ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ "ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး" အစီအစဉ်အား ဝန်ကြီးဌာနများ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးသို့ ဒုတိယဝန်ကြီး တက်ရောက်အမှာစကားပြောကြား

နေပြည်တော်၊ (၂၀၁၈) ခုနှစ်၊ အောက်တိုဘာလ (၁၁) ရက်နေ့

     ကျန်းမာရေးအတွက် “ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး” အစီအစဉ်ဖြင့် ဆောင်ရွက်လုပ်ကိုင်လျက်ရှိသော စုပေါင်းပြုလုပ်သည့် ကိုယ်လက် လှုပ်ရှားလေ့ကျင့်ခန်း အစီအစဉ်အား ဝန်ကြီးဌာနအသီးသီးမှ ပူးပေါင်း ပါဝင်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးအား ယနေ့နံနက် (၁၀)နာရီအချိန်တွင် နေပြည်တော်ရှိ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ရုံးအမှတ်(၃၁) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် တက်ရောက် အမှာစကား ပြောကြားပါသည်။

 

     အဆိုပါ ညှိနှိုင်းအစည်းအဝေးသို့ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်နှင့်အတူ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဦးနှင့်တာဝန်ရှိသူများ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ပြည်ထောင်စုဝန်ကြီးဌာနအသီးသီးမှ ကိုယ်စားလှယ်အရာရှိကြီးများ တက်ရောက် ကြပါသည်။

     အစီအစဉ်အရ ဒုတိယဝန်ကြီးမှ အမှာစကားပြောကြားရာတွင် လူများအားလုံးသည် ကိုယ်စီ ကိုယ်ငှ လုပ်ငန်းတာဝန်အသီးသီးကို ထမ်းဆောင်နေကြရာတွင် စိတ်ရောကိုယ်ပါ ပင်ပမ်းနွမ်းနယ်လျက် ရှိပြီး ကိုယ်လက်လှုပ်ရှားမှုများ နည်းပါးလာပါကြောင်း၊ ရောဂါဘယများ ပိုမိုဖြစ်ပွားလာကြပါကြောင်း၊ သို့ဖြစ်ပါ၍ ကိုယ်လက်လှုပ်ရှားအားကစားပြုလုပ်ခြင်းဖြင့် ကျန်းမာကြံ့ခိုင်သန်စွမ်းသော ဝန်ထမ်းများ ဖြစ်လာပြီး နိုင်ငံအကျိုးကို ဆထက်တစ်ပိုး ပိုမိုထမ်းဆာင်နိုင်ရန်အတွက် ရည်ရွယ်ပါကြောင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနသည် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် နိုင်ငံတကာပြိုင်ပွဲများတွင် အောင်မြင်မှုရရှိနိုင်ရန်အတွက် ရည်ရွယ် ဆောင်ရွက် လျက်ရှိပါကြောင်း၊ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးအတွက် ဦးတည်ဆောင်ရွက်ရာတွင် ပြည်သူ အားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်မှုသည် အဓိကကျနေပါကြောင်း၊ မိမိဌာနအနေဖြင့် ဦးစားပေး ဆောင်ရွက်မှု အစီအစဉ်အရ ဝန်ကြီးဌာနများမှ ဝန်ထမ်းများ၏ ကျန်းမာကြံ့ခိုင်ရေးကို ဦးစားပေး ဆောင်ရွက်ပြီး ထိုမှတဆင့် တိုင်းဒေသကြီးနှင့်ပြည်နယ်များ အသီးသီးရှိ ပြည်သူများသို့ သွားရောက်ပြီး ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ၄င်းအစီအစဉ် ပေါ်ပေါက်လာရခြင်း အစမှာ ပြည်ထောင်စုဝန်ကြီး၏ World Health Organization(WHO) ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်ကြီး ညီလာခံမှ Exercise is Medicine အစီအစဉ်ဖြင့် မူဝါဒချမှတ်ပြီး ဆောင်ရွက်ရန် လမ်းညွှန်မှုကို အကောင်အထည်ဖော်ရာတွင် ၂၀၁၇ခုနှစ်၊ အောက်တိုဘာလ (၂/၃)ရက်နေ့တွင် Healthy Myanmar National Seminar အစည်းအဝေးကို ကျင်းပခဲ့ပြီး ထွက်ပေါ်လာသော ရလာဒ်အဖြစ် Exercise is Medicine “ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး” ဟူသော ဆောင်ပုဒ်အတိုင်း ပြည်သူများ ကျန်းမာသန်စွမ်း၍ လူတန်းစားမရွေး ကိုယ်လက်လှုပ်ရှားမှု များကို ရသည့်အချိန်တွင် မဖြစ်မနေ ဆောင်ရွက်ရမည်ဟုသော အဖြေထွက်ပေါ်လာပါကြောင်း၊ သို့ဖြစ်ပါ၍ ပြည်သူများ စိတ်ပါဝင်စားပြီး လေ့ကျင့်ခန်းများကို အတူတကွ ပါဝင်လှုပ်ရှား ဆောင်ရွက်နိုင်ရေးတွင် အစီအစဉ်များ ရေးဆွဲရပါကြောင်း၊ လက်ရှိ ကမ္ဘာပေါ်ရှိ နိုင်ငံတော်တော်များများတွင် ကျန်းမာ အသက်ရှည်စွာ နေထိုင်ရေးအတွက် သိပ္ပံနည်းကျကျ စားသောက်နေထိုင်မှုနှင့် နေ့စဉ်လူတစ်ဦးချင်းစီ၏ ကိုယ်လက်လှုပ်ရှားလုပ်ကိုင်မှုများဖြင့် ကျန်းမာသန်စွမ်း နေထိုင်နိုင်ရေးအတွက် ကြိုးစားနေပါကြောင်း၊ ယနေ့ ခေတ်သည် ကိုယ်လက်လှုပ်ရှားနည်းပါးမှုကြောင့် သွေးတိုး၊ အရိုးကျီးပေါင်း၊ နှလုံး၊ အရိုးပွ နှင့် ကင်ဆာရောဂါများစသည့် ရောဂါအမျိုးမျိုး ဖြစ်ပွားလျက်ရှိပါကြောင်း၊ ထိုသို့သော ရောဂါဘယများ ကင်းဝေးစေရန် နေပြည်တော်ရှိ ဝန်ကြီးဌာနအသီးသီးတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအား ကိုယ်လက်လှုပ်ရှားအားကစားကို ပြုလုပ်ခြင်းဖြင့် ရောဂါဘယများအား ကာကွယ် ပြီးသားဖြစ်စေပြီး လုပ်ငန်းတာဝန်များအား အရင်ကထက်ပိုမိုထမ်းဆောင်နိုင်ရေးအတွက် ရည်ရွယ်ပြီး ယခုအစည်းအဝေးကို ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများကို ဝန်ကြီးဌာနအသီးသီးတွင် ပြုလုပ်နိုင်ရန်အတွက် မိမိတို့ဌာနမှ ကူညီဆောင်ရွက်ပေးနိုင်သည်များကို ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနအသီးသီးမှ ငယ်ရွယ် တကြွ်ကပြီး အားကစားကို စိတ်ပါဝင် စားကာ လေ့လာလိုက်စားသူများအား မိမိတို့ဌာနသို့ စေလွှတ်ပေးစေပြီး မိမိတို့ဌာနတွင် လေ့ကျင့်ခန်း ပြုလုပ်မှုများကို သင်တန်းပို့ချပြီး ဝန်ကြီးဌာနများရှိ ဝန်ထမ်းများမှ အားကစားလှုပ်ရှားမှု လေ့ကျင့်ခန်း များကို အတူတကွ ပူးပေါင်း ပါဝင်ဆောင်ရွက်စေလိုပါကြောင်း၊ ထိုသို့ ဝန်ထမ်းများ တာဝန်ထမ်းဆောင် ရင်း ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများ ပြုလုပ်ခြင်းဖြင့် နေထိုင်သွားလာရာတွင် ပေါ့ပါးခြင်း၊ အစားအသောက် ပိုမိုကောင်းမွန်လာခြင်း၊ နှစ်ခြိုက်စွာ အိပ်ပျော်လာခြင်း၊ စိတ်ဖိစီးမှုများ လျော့ပါးလာခြင်းများ ကိုယ်တွေ့ခံစားရမည်ဖြစ်ပါကြောင်း၊ ရောဂါရှိပါကလည်း ဖြစ်လက်စ ရောဂါများ လျော့ပါးသက်သာလာမည်ဖြစ်ပြီး ဆေးသောက်၍ ကုသခြင်းထက် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်းဖြင့် ရောဂါများကာကွယ်ပြီးဖြစ်ကာ ပိုမိုကောင်းမွန်သော အကျိုးကျေးဇူးများ ရရှိမည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ နေပြည်တော်ရှိ ဝန်ကြီးဌာနအသီးသီးမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများမှ အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဝန်ထမ်းအားလုံး ကျန်းမာရေးကို ကာကွယ်ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားပါသည်။

 

     ဆက်လက်၍ အားကစားနှင့်ကာယပညာဦးစီးဌာန လူထုအားကစားနှင့်ပညာပေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးဌေးအောင်မှ ကိုယ်လက်လှုပ်ရှားအားကစားအစီအစဉ်ဖြင့် အမျိုးသမီး အားကစားအဖွဲ့ချုပ်မှ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ သွားရောက် ကွင်းဆင်းကာ စည်းရုံး ဆောင်ရွက်နေမှုအခြေအနေများ၊ ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ဆောင်ရွက်နေမှုအခြေအနေများ၊ ယခုကဲ့သို့ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ ကို ဝန်ကြီးဌာနအသီးသီးသို့ သင်တန်းများ ပို့ချနိုင်ရေးအတွက် စီစဉ်ထားရှိမှုများကို ရှင်းလင်းပြောကြား ပါသည်။

     ဆက်လက်၍ အားကစားနှင့်ကာယပညာဦးစီးဌာန ဆေးဘက်ဌာနခွဲမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာထက်ဝေမှ တိုးတက်လာသော နည်းပညာများအရ ကွန်ပျူတာသုံးစွဲခြင်း၊ မိုဘိုင်းဖုန်းများအသုံးပြုမှုများလာခြင်းများနှင့် လုပ်ငန်းတာဝန်များပြားလာမှုများကြောင့် ကိုယ်လက် လှုပ်ရှားမှုများ နည်းပါးလာပါကြောင်း၊ WHO ၏ ကျန်းမာရေးစစ်တမ်းပြုစုမှုအရ အသက်ရှည် ကျန်းမာစွာ နေထိုင်နိုင်ရေးအတွက် အခြေခံအချက်အလက်များလုံလောက်မှုမရှိခြင်းကို ခုနှစ်အလိုက် ရာခိုင်နှုန်းများတိုးပွားလာမှု၊ ဖြစ်ပေါ်လာသောရောဂါများကို ရှင်းလင်းပြောကြားပြီး ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများကို မဖြစ်မနေပြုလုပ်ရန် လိုအပ်ချက်များကို ရှင်းလင်းပြောကြားပါသည်။

     ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာကြသော ဝန်ကြီးဌာနကိုယ်စားလှယ်အသီးသီးမှ ဆွေးနွေးတင်ပြကြရာ ယခုကဲ့သို့ ဝန်ကြီးဌာနရှိ ဝန်ထမ်းများအား အချိန်တစ်ခုပေး၍ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းပြုလုပ်ရန် အစီအစဉ်များအား အထူးဝမ်းမြောက်စွာထောက်ခံပြီး ကြိုဆိုပါကြောင်း၊ ပါဝင်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး အားကစားအထောက်အကူပြုပစ္စည်းများအား ပံ့ပိုးပေးနိုင်ရေး ကိစ္စရပ်များ၊ သင်တန်းပို့ချနိုင်ရေးကိစ္စရပ်များအား အသီးသီး ဝိုင်းဝန်းဆွေးနွေးခဲ့ကြပါသည်။

 

     ထို့နောက် ဒုတိယဝန်ကြီးမှ နိဂုံးချုပ်အမှာစကားပြောကြားရာတွင် မိမိနိုင်ငံ၏ လက်ရှိ အခြေအနေမှာ National Fittness ကျဆင်းလျက်ရှိပါကြောင်း၊ လူငယ်မျိုးဆက်သစ်များကို ကျန်းမာကြံ့ခိုင်ပြီးတိုင်းပြည်တွင် အားထားရသော လူငယ်ဝန်ထမ်းကောင်းများ ဖြစ်ပေါ်လာစေရေး အတွက် ယခုအစီအစဉ်ကို အကောင်အထည်ဖော်ဆောင်ရာတွင် ပုံမှန်အမြဲတမ်းလုပ်ကိုင်ဆောင်ရွက်သွား ကြရန် လိုအပ်ကြောင်း၊ လေ့ကျင့်ခန်းများပြုလုပ်ရာတွင် အသက်အရွယ်အလိုက် လိုက်လျော်ညီထွေမည့် လေ့ကျင့်ခန်းများကို မည်သည့်အရပ်တွင်မဆို ပြုလုပ်နိုင်ပါကြောင်း၊ လေ့ကျင့်ခန်းများအားလုံးတွင် ပြည်သူများအားလုံးပါဝင်လှုပ်ရှားနိုင်ရေးအတွက် သင်တန်းများမှ တဆင့် သတင်းမီဒီယာ၊ Social Network များ အသုံးပြု၍ အချင်းချင်း ပြန်လည်ဝေငှပြီး အသုံးပြုစေခြင်းဖြင့် တစ်မျိုးသားလုံးကျန်းမာ ကြံ့ခိုင်ရေးကို အထောက်အကူပြုမှာ ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ယခုတက်ရောက်လာကြသော ဝန်ကြီးဌာန အသီးသီးမှ ကိုယ်စားလှယ်ကြီးများအနေဖြင့် “ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး” အစီအစဉ် တွင် စုပေါင်း ပါဝင်ကူညီဆောင်ရွက်ကြပါလို့ တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့ပါသည်။

More Tags