ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဆောင်သောအဖွဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ ပြည်သူ့ဆေးရုံကြီး၊ မုံရွာမြို့သို့ သွားရောက်ကြည့်ရှု

နေပြည်တော်၊ (၂၀၁၈) ခုနှစ်၊ ဇွန်လ (၁၉) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာလှနှင့် ဒေါက်တာဝင်းဝင်းဌေး၊ ဒုတိယညွှန်ကြားရေးမှူး (ကုသရေး)၊ စစ်ကိုင်းတိုင်းဒေသကြီး ကုသရေးဦးစီးဌာနတို့ ဦးဆောင်သော အဖွဲ့သည် (၁၆-၆-၂၀၁၈) ရက်နေ့၊ နံနက် (၈)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ပြည်သူ့ဆေးရုံကြီး၊ မုံရွာမြို့သို့ သွားရောက်ခဲ့ပြီး ဆေးရုံအုပ်ကြီး၊ ဘာသာရပ်ဆိုင်ရာ အထူးကု ဆရာဝန်ကြီးများ၊ အထူးကုဆရာဝန်များ၊ သူနာပြုများ၊ ဆေးရုံရှိ ဝန်ထမ်းများ အားလုံးနှင့် တွေ့ဆုံကာ ဆေးရုံအဆောက်အဦ (၅) ထပ်ဆောင် ဆောက်လုပ်ပြီးစီးမှုအခြေအနေ၊ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေ၊ တွေ့ကြုံရသည့် အခက်အခဲများ၊ လိုအပ်ချက်များကို မေးမြန်းဆွေးနွေးတိုင်ပင်ခဲ့ကြပြီး ဆေးရုံအတွင်းရှိ ပြင်ပလူနာဌာနနှင့် ဆေးကုသဆောင်များသို့ လှည့်လည်ကြည့်ရှု၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။


 

     ဆက်လက်၍ (၁၆-၆-၂၀၁၈) ရက်နေ့၊ နံနက် (၁၀)နာရီအချိန်တွင် အမျိုးသမီးနှင့်ကလေးဆေးရုံကြီး၊ မုံရွာမြို့သို့ သွားရောက်ခဲ့ပြီး ဆေးကုသဆောင်များအား လှည့်လည်ကြည့်ရှုကာ ကျန်းမာရေး စောင့်ရှောက်မှု ဆောင်ရွက်နေသည့် ဝန်ထမ်းများအား နှုတ်ဆက်တွေ့ဆုံခဲ့ပါသည်။


 

     ထို့နောက် (၁၆-၆-၂၀၁၈) ရက်နေ့၊ နေ့လယ် (၁၂)နာရီအချိန်တွင် ပြည်သူ့ဆေးရုံ၊ ဆားလင်းကြီးမြို့သို့ ရောက်ရှိခဲ့ပြီး မြို့နယ်ကုသရေးဦးစီးဌာနမှူး၊ လက်ထောက်ဆရာဝန်များ၊ သူနာပြုများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံကာ ဆေးကုသမှုလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေ၊ ကြုံတွေ့ရသည့် အခက်အခဲများ၊ လိုအပ်ချက်များ စသည်တို့ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးမေးမြန်းခဲ့ရာ (၂၀၁၈)ခုနှစ် မေလအတွင်း ဆေးရုံသို့ လာရောက် ကုသမှုခံယူသည့် ပြင်ပလူနာအရေအတွက်မှာ (၂၆၃၁) ဖြစ်ပြီး၊ အတွင်းလူနာရေအတွက်မှာ (၁၀၃၈)ယောက် ရှိသည့်အပြင် နေ့စဉ် ပျမ်းမျှ အတွင်းလူနာ (၆၀)ဦးခန့် တက်ရောက်ကုသမှု ခံယူလျက်ရှိ သည်ကို တွေ့ရှိရပါသည်။


 

     ထို့နောက် ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့သည် လိုအပ်သည်များ ပြန်လည်ဆွေးနွေးခဲ့ပြီးနောက် ဆေးကုသဆောင်များကို လှည့်လည်ကြည့်ရှုကာ လူနာများဆေးကုသမှုခံယူသည့် အခြေအနေကို မေးမြန်း ဆွေးနွေးခဲ့ကာ နေ့လယ် (၂) နာရီ အချိန်ခန့်တွင် နေပြည်တော်သို့ ပြန်လည်ထွက်ခွာလာခဲ့ပါသည်။


 
 

More Tags