ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးမှ ဝန်ထမ်းများအား တွေ့ဆုံပွဲအခမ်းအနား

နေပြည်တော်၊ (၂၀၁၈) ခုနှစ်၊ စက်တင်ဘာ (၁၉) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီးမှ ဝန်ကြီးရုံး(အားကစား)၊ အားကစားနှင့်ကာယပညာဦးစီးဌာနရှိ အကြီးအကဲများနှင့် လက်အောက်ဝန်ထမ်းများ တွေ့ဆုံပွဲအခမ်းအနားအား ယနေ့ညနေ(၃)နာရီအချိန်တွင် ရုံးအမှတ်(၃၁) စုပေါင်းခန်းမတွင် ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဒုတိယဥက္ကဌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဌာနမှ အရာထမ်းများ/အမှုထမ်းများ တက်ရောက်ကြပါသည်။

 

     ရှေးဦးစွာ ဒုတိယဝန်ကြီးမှ လမ်းညွှန် အမှာစကားပြောကြားရာတွင် မိမိသည် နိုင်ငံတော်သမ္မတရုံး၏ (၂.၇.၂၀၁၈)ရက် တာဝန်ပေးအပ်ချက်အရ (၆.၇.၂၀၁၈) ရက်နေ့မှ စ၍ ဒုတိယဝန်ကြီးအဖြစ် တာဝန် ထမ်းဆောင်ခဲ့ပါကြောင်း၊ အားကစားနှင့် ကာယပညာဦးစီးဌာနသည် မိမိ၏ ဒုတိယအိမ်တစ်ခုဖြစ်ပါကြောင်း၊ မိမိသည် ယခုအားကစားနှင့်ကာယပညာဦးစီးဌာနသို့ ၁၉၈၉ခုနှစ်ကတည်းက စတင်တာဝန်ထမ်းဆောင်ခဲ့ပါကြောင်း၊ မိမိသည် အသက်(၁၀)နှစ်သမီး အရွယ်မှ စ၍ ကြက်တောင်အားကစားကို ပါဝင်ကစားခဲ့ပြီး အသက်(၁၆)နှစ်အရွယ်တွင် နိုင်ငံ့လက်ရွေးစင် ဖြစ်ခဲ့ပြီး အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ကြေးတံဆိပ်ရရှိကာ နိုင်ငံ့ဂုဏ် ကိုဆောင်နိုင်ခဲ့ပါကြောင်း၊ ၁၉၇၉ခုနှစ် ကမ္ဘာ့ကြက်တောင်ရိုက်ပြိုင်ပွဲတွင် ဒုတိယဆုရရှိခဲ့ကြောင်း၊ မိမိသည် ငယ်ရွယ်စဉ်မှစ၍ အားကစားဝါသနာ ပါခဲ့သောကြောင့် အားကစားတစ်ဖက် ဆရာဝန်တစ်ဖက်ဖြင့် ဘဝကိုဖြတ်သန်းခဲ့ရပါကြောင်း၊ မိမိသည် အားကစားဆေးပညာရပ်ကို စိတ်ဝင်စားသဖြင့် အားကစားဆေးပညာပါရဂူဘွဲ့ကို ရယူခဲ့ပြီး ထိုပညာရပ်ကိုအသုံးချကာ သက်ဆိုင်ရာဌာနခွဲတွင် တာဝန်ထမ်းဆောင်ခဲ့ပါကြောင်း၊ မိမိတွေ့ကြုံခဲ့ရသော အတွေ့အကြုံ၊ ဗဟုသုတများ ကို ပြန်လည် အသုံးချခွင့်ရတဲ့အတွက် ပြည်ထောင်စုဝန်ကြီးနှင့် နိုင်ငံတော်ကို အထူးကျေးဇူးတင် ရှိပါကြောင်း၊ မိမိတွင်ရှိသော အတွေ့အကြုံ၊ ဗဟုသုတ၊ ပညာရပ်များကို နိုင်ငံအတွက် အကောင်းဆုံးဖြစ်အောင် ကြိုးစား ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊

 

     အားကစားနှင့်ကာယပညာဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေ သောဝန်ထမ်းများအနေဖြင့် မိမိတို့၏ ကျရာတာဝန်များကို စိတ်ဓါတ်၊ စည်းကမ်း၊ စည်းလုံးဆိုသော ဆောင်ပုဒ်နှင့်အညီ မိမိတို့လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန် များကို အသိစိတ်ဓါတ်ရှိရှိ စည်းကမ်းနှင့်အညီ ဝန်ထမ်းအချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် ပေးအပ်သော တာဝန်များကို ကျေပွန်စွာ ဆောင်ရွက်စေလိုကြောင်း၊ ဌာန၏ မူဝါဒနှင့်အညီ မိမိတို့ လုပ်ငန်းများကို ပိုမိုတိုးတက်အောင် ဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းမှာကြားခဲ့ပါသည်။

 

     ထို့နောက် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်မှ ဝန်ထမ်းဆိုင်ရာ စည်းမျဉ်း/စည်းကမ်းများ၊ ရာထူးခန့်ထားရေးဆိုင်ရာကိစ္စရပ်များ၊ ဝန်ထမ်းအိမ်ယာချထားရေး ကိစ္စရပ်များအား ပြောကြားခဲ့ပါသည်။

 

     ဆက်လက်၍ ဌာနမှ ဝန်ထမ်းများအတွက် ကမ္ဘောဇဘဏ်အာမခံလုပ်ငန်း၏ တာဝန်ရှိသူနှစ်ဦးမှ အာမခံ လုပ်ငန်းများအကြောင်း သိကောင်းစရာများအား ရှင်းလင်းပြောကြား ခဲ့ပါသည်။

 

     ထို့နောက် ဒုတိယဝန်ကြီးမှ နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ ကြောင်း သတင်းရရှိပါသည်။

 

More Tags