ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေး ကမ္ဘာ့လုံးဆိုင်ရာ ကာကွယ်ဆေးပူးပေါင်းဆောင်ရွက်မှု ဘုတ်အဖွဲ့ အစည်းအဝေး တက်ရောက်

            ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် ဇွန်လ(၁၃)ရက်မှ(၁၅)ရက်အထိကျင်းပခဲ့သော ကမ္ဘာလုံးဆိုင်ရာ ကာကွယ်ဆေး ပူးပေါင်းဆောင်ရွက်မှုဘုတ်အဖွဲ့အစည်းအဝေး(Gavi Alliance Board Meeting) သို့ တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးသို့ Gavi Board Member များ၊ WHO | UNICEF | Global Fund နှင့် World Bank စသည့် မိတ်ဘက်အဖွဲ့အစည်းများ၊ ကနေဒါ၊ UK ၊ နယ်သာလန်၊ ဂျပန်၊ သြစတြေးလျ၊ ဆွီဒင်၊ ကိုရီးယား၊ အမေရိကန်နိုင်ငံစသည့် အလှူရှင်နိုင်ငံများမှ ကိုယ်စားလှယ် များ၊ Bill and Melinda Gates Foundation မှ ကိုယ်စားလှယ်များ၊ CSO ကိုယ်စားပြု ကိုယ်စားလှယ်များ တက်ရောက်ကြပါသည်။

                 ပြည်ထောင်စုဝန်ကြီးသည် ဇွန်လ (၁၃)ရက်နေ့တွင် ကျင်းပသည့် ဖွံ့ဖြိုးဆဲနိုင်ငံများ ဆိုင်ရာ အစုအဖွဲ့ကိုယ်စားပြု Board Meeting ၊ Gavi Board Member များနှင့် Alternative Board Member များပါဝင်သည့် တံခါးပိတ်အစည်းအဝေးပွဲများသို့ တက်ရောက်ပါသည်။

 


 

                  ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးပြောကြားရာတွင် ကာကွယ်ဆေးများအာနိသင် မပျက်စီးစေရန် အအေးလမ်းကြောင်းထိန်းသိမ်း​စောင့်ရှောက်ရေးသည် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် များစွာ တာဝန်ကြီး ပြီး၊ အောင်မြင်စွာဆောင်ရွက်နိုင်ရန်အတွက်လည်း အခက်ခဲများစွာ တွေ့ကြုံရပါကြောင်း၊ အအေးလမ်းကြောင်းထိန်းသိမ်းရေးသည် အင်မတန်အရေးကြီးပြီး၊ အအေးလမ်းကြောင်းမမိ၍ ကာကွယ်ဆေးများ အာနိသင်ပျက်ပြားနိုင်သည့်အတွက် ဝေးလံခေါင်ဖျားဒေသများနှင့် သွားလာရန်ခက်ခဲသောဒေသများတွင် စာရင်းအရ ကာကွယ်ဆေးလုံခြုံမှု ရာခိုင်နှုန်းကောင်းမွန်သော်လည်း အဆိုပါဒေသများတွင် ကာကွယ်ဆေးဖြင့် ကာကွယ်နေသည့်ရောဂါများ (ဥပမာ- ဝက်သက်ရောဂါ၊ ကြက်ညှာချောင်းဆိုးရောဂါများ) ကြိုကြားကြိုကြား ကပ်ရောဂါအသွင် ဖြစ်ပွားလျက်ရှိသည်ကို တွေ့ရှိနေရသေးသည့်အတွက် အအေးလမ်းကြောင်း ထိန်းသိမ်းသည့်စနစ်အား အမြဲတမ်းကောင်းမွန်စေရန် တာဝန်ရှိသူအဆင့်ဆင့်မှ ပိုမိုကြီးကြပ် ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားပါသည်။

                ဇွန်လ (၁၄)ရက်နေ့တွင် အဆိုပါ Gavi Board Meeting အား ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့ရှိ Intercontinental Hotel တွင်ဆက်လက်ကျင်းပရာ အစည်းအဝေး သဘာပတိ အဖြစ် Gavi Board ၏ ဥက္ကဋ္ဌ Mrs. Ngozi Okonjo-Iweala မှ ဆောင်ရွက်ခဲ့ပါသည်။ အစည်းအဝေး သဘာပတိမှ ၂၀၁၆ခုနှစ်၊ ဒီဇင်ဘာလ (၇)ရက်နေ့နှင့် (၈)ရက်နေ့တို့တွင် အိုင်ဗရီကို့စ်နိုင်ငံ၊ Abidjan မြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် Gavi Alliance Board Meeting ၏အစီရင်ခံစာနှင့် အစည်းအဝေးဆုံးဖြတ်ချက် (၁၇)ချက်အား ဖတ်ကြားတင်သွင်းခဲ့ပါသည်။ ဆက်လက်ပြီး သက်တမ်းကုန်သွားသော Gavi Board Member များ၏ နေရာများ၌ Board Member အသစ်များ တာဝန်ပေးခန့်အပ်ခြင်းကိုဆောင်ရွက်ပြီး ၊ Gavi အဖွဲ့၏ ရန်ပုံငွေဆိုင်ရာကိစ္စရပ်များ၊ အရေးပေါ်အခြေအနေများတွင် ကာကွယ်ဆေးထိုးနှံပေးရေးဆိုင်ရာနှင့် အအေးလမ်းကြောင်း အဆင့်မြှင့်တင်ထိန်းသိမ်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ ၂၀၁၆-၂၀၂၀ အထိ ချမှတ်ထားသည့်နည်းဗျူဟာအလိုက် လုပ်ငန်းများဆောင်ရွက်ထားရှိမှု အခြေအနေများ၊ Gavi Board အဖွဲ့၏ CEO Mr. Seth Berkley မှ တစ်နှစ်တာလုပ်ငန်း ဆောင်ရွက်မှုအစီရင်ခံစာအားဖတ်ကြားတင်သွင်းခြင်း၊ ရန်ပုံငွေရရှိသုံးစွဲမှုဆိုင်ရာကိစ္စရပ်များနှင့် မိတ်ဘက်အဖွဲ့အစည်းများမှ ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာကိစ္စများကို ဆွေးနွေးကြပါသည်။

         အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးမှ တင်ပြဆွေးနွေးရာတွင် ကာကွယ်ဆေးထိုးလုပ်ငန်း အောင်မြင်ပြီးမြောက်မှုကိုတိုင်းတာရာတွင် (၅)နှစ်အောက် ကလေးသေဆုံးနှုန်းကို ကြည့်၍ တိုင်းတာခြင်းထက် ကာကွယ်ဆေးထိုး၍ကာကွယ်လျက်ရှိသော ရောဂါများဖြစ်ပွားမှု အခြေအနေဖြင့်တိုင်းတာပါက ပိုမိုသင့်တော်မည်ဖြစ်ပါကြောင်း၊ အဘယ်ကြောင့်ဆိုသော် (၅)နှစ်အောက်ကလေးသေနှုန်းအပေါ် လွှမ်းမိုးထားသည့် ပြဿနာများသည် ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသော ကူးစက်ရောဂါများအပြင်၊ အခြားပြဿနာများစွာလွှမ်းမိုးမှုရှိနေသည့်အတွက်ကြောင့်ဖြစ်ကြောင်း၊ ထို့အပြင် ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်များသည်လည်း တိကျမှန်ကန်ဖို့လိုအပ်ပါကြောင်း၊ ရည်ရွယ်ချက်တူရာလုပ်ဆောင်နေကြသည့် WHO ၊ UNICEF နှင့် Gavi အဖွဲ့များအတွင်း ယုံကြည်မှုရှိရန်လိုအပ်ပါကြောင်း၊ သို့မှသာ အခက်အခဲများကျော်လွှားနိုင်ပြီး လုပ်ငန်းများ ပိုမိုလွယ်ကူမှာဖြစ်သည့်အတွက် တစ်ဖွဲ့နှင့်တစ်ဖွဲ့ယုံကြည်မှုရရှိရန်လိုအပ်ပါကြောင်း၊ ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် Gavi လုပ်ငန်းဆိုင်ရာတာဝန်ခံများ ပြောင်းလဲသွားပါက လုပ်ငန်းများ အရှိန်အဟုန် မပျက်လုပ်ဆောင်သွားနိုင်ရေး General Framework on Governance ရေးဆွဲထားနိုင်ရန် လိုအပ်ပါကြောင်း တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းဆိုင်ရာ စာရင်းဇယားများအား သတင်းအချက်အလက်များအဖြစ်ပြောင်းလဲ၍ စိစစ်ခြင်း၊ ဆန်းစစ်ခြင်းနှင့် သက်ဆိုင်ရာသို့ တင်ပြခြင်းများ လုပ်ဆောင်တတ်သည့်အလေ့အကျင့်များရရှိရန်လိုအပ်သည့်အတွက် Gavi အဖွဲ့အနေဖြင့် အဆိုပါ လုပ်ငန်းအား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ရန်ပုံငွေအကူအညီပေး၍ ဖွံ့ဖြိုးဆဲနိုင်ငံများရှိ တာဝန်ရှိသူအဆင့်ဆင့်အား သက်ဆိုင်ရာသင်တန်းများပို့ချပေးရန် စီစဉ်ဆောင်ရွက်ပေးစေလိုပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။

           ဇွန်လ (၁၅)ရက်နေ့တွင် အစည်းအဝေးကိုဆက်လက်ကျင်းပရာ ပိုလီယိုရောဂါကင်းစင် ပပျောက်ရေးအတွက် ပါးစပ်မှအစက်ချသုံးမျိုးစပ် ပိုလီယိုဆေး (Oral Polio Vaccine) တိုက်ကျွေးခြင်းမှ နှစ်မျိုးစပ်ဆေးထိုးသည့် ပိုလီယိုကာကွယ်ဆေး (Injection Polio Vaccine) စနစ်သို့ပြောင်းလဲရာတွင် ရင်ဆိုင်ရသည့်အခက်အခဲများ၊ ပြဿနာများ၊ Oral Polio Vaccine မှ Injection Polio Vaccine သို့ အသွင်ကူးပြောင်းရေးစီမံချက် အဆင်ပြေစွာ ရေးဆွဲနိုင်ရေးကိစ္စရပ်များနှင့် ကမ္ဘာပေါ်တွင် " ပိုလီယိုရောဂါအမြစ်ပြတ်ချေမှုန်းရေး အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးနှစ် " သတ်မှတ်ရေးဆိုင်ရာကိစ္စရပ်များ၊ ကာကွယ်ဆေးများ အဆက်မပြတ်ရရှိနေစေရေးနှင့် ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရေးဆိုင်ရာကိစ္စရပ်များ၊ အလှူရှင်အသစ်များ ပိုမိုဆွဲဆောင်နိုင်ရေးကိစ္စရပ်များနှင့် Gavi ရန်ပုံငွေများ အကျိုးရှိစွာ အသုံးချနိုင်ရေးနှင့် အလွဲသုံးစားပြုမှုကာကွယ်နိုင်ရေးကိစ္စရပ်များ ဆွေးနွေးကြပါသည်။

         ပြည်ထောင်စုဝန်ကြီးမှ ဆွေးနွေးရာတွင် Gavi လုပ်ငန်းများဆန်းစစ်ရာ၌ သက်ဆိုင်ရာ နိုင်ငံများမှ တာဝန်ရှိသူများ၊ အဖွဲ့အစည်းများအား Ownership Sense ရရှိစေရေးအတွက် ဒီဇိုင်းဆွဲသည့်အချိန်မှစ၍ ပူးပေါင်းပါဝင်စေခြင်းဖြင့် သတိပြုရမည့် အချက်များကို အချိန်မီ သတိပြုနိုင်ပြီး၊ ပြုပြင်စရာရှိသည်များ အမြန်ဆုံးပြုပြင်စေရေး၊ လိုအပ်ပါက လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ဖြစ်နိုင်ပါက လုပ်ငန်းမစမီ Check List ပြုစု၍ ဆောင်ရွက်နိုင်ပါက ဆောင်ရွက်သင့်သည့်၊ ဆန်းစစ်သင့်သည့် လုပ်ငန်းအားလုံးပါဝင်သွားရန်ဖြစ်ပါကြောင်း၊ ထို့အပြင် Gavi ရန်ပုံငွေအား အလွဲသုံးစားပြုမှု ကာကွယ်နိုင်ရေးအတွက် အဆင့်ဆင့် ကြီးကြပ်ရမည့် လုပ်ငန်းစဉ်များအား ရှင်းရှင်းလင်းလင်းရေးဆွဲ၍ လမ်းညွှန်ထားရန် လိုအပ်ပါကြောင်း၊ ခေါင်းဆောင်မှုဆိုင်ရာ၊ စီမံခန့်ခွဲမှုဆိုင်ရာ၊ ငွေကြေးခွဲဝေသုံးစွဲမှု ဆိုင်ရာ၊ လုပ်ငန်းစဉ်များအားလည်း ရှင်းရှင်းလင်းလင်း အသိပေးဆောင်ရွက်ထားရှိရန် ဆွေးနွေးပါသည်။

          ဇွန်လ (၁၆)ရက်နေ့တွင် ကနေဒါနိုင်ငံ ကုလသမဂ္ဂဆိုင်ရာအမြဲတမ်းအဖွဲ့ရုံး၌ ကျင်းပသည့် The Multilateral Organization Performance Assessment Network (MOPAN) အစည်းအဝေးနှင့် သုတေသနတွေ့ရှိချက်ရှင်းလင်းပွဲသို့ ပြည်ထောင်စုဝန်ကြီးမှ တက်ရောက်ဆွေးနွေးရာတွင် MOPAN အဖွဲ့၏ သုတေသနတွေ့ရှိချက်များအား အကျိုးရှိစွာ အသုံးချနိုင်ရေးအတွက် သက်ဆိုင်ရာနိုင်ငံများရှိ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာအဖွဲ့များနှင့် တိကျသည့်လုပ်ငန်းစဉ်များချမှတ်၍ သုတေသနတွေ့ရှိချက်များအား သက်ဆိုင်ရာအဖွဲ့အစည်းများအားအသိပေးပြီး ပြုပြင်စရာရှိသည်များကို အချိန်မီပြုပြင်နိုင်ရန် ပြန်လည်အကြောင်းကြားသည့်စနစ် ပြုလုပ်ထားရန် လိုအပ်ပါကြောင်းဖြင့်ဆွေးနွေးခဲ့ကြပါသည်။

More Tags