ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီးဖလား မြို့နယ်အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသား/ အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ ဆုပေးပွဲနှင့် ပြည်ပသို့သွားရောက်ယှဉ်ပြိုင်မည့် အားကစားသမားများအား လမ်းညွှန်အမှာစကားပြောကြား

ရန်ကုန်၊ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာ (၁၆) ရက်

     ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဖလား မြို့နယ်ပေါင်းစုံ ပြေးခုန်ပစ်ပြိုင်ပွဲကို စက်တင်ဘာလ (၁၄) ရက်နေ့မှ (၁၆) ရက်နေ့အထိ ရန်ကုန်မြို့ တာမွေမြို့နယ် (ကျိုက္ကဆံကွင်း) အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်) ကွင်းအမှတ် (၁)တွင် ယနေ့နောက်ဆုံးနေ့ ပြိုင်ပွဲများနှင့် ဆုပေးပွဲများကို ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အားကစားနှင့် ကာယပညာ ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးကာ ဆုများချီးမြှင့်ပေးသည်။

     ပြေးခုန်ပစ်ပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲများကို ကျင်းပရာ အမျိုးသား / အမျိုးသမီး မီတာ (၁ဝဝ၊ ၂ဝဝ၊၄ဝဝ၊၈ဝဝ) ပြိုင်ပွဲများ အမျိုးသား/ အမျိုးသမီး မီတာ ၄ဝဝ (၄ ယောက်)၊ မီတာ ၁ဝဝ (၄ယောက်) လက်ဆင့်ကမ်းပြိုင်ပွဲများ အမျိုးသား/ အမျိုးသမီး (သံလုံးပစ်၊ သံပြားဝိုင်းပစ်၊လှံတံပစ်) ပြိုင်ပွဲများ၊ အမျိုးသား/ အမျိုးသမီး မီတာ (၁၅ဝဝ၊ ၃ဝဝဝ) အပြေးပြိုင်ပွဲများ၊မီတာ ၅ဝဝဝ လမ်းလျှောက်ပြိုင်ပွဲနှင့် ဗိုလ်လုပြိုင်ပွဲများ ကျင်းပခဲ့ပြီး ဗိုလ်လုပွဲတွင် အတန်းအသီးသီးမှ ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ ရန်ကုန်တိုင်းပြေးခုန်ပစ် ဆပ်ကော်မတီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ် အတွင်းရေးမှူးနှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ပေးသည်။ ဆက်လက်ပြီး ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီးဖလား မြို့နယ်အခြေခံပညာကျောင်းပေါင်းစုံ ပြေးခုန်ပစ်ပြိုင်ပွဲတွင် ပထမတံခွန်စိုက်ဖလား ရရှိသွားသည့် လမ်းမတော်မြို့နယ် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းမှ တံခွန်စိုက်ဆုဖလားချီးမြှင့်ပေးသည်။

 

     ယခုကျင်းပပြုလုပ်သည့် ပြိုင်ပွဲသည် ရှေ့လအောက်တိုဘာလတွင် ကျင်းပ ပြုလုပ်မည့် တိုင်းဒေသကြီးနှင့်ပြည်နယ် ပြေးခုန်ပစ်ပြိုင်ပွဲအတွက် ရည်ရွယ်ကျင်းပတာ ဖြစ်ပြီး၊ ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာရှိတဲ့ အခြေခံပညာကျောင်းပေါင်းစုံမှ မြို့နယ် (၄၃)မြို့နယ် ပြိုင်ပွဲဝင် အားကစားသမား စုစုပေါင်း (၁ဝ၇ဝဝ) တို့က အမျိုးသားEvent (၁၇)မျိုးနှင့် အမျိုးသမီး Event (၁၇)မျိုး ကျင်းပတာဖြစ်ပြီး ယခုပြိုင်ပွဲမှ ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများနှင့် စံချိန်ကောင်းမွန်သူများကို ရန်ကုန်တိုင်းဒေသကြီး ကိုယ်စားပြု ပြေးခုန်ပစ်အသင်းအဖြစ် ရွေးချယ်ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

     ဆက်လက်ပြီး မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန်နှင့် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များ ဖြစ်ကြသည့် ဦးကျော်ဆန်း၊ ဦးကျော်ဦးနှင့် အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ကျိုက္ကဆံကွင်းရှိ အားကစားနှင့်ကာယပညာဦးစီးဌာန အစည်းအဝေးခန်းမ၌ ၂ဝ၁၉ ခုနှစ် စက်တင်ဘာလ(၁၇)ရက်နေ့မှ အောက်တိုဘာလ (၂ဝ) ရက်နေ့အထိ တင်းနစ်အားကစားနည်း ပူးတွဲလေ့ကျင့်မှု ပြုလုပ်ရန်နှင့် ကူမင်းအပြည်ပြည်ဆိုင်ရာ တင်းနစ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်နှင့် စက်တင်ဘာလ (၂၄) ရက်နေ့မှ အောက်တိုဘာလ (၇) ရက်နေ့အထိ ကာတာနိုင်ငံတွင် (၅၂)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာပြေးခုန်ပစ်အဖွဲ့ချုပ်ညီလာခံသို့ တက်ရောက်ရန်နှင့် ကမ္ဘာ့ပြေးခုန်ပစ် ဖိတ်ခေါ်ပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့ဝင်များအား လမ်းညွှန်အမှာ စကား ပြောကြားပြီး အခမ်းအနားသို့ တက်ရောက်ခဲ့သည်။

     ရှေးဦးစွာ ပြည်ပသို့သွားရောက်ယှဉ်ပြိုင်မည့် မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ ပြေးခုန်ပစ်အဖွဲ့ချုပ်တို့က ပူးတွဲလေ့ကျင့်မှုပြုလုပ်ရန်နှင့် ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ကြိုတင် ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုနှင့် အားကစားသမားတစ်ဦးချင်းစီ၏ ပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်နိုင်မှု၊ တိုးတက်မှုအခြေအနေများကို သိလိုခြင်းဖြစ်ပါကြောင်း၊ ပြိုင်ပွဲဝင်အားကစားသမားများ၏ လိုအပ်ချက်များကို ပေါင်းစပ်ဖြည့်ဆည်းပေးနိုင်ရေး အတွက်လည်း ဖြစ်ပါကြောင်း၊ အားကစား သမားများအနေဖြင့် အားကစားလုပ်သည့် နေရာတွင် ရူးသွပ်နေမှသာလျှင် အောင်မြင်မည်ဖြစ်ပါကြောင်း၊ မိမိ၏ စံချိန်ထက်မနိမ့်ကျဘဲ ပိုမိုကောင်းမွန်သောရလဒ်ဖြင့် ယှဉ်ပြိုင်စေလို၍ အစားအသောက် အနေအထိုင် အထူးဂရုပြုစေလိုပါကြောင်း၊ မိမိတို့၏ တနေ့တာလေ့ကျင့်မှုနှင့် ပြိုင်ပွဲများယှဉ်ပြိုင် ကစားရာတွင် ကြုံတွေ့ခဲ့ရသည့် အကြောင်းအရာများ မိမိကိုယ်ကို ပြန်လည်သုံးသပ်ဖို့နှင့် ပူးတွဲလေ့ကျင့်ရာတွင် မိမိတို့နိုင်ငံနှင့် အကျိုးရှိမည့် လေ့ကျင့်ရေး၊ သင်ကြားရေးနှင့် အနေအထိုင်/ စားသောက်ရေး၊ အားကစားသမားများ ဆေးကုသရေးကအစ မိမိနိုင်ငံအားကစားတိုးတက်ရေးအတွက် လေ့လာမှတ်သားခဲ့ရန် လိုအပ် ပါကြောင်း လမ်းညွှန်အားပေးစကားပြောကြားပြီးနောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိပုဂ္ဂိုလ်များက သွားရောက်ယှဉ်ပြိုင်ကြမည့် အားကစားအဖွဲ့များအား တစ်ဦးချင်းနှုတ်ဆက် အားပေးခဲ့ကြောင်းသိရှိရသည်။

     အဆိုပါ တင်းနစ်အားကစားနည်း ပူးတွဲလေ့ကျင့်မှုပြုလုပ်ရန်နှင့် ကူမင်းအပြည်ပြည်ဆိုင်ရာ တင်းနစ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် ဖိတ်ကြားခံပုဂ္ဂိုလ်(၄)ဦး ၊ အုပ်ချုပ်သူ /နည်းပြ (၂) ဦး၊ ကစားသမား (၈) ဦး စုစုပေါင်း(၁၄)ဦးနှင့် (၅၂)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ပြေးခုန်ပစ်အဖွဲ့ချုပ်ညီလာခံသို့ တက်ရောက်ရန်နှင့် ကမ္ဘာ့ပြေးခုန်ပစ်ဖိတ်ခေါ်ပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် အဖွဲ့ခေါင်းဆောင် (၁)ဦး၊ အားကစားသမား (၁)ဦး စုစုပေါင်း (၂)ဦးတို့သည် သွားရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရှိရသည်။

More Tags