ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး Gavi, the Vaccine Alliance Board Retreat အစည်းအဝေးသို့ တက်ရောက်

ရန်ကုန်၊ (၂၀၁၈) ခုနှစ်၊ မတ်လ (၁၈) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ပြင်သစ်နိုင်ငံ Evian-les-Bains မြို့တွင် မတ်လ (၁၄) ရက်နေ့မှ (၁၅) ရက်နေ့ အထိကျင်းပ ပြုလုပ်ခဲ့သည့် Gavi, the Vaccine Alliance Board Retreat အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး မတ်လ (၁၇) ရက်နေ့ ညနေပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိပါသည်။

     အဆိုပါအစည်းအဝေးသို့ Gavi, the Vaccine Alliance Board အဖွဲ့ဝင်များ ဖြစ်ကြသည့် ဖွံ့ဖြိုးဆဲနှင့် ဖွံ့ဖြိုးပြီးနိုင်ငံများမှ တာဝန်ထမ်းဆောင်ဆဲ ဝန်ကြီးများ၊ ဝန်ကြီးဟောင်းများ၊ အလှူရှင်အဖွဲ့များဖြစ်ကြသည့် Bill & Melinda Gates Foundation ၊ DFID ၊ Global Fund နှင့် World Bank စသည့်အဖွဲ့များမှ တာဝန်ရှိသူများ၊ အကြီးတန်းအရာရှိကြီးများ တက်ရောက်ခဲ့ကြပါသည်။


 

     Gavi, the Vaccine Alliance သည် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကာကွယ်ဆေးအသစ်များ နှင့် ကာကွယ်ဆေးထိုးလုပ်ငန်းဆိုင်ရာနည်းစနစ်များသုံးစွဲ၍ ဖွံ့ဖြိုးဆဲနိုင်ငံများရှိကလေးများကို အခြားကမ္ဘာ့နိုင်ငံများမှ ကလေးများနှင့် တန်းတူညီမျှ ကာကွယ်ဆေးဖြင့် ကာကွယ်နိုင်သော ရောဂါများဖြစ်ပွားသေဆုံးမှုမှကင်းဝေးလျော့ကျစေရန် ပံ့ပိုးပေးလျက်ရှိသောအဖွဲ့အစည်း ဖြစ်ပါသည်။

     အဆိုပါအစည်းအဝေးသို့ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ Gavi ဘုတ်အဖွဲ့ဝင်ဖြစ်သည့် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးမှ တက်ရောက်ခဲ့ပြီး Gavi အဖွဲ့မှ ဖွံ့ဖြိုးဆဲနိုင်ငံများသို့ ပံ့ပိုးလျက်ရှိသော ကာကွယ်ဆေးများအား ယခုထက်ပိုမိုထိရောက်စွာ ပံ့ပိုးကူညီပေးနိုင်ရေး၊ Gavi အဖွဲ့၏လုပ်ငန်းစီမံခန့်ခွဲ ဆောင်ရွက်နေမှုများအား ယခုထက်ပိုမိုထိရောက်စွာ စီမံခန့်ခွဲနိုင်ရေးနှင့် ယခုအခြေအနေအချိန်အခအရ အထူးလိုအပ်လျက်ရှိသော ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ပိုမိုအကျိုးရှိစေမည့် စီမံခန့်ခွဲမှုမျိုးဆောင်ရွက်နိုင်ရေး၊ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကြုံတွေ့လျက်ရှိသည့် ကာကွယ်ဆေးထိုးလုပ်ငန်းနှင့်ပတ်သက်သည့် အခက်အခဲများ၊ လိုအပ်ချက် များအားကျော်လွှားနိုင်ရေးနှင့် ရှေ့လာမည့် (၅) နှစ်အတွင်း Gavi အဖွဲ့၏စီမံကိန်းများ အောင်မြင်စွာ အကောင်အထည်ဖေါ် ဆောင်ရွက်နိုင်ရေးအတွက် ဆောင်ရွက်သင့်သည့် ရည်မှန်းချက်များနှင့် လုပ်ငန်းမဟာဗျူဟာနှင့် နည်းဗျူဟာများကို ရေးဆွဲရာ၌ စဉ်းစားရမည့်အချက်များ စသည်တို့ကို အသေးစိတ်ဆွေးနွေးခဲ့ပါသည်။


 

     မြန်မာနိုင်ငံတွင် Gavi အဖွဲ့မှ (၂၀၁၇)ခုနှစ်အထိ အမေရိကန် ဒေါ်လာ (၆၆) သန်းကျော်ဖိုး ထောက်ပံ့ခဲ့ပါသည်။ မြန်မာနိုင်ငံမှလည်း ကာကွယ်ဆေးများ ဝယ်ယူရန် အတွက်ရန်ပုံငွေကို Gavi သို့ အချိုးကျ ပူပေါင်းထည့်ဝင်ခဲ့ရာ (၂၀၁၇-၂၀၁၈) ဘဏ္ဍာနှစ်တွင် ကာကွယ်ဆေးတန်ဖိုး၏ (၂၄)ရာခိုင်နှုန်း ထည့်ဝင်ခဲ့ပါသည်။ Gavi သည် ကာကွယ်ဆေးထိုးလုပ်ငန်းများတွင် ဆက်လက်ပံ့ပိုးပေးမည့်အပြင် ကာကွယ်ဆေးမဟုတ်သော ပံ့ပိုးမှုအဖြစ် အအေးလမ်းကြောင်းဆိုင်ရာစက်ပစ္စည်းများ၊ ကျန်းမာရေးစနစ် အားဖြည့်မြှင့် တင်ခြင်း လုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ(၆၀)သန်းကျော်ခန့် တန်ဖိုးကို (၂၀၁၈-၂၀၂၀)ခုနှစ် တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့တို့မှ တဆင့် ဆက်လက် ပံ့ပိုးပေးမည်ဖြစ်ပါသည်။

     ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မတ်လ (၁၆) ရက်နေ့ နေ့လည်ပိုင်းတွင် ဂျီနီဗာမြို့ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၌ ဂျီနီဗာအခြေစိုက် South Center အဖွဲ့မှ Deputy Executive Director ဖြစ်သူ Mr. Vicente Yu နှင့်တာဝန်ရှိသူများအား လက်ခံတွေ့ဆုံ၍ ပိုးသတ်ဆေးယဉ်ပါးအဏုဇီဝပိုးမွှားများအန္တရာယ် ကာကွယ်တားဆီးရေးအတွက် ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာကိစ္စများနှင့် South Center အဖွဲ့တွင် မြန်မာနိုင်ငံမှ အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ဆောင်ရွက်နိုင်ရေးအတွက် ဂျီနီဗာမြို့၊ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးနှင့် ဆက်လက်ဆက်သွယ်ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စများ ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။

     ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၌ပင် All Special Kids အဖွဲ့၏ President ဖြစ်သူ Mrs. Joy Tong နှင့် တွေ့ဆုံ၍ မြန်မာနိုင်ငံ၌ ဉာဏ်ရည်ဉာဏ်သွေးဆိုင်ရာရောဂါကြောင့် အထူးဂရုစိုက်ပြုစုရန်လိုအပ်သော ကလေးငယ်များအား ပြုစုစောင့်ရှောက်ရေးလုပ်ငန်းများ အလေးပေးဆောင်ရွက်နိုင်ရေး၊ နိုင်ငံတစ်ဝန်း တိုးချဲ့ဆောင်ရွက်နိုင်​ရေးအတွက် နှီးနွယ်ဝန်ကြီးဌာနများအပါအဝင် ပူးပေါင်းဆောင်ရွက်နိုင်ရေးနှင့် မိဘများနှင့်အတူ Stakeholders အားလုံး ပူးပေါင်းဆောင်ရွက်နိုင်ရေးကွန်ယက် ဖွဲ့စည်းဆောင်ရွက်ရေးဆိုင်ရာကိစ္စများ ဆွေးနွေးညှိနှိုင်းခဲ့ပါသည်။

More Tags