ကျန်းမာရေးဆိုင်ရာ စံပြုအချက်အလက်များ စာအုပ်မိတ်ဆက်ခြင်းအခမ်းအနားနှင့် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

နေပြည်တော်              နိုဝင်ဘာလ (၂၄) ရက်

     ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဦးစားပေးကဏ္ဍတစ်ခုဖြစ်သော ပြည်သူများ၏ ကျန်းမာရေးအသိပညာ မြင့်မားလာရေးအတွက် အခြေခံကျန်းမာရေးဝန်ထမ်းများက ပြည်သူလူထုအတွင်း ကျန်းမာရေးအသိပညာပေးခြင်းလုပ်ငန်းများ ယခုထက်ပိုမိုကျယ်ပြန့်ထိရောက်စွာ ဆောင်ရွက်နိုင်စေရန် ပြုစုရေးဆွဲထားသော ကျန်းမာရေးဆိုင်ရာ စံပြုအချက်အလက်များစာအုပ် (Version 01) မိတ်ဆက်ခြင်းအခမ်းအနားနှင့် အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲ အခမ်းအနားကို နိုဝင်ဘာလ(၂၃)ရက် နံနက်(၉:၀၀)နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-2) တွင် ကျင်းပပါသည်။

     အခမ်းအနားသို့ နိုင်ငံတော်သမ္မတ၏ ဇနီး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စုစုလွင်၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ နှီးနွယ်ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများနှင့် တာဝန်ရှိသူများ၊ တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာနှင့် ပြည်တွင်းမှ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များနှင့် အခြားဖိတ်ကြားထားသူများ စုစုပေါင်း (၅၀၀)ဦးခန့် တက်ရောက်ကြပါသည်။


 

     အစီအစဉ်အရ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်မှ ပေးပို့သောသဝဏ်လွှာအား ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ဖတ်ကြားပါသည်။ ယင်းနောက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်အစိုးရသစ် တာဝန်ယူပြီးသည့်နောက်ပိုင်း ပြည်သူများ၏ ကျန်းမာရေးအဆင့်အတန်းကို ယခုထက်ပိုမိုမြင့်မားလာစေရန် လုပ်ငန်းများစွာ ကြိုးစားလုပ်ဆောင်ခဲ့ပါကြောင်း၊ ထိုလုပ်ငန်းများထဲမှ အထူးဦးစားပေးလုပ်ငန်း (၃) ခု ဖြစ်သည်မှာ (၁) ပြည်သူများ ကျန်းမာရေးအသိပညာမြင့်မားလာပြီး ကျန်းမာစွာနေထိုင်စားသောက်တတ်စေရန်၊ (၂) ကျန်းမာရေးကောင်းမွန်သော ကျောင်းသားထုကြီးမှတစ်ဆင့် ပြည်သူတစ်ရပ်လုံး၏ ကျန်းမာရေးအဆင့်အတန်း မြင့်မားလာစေရန် ကျောင်းကျန်းမာရေးလုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်ရန်၊ (၃) ဆေးရုံတက်သောလူနာများ စိတ်ချမ်းမြေ့စွာရှိစေနိုင်ရေးနှင့် အရည် အသွေးပြည့်ဝသော ကုသမှုနှင့် သူနာပြုစုစောင့်ရှောက်နိုင်ရေးအတွက် ဆေးပညာနှင့် နှီးနွယ်ပညာရပ်များ၊ သူနာပြုနှင့် သားဖွားလောကတစ်ခုလုံး ဘက်စုံမှ အဆင့်အတန်းမြှင့်တင်ရေးအတွက် ဆေးတက္ကသိုလ်များ၊ ဆေးဘက်ဆိုင်ရာနှီးနွယ်တက္ကသိုလ်များ၊ သူနာပြုတက္ကသိုလ် (၂)ခုနှင့် သူနာပြု/သားဖွားကျောင်း (၅၀) တို့မှ သင်ရိုးညွှန်းတမ်းများ ခေတ်နှင့်အညီလိုက်လျော ညီထွေဖြစ်စေရေးနှင့် သင်ကြားပုံ၊ သင်ကြားနည်းစနစ်လက်တွေ့ကျရေး၊ ထိရောက်ပီပြင်စေရေး၊ ဆေးပညာကျင့်ဝတ်၊ သူနာပြုကျင့်ဝတ်နှင့်အညီ ဆောင်ရွက်နိုင်စေရေး၊ ဆရာများ အရည်အသွေး တိုးတက်စေရေးနှင့် enabling teaching environment ရရှိစေရေးတို့ ဦးစားပေး ဆောင်ရွက်လျက်ရှိပါကြောင်း။


 

     ကျန်းမာရေးဆိုင်ရာ စံပြုအချက်အလက်များ စာအုပ်မိတ်ဆက်ခြင်းအခမ်းအနားသည် ပြည်သူများ၏ ကျန်းမာရေးအသိပညာ မြှင့်တင်ပေးခြင်းမှတစ်ဆင့် ပြည်သူများ၏ ကျန်းမာရေးအဆင့်အတန်း ယခုထက် ပိုမိုမြင့်မားလာစေရေး ဆောင်ရွက်ခြင်းလုပ်ငန်းဖြစ်သည့်အတွက် ဝန်ကြီးဌာန၏ အထူးအရေးကြီးသည့် လုပ်ဆောင်ချက်ဖြစ်ပြီး ပြည်သူ့ကျန်းမာရေးလုပ်ငန်းတွင် အဓိကကျသည့် လုပ်ဆောင်ချက်တစ်ခု၊ အောင်မြင်မှုတစ်ခုလည်း ဖြစ်ပါကြောင်း၊ ကျန်းမာရေးအသိပညာမြင့်မားလာလျှင် အလွယ်တကူကာကွယ်နိုင်သော‌ ရောဂါများ၊ မဖြစ်သင့်မဖြစ်ထိုက်သောရောဂါများ ဖြစ်ပွားမှုကို လျှော့ချနိုင်မည်ဖြစ်ပါကြောင်း၊ ဆေးရုံတက်ရောက်ကုသရသော လူနာဦးရေလည်းလျော့ကျလာမည်ဖြစ်ပြီး အရည်အသွေးပြည့်ဝသောကုသမှုများကို ပိုမိုပေးအပ်နိုင်မည် ဖြစ်ပါကြောင်း။ ယခုစာအုပ်တွင် ကျန်းမာရေးဆိုင်ရာ စံပြုအချက်အလက်များကို တစ်နေရာတည်း၌ စုစည်းထားသည့်အတွက် ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ပြည်သူများအကြား အိမ်တိုင်ယာရောက်ကွင်းဆင်းရာတွင် ပိုမို၍ကျယ်ပြန့်ထိရောက်စွာ အသုံးချနိုင်မည် ဖြစ်ကြောင်း။ ၎င်းစာအုပ်ကို ကွင်းဆင်းရာတွင် အလွယ်တကူသယ်ယူနိုင်ရန်အတွက် Tablet များတွင်လည်း ထည့်သွင်းပြီး အခြေခံကျန်းမာရေးဝန်ထမ်းများအားလုံးကို ဖြန့်ဝေရန် ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

     ဆက်လက်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဌာနေကိုယ်စားလှယ် Dr. Stephan Paul Jost နှင့် ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့၊ ဌာနေကိုယ်စားလှယ် Ms. June Kunugi တို့က အသီးသီးအမှာစကားပြောကြားကြပြီး အမှတ်တရမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြပါသည်။

     ထို့နောက် နိုင်ငံတော်သမ္မတကြီး၏ ဇနီး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စုစုလွင်၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ဧည့်သည်တော်များက ခင်းကျင်းပြသထားသော ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ပြခန်းနှင့် ပြည်တွင်းပြည်ပ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်း၏ ပြခန်းများအား လှည့်လည်ကြည့်ရှုကြသည်။


 

     ယနေ့ မိတ်ဆက်သောစာအုပ်တွင် အပိုင်းကြီး (၁၂) ပိုင်း၊ စာမျက်နှာ (၂၇၂) မျက်နှာပါရှိ၍ အခြေခံကျန်းမာရေးဝန်ထမ်းများအားလုံး စုစုပေါင်း (၂၆,၀၀၀) ဦးခန့်ကို ဖြန့်ဝေပေးသွားမည်ဖြစ်ပြီး ဒုတိယအဆင့်အနေဖြင့် ပညာရေးဝန်ကြီးဌာနအောက်ရှိ မူလတန်း၊ အလယ်တန်း ကျောင်းအုပ်များနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနရှိကျောင်းများတွင် ဆက်လက်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

     နေ့လည်(၁၂)နာရီတွင် အလုပ်ရုံဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာ)၊ တိုင်းရင်းသားကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့များနှင့် တိုင်းဒေသကြီး/ ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှူးများ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြပါသည်။

ကျန်းမာရေးဆိုင်ရာ စံပြုအချက်အလက်များ (Standardized Health Messages) စာအုပ်အား ဖတ်ရှုရန်နှင့် Download ရယူရန်

More Tags