင်း၊ ဆေးရုံ တက်လူနာများ၏ စိတ်ချမ်းသာမှုရရှိရေးတွင် သူနာပြုများ၏စွမ်းဆောင်ရည်နှင့် အရည်အသွေး မြင့်မားမှုသည် အလွန်အရေးပါသကဲ့သို့ သားဖွားဆရာမများ၏ စွမ်းဆောင်ရည်မြင့်မားမှုသည် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများတွင် အလွန်အရေးပါကြောင်း၊

     သားဖွားဆရာမများအတွက် သားဖွားသိပ္ပံဘွဲ့ပေးအပ်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့အတူလက်ရှိသစ်လွင်သားဖွားများ၏ သားဖွားဆိုင်ရာအရည်အသွေး မြင့်မားလာပြီး လက်တွေ့လုပ်ငန်း ကျွမ်းကျင်လာစေရန် သားဖွားလူနာဆောင်များ၊ အမျိုးသမီးဆေးရုံကြီးများသို့ အချိန်အတိုင်းအတာ တစ်ခုထိ တွဲဘက်တာဝန်ချထားပေးရန် စီစဉ်လျက်ရှိကြောင်း၊ လုပ်ငန်းခွင်ရှိသားဖွားဆရာမများ၊ ကျန်းမာရေးကြီးကြပ်(၂) အစရှိသည့် အခြေခံကျန်းမာရေး ဝန်ထမ်းများအတွက် လက်တွေ့လုပ်ငန်းခွင် မွမ်းမံသင်တန်းများကိုလည်း စတင်ရန်ဆောင်ရွက် လျက်ရှိကြောင်း၊ သူနာပြု/သားဖွားများ၏ ဝတ်စုံစရိတ်နှင့် စားစရိတ်များကို ခေတ်ကာလနှင့်လျော်ညီအောင် ပြင်ဆင်ပြောင်းလဲခဲ့ပြီးဖြစ်၍ စတင် ခံစားနေကြပြီဖြစ်ကြောင်း၊

     သူနာပြုများအနေဖြင့် ကျောင်းပြီးပါက နိုင်ငံတာဝန်ကိုအနည်းဆုံး (၃) နှစ်ခန့် တာဝန်ထမ်းဆောင် ကြစေလိုကြောင်း၊ သူနာပြု/သားဖွားများ၏ ပညာရေးတိုးတက်စေရေးအတွက် အင်္ဂလိပ်စာလေ့လာခြင်း၊ စာကြည့်တိုက်နှင့် အီလက်ထရောနစ်စာကြည့်တိုက် သုံးစွဲခြင်းများ ပြုလုပ်ကြစေလိုကြောင်းဖြင့်ပြောကြားပါသည်။


 

     ထို့နောက် သူနာပြုနှင့်သားဖွားသင်တန်းကျောင်းအတွင်း စာကြည့်တိုက်၊ သင်ကြားရေး အထောက် အကူပြုအခန်း၊ စာသင်ခန်းများအား လှည့်လည်ကြည့်ရှုပါသည်။

     ပြည်ထောင်စုဝန်ကြီးသည် ညနေပိုင်းတွင် လွိုင်ကော်မြို့ရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးသို့ ရောက်ရှိပြီး ရုံးသစ်တည်ဆောက်မည့်လုပ်ငန်းခွင်အား ကြည့်ရှု၍ လိုအပ်ချက်များအား လမ်းညွှန်မှာကြား ပါသည်။ ယင်းနောက် ဝန်ထမ်းများနှင့်တွေ့ဆုံရာတွင် ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီး ဌာနမှူး ဒေါက်တာခင်မောင်ရင်က ပြည်နယ်အတွင်းပြည်သူ့ ကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်နေ မှုများ၊ စီမံအုပ်ချုပ်ရေး၊ ဘဏ္ဍာရေး၊ တည်ဆောက်ရေး လုပ်ငန်းများ၊ ရောဂါနှိမ်နင်းရေးလုပ်ငန်းများအား ရှင်းလင်းတင်ပြပါသည်။


 

     ထို့နောက် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် မိမိတို့ဌာနခွဲအလိုက်၊ လုပ်ငန်း အလိုက်ဆောင်ရွက်နေမှုများကို မိမိတို့ကိုယ်တိုင် ပြန်လည်သုံးသပ်ခြင်းများ ဆောင်ရွက်၍ ယခုထက် ပိုမိုတိုးတက်စေရန် ဆောင်ရွက်ကြစေလိုကြောင်း၊ ဝန်ထမ်းအမျိုးအစားအလိုက် ဆောင်ရွက်ရမည့် တာဝန်များကို ပြန်လည်သုံးသပ်၍ အဓိကလုပ်ဆောင်ရမည့် တာဝန်များကို ဦးစားပေးဆောင်ရွက်ကြရန် ဖြစ်ပါကြောင်း၊ စာရင်းဇယားများမှန်ကန်တိကျမှုသည် မူဝါဒများ၊ မဟာဗျူဟာများချမှတ်ရာတွင် အလွန် အရေးပါသဖြင့် စာရင်းဇယားမှန်ကန်တိကျစေရန် အထူးအလေးထားဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊

     ပြည်သူများ၏ ကျန်းမာရေးအသိပညာမြင့်မားလာလျင် အဖြစ်များသောရောဂါများ လျော့နည်း ကျဆင်းလာမည်ဖြစ်၍ ဦးစားပေးဆောင်ရွက်ကြရန်၊ ကျောင်းကျန်းမာရေးမြှင့်တင်ရေး၊ အာဟာရမြှင့် တင်ရေး၊ မူးယစ်ဆေးစွဲမှုပြဿနာလျော့ကျရေး အစရှိသည်တို့ကို မိမိတို့ ဒေသအလိုက် သင့်တော်သည့် မဟာဗျူဟာ၊ နည်းဗျူဟာများ၊ ပြည်နယ်အစိုးရ၏ပံ့ပိုးမှု၊ မိတ်ဖက်အဖွဲ့အစည်းများ၏ ပူးပေါင်းပါဝင်မှု တို့ဖြင့် ဆောင်ရွက်ကြရန် မှာကြားပါသည်။

     ယင်းနောက် ဆရာဝန်များ၊ ဆရာမများ၊ ဝန်ထမ်းများ၏လိုအပ်ချက် တင်ပြချက်များ အနက်မှ ဖြည့်ဆည်းပေးနိုင်သည်များကို ချက်ခြင်းဖြည့်ဆည်းပေးခဲ့ပြီး၊ အပိုင်းလိုက်၊ အဆင့်လိုက် ဆောင်ရွက်ရမည့် ကိစ္စရပ်များကိုတာဝန်ရှိသူများက ညှိနှိုင်းပေးခဲ့ပါသည်။


 

     ပြည်ထောင်စုဝန်ကြီးသည် အောက်တိုဘာလ (၂၂) ရက်နေ့ နံနက်ပိုင်းတွင် လွိုင်ကော် မြို့နယ်၊ ကုန်းသာကျေးလက်ကျန်းမာရေးဌာနသို့ ရောက်ရှိရာလက်ထောက်ကျန်းမာရေးမှူး ဒေါ်ခင်နွဲ့မူက ပြည်သူ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု၊ ကာကွယ်ဆေး ထိုး၊ ဆေးတိုက်ကျွေးမှုအခြေအနေ၊ အာဟာရနှင့် ကျန်းမာရေး အသိပညာပေးခြင်း လုပ်ငန်းဆောင်ရွက် နေမှု၊ သက်ကြီးရွယ်အိုများ ကျန်းမာရေးစောင့်ရှောက်မှု ပေးနေခြင်းတို့အား ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ဖြည့်ဆည်းပေးနိုင်သည်များကို ချက်ခြင်းဖြည့်ဆည်းပေးပါသည်။ ယင်းနောက် ကျေးလက်ကျန်းမာရေးဌာနအတွင်း လှည့်လည် ကြည့်ရှုပါသည်။   


 

     ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်ပြည်သူ့ဆေးရုံသို့ ရောက်ရှိ ကာ ဆေးရုံအတွင်း ပြင်ပလူနာဌာန၊ ဆေးကုသဆောင်၊ ဓာတ်မှန်ဌာန၊ အရေးပေါ်ဌာနများသို့ လှည့်လည်ကြည့်ရှုပြီးနောက် ဝန်ထမ်းများနှင့်တွေ့ဆုံရာတွင် မြို့နယ်ပြည်သူ့ ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာနမှူး ဒေါက်တာကျော်ကျော်ဦးက ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ၊ စီမံအုပ်ချုပ်ရေး၊ ဘဏ္ဍာရေး၊ တည်ဆောက်ရေးကိစ္စရပ်မျာ၊ ဆေးဝါးများရရှိအသုံးပြုမှု အခြေအနေများအား ရှင်းလင်း တင်ပြပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး ကဆရာဝန်၊ ဆရာမများ၊ ဝန်ထမ်းများ၏ တင်ပြချက် များအပေါ် ဖြည့်ဆည်းပေးကာ အမှာစကားပြောကြားခဲ့ပါသည်။


 

     ပြည်ထောင်စုဝန်ကြီးသည် နေ့လည်ပိုင်းတွင် ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ရောက်ရှိပြီး ဝန်ထမ်းများနှင့်တွေ့ဆုံရာ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ ခင်သိန်းထွေးက ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ ကုသရေးလုပ်ငန်းများအား စီမံ ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက အမှာစကား ပြောကြားကာ ဝန်ထမ်းများ၏ လိုအပ်သည်များ တင်ပြချက်များအနက်မှ ဖြည့်ဆည်းပေးနိုင်သည်များကို ချက်ခြင်းဖြည့်ဆည်းပေးခဲ့ပြီး၊ အပိုင်းလိုက်၊ အဆင့်လိုက် ဆောင်ရွက်ရမည့် ကိစ္စရပ်များကို တာဝန်ရှိသူ များက ညှိနှိုင်းပေးခဲ့ပါသည်။ ယင်းနောက် ဆေးရုံတွင်း လှည့်လည်ကြည့်ရှုခဲ့ပါသည်။

More Tags