ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်၏ အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Mr.David Kaatrud နှင့် ဂျပန်နိုင်ငံ ပညာရေး၊ ယဉ်ကျေးမှု၊ အားကစား၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ ဝန်ကြီး Mr. Toshiei MIZUOCHI တို့အား တွေ့ဆုံ

      ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် အောက်တိုဘာလ (၁၁) ရက်နေ့၊ နံနက်ပိုင်းတွင် နေပြည်တော်ရှိ Kempinski Hotel တွင် ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်၏ အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Mr.David Kaatrud နှင့် တွေ့ဆုံပါသည်။


 

     ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံတစ်ဝန်းလုံး အာဟာရပြည့်ဝစွာ စားသုံးနိုင်ရေးဆောင်ရွက်ရာတွင် အ​ခြေခံပညာကျောင်းများ၊ မိဘ၊ ဆရာများ ပူးပေါင်းဆောင်ရွက်နိုင်ရန် ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါလုပ်ငန်းစဉ်တွင် အ​ခြေခံပညာကျောင်းများ၌ အာဟာရဆိုင်ရာ ကျန်းမာရေးအသိပညာမြှင့်တင်ခြင်း၊ အားကစားပြုလုပ်ခြင်း၊ အာဟာရ ကျွေးမွေးခြင်း စသည်တို့ ပါဝင်ဆောင်ရွက်မည်ဖြစ်ပြီး WFP မှ ပူးပေါင်းပါဝင်နိုင်ပါကြောင်း၊ ရခိုင်ပြည်နယ်တွင် အာဟာရမြှင့်တင်ရေးအပါအဝင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို နှစ်နိုင်ငံသဘောတူ ညီချက်အရ တစ်ဖက်နိုင်ငံသို့ ရောက်ရှိနေသူများ ပြန်လည်ဝင်ရောက်လာပါက အထူးစီမံချက်အနေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး ကမ္ဘာ့ဘဏ်မှ အာရှပစိဖိတ်ဆိုင်ရာ ဒုတိယဥက္ကဋ္ဌ လာရောက်စဉ် ဆွေးနွေးထားရှိ ပါကြောင်း၊ အဆိုပါ အစီအစဉ်တွင် WFP မှလည်း ပူးပေါင်းပါဝင်နိုင်ပါကြောင်း၊ ရခိုင်ပြည်နယ်အတွင်း ဆက်လက်နေထိုင်သူများနှင့်ပတ်သက်၍ ဆေးပညာကျင့်ဝတ်၊ ပြည်သူ့ကျန်းမာရေးကျင့်ဝတ်များနှင့်အညီ ဘာသာ၊ လူမျိုးမခွဲခြားဘဲ တန်းတူထား၍ အာဟာရဖွံ့ဖြိုးရေးအပါအဝင် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်နေသည်ဖြစ်ပါကြောင်း၊ WFP အဖွဲ့မှ ဆွေးနွေးချက်များကို ထောက်ခံကြိုဆိုပါကြောင်းနှင့် ရှေ့ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားပါသည်။

        အလားတူ နေ့လည်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဂျပန်နိုင်ငံ ပညာရေး၊ ယဉ်ကျေးမှု၊ အားကစား၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ ဝန်ကြီး Mr. Toshiei MIZUOCHI နှင့် တွေ့ဆုံပါသည်။ ထိုသို့ တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက ပထမဦးဆုံးအကြိမ်ပြုလုပ်သည့် အာဆီယံ ဂျပန် အားကစားဝန်ကြီးများတွေ့ဆုံဆွေးနွေးပွဲသို့ လာရောက်သည့်အတွက် ကြိုဆိုပါကြောင်း၊


 

       မြန်မာနိုင်ငံတွင် အားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံပညာကျောင်းများမှ စတင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျန်းမာသော ကျောင်းသားထုကြီးတစ်ရပ်မှ (၇)နှစ်မှ (၁၀)နှစ်အတွင်း ကျန်းမာသောပြည်သူများဖြစ်လာစေရန် ရည်ရွယ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျန်းမာသော ပြည်သူမှတစ်ဆင့် စီးပွားရေး၊ လူမှုရေးများ ဖွံ့ဖြိုးပြီး ဘက်စုံကောင်းကျိုးများ ရရှိလာမည်ဖြစ်ပါကြောင်း၊ ဂျပန်နိုင်ငံ မှ အားကစားကဏ္ဍတွင်သာမက ကျန်းမာရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ စသည်ဖြင့် ဘက်ပေါင်းစုံမှ ဖွံ့ဖြိုးတိုးတက်ရေး အကူအညီများပေးအပ်လျက်ရှိပါကြောင်း၊ အားကစားကဏ္ဍတိုးတက်ရေးအတွက် နည်းပညာပူးပေါင်းဆောင်ရွက်ခြင်း၊ နည်းပြများ စေလွှတ်၍လေ့ကျင့်ခြင်း စသည်တို့ကို ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့ကို ဂျပန်နိုင်ငံသို့စေလွှတ်၍ ဂျပန်နိုင်ငံတွင် အခြေခံပညာကျောင်းများမှ တစ်ဆင့် အားကစားကို မည်သို့မည်ပုံမြှင့်တင်လျက်ရှိသည်ကို လေ့လာရန်စေလွှတ်မည် ဖြစ်ပါကြောင်း၊ အားကစားနှင့်ပတ်သက်၍ သုတေသနလုပ်ငန်းများ ပူးပေါင်းဆောင်ရွက် လိုပါက ကြိုဆိုပါကြောင်း ဆွေးနွေးခဲ့ပါသည်။


 

      ဂျပန်နိုင်ငံမှ ဝန်ကြီးက ဆွေးနွေးချက်များကို သဘောတူပါကြောင်း၊ ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) မှတစ်ဆင့်သော်လည်းကောင်း ဂျပန်သံရုံးမှတစ်ဆင့် သော်လည်းကောင်း ဆက်သွယ်၍ ဂျပန် − မြန်မာ အားကစားဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုအရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ဆွေးနွေးခဲ့ပါသည်။

 
 

More Tags