ကျန်မာရေးစောင့်ရှောက်မှု အရည်အသွေးကောင်းမွန်မှုနှင့် လူနာဘေးကင်းလုံခြုံမှု လုပ်ငန်းစဉ်များအတွက် သဘောတူညီမှု စာချွန်လွှာ လက်မှတ်ရေးထိုးခြင်းနှင့် လုပ်ငန်းစဉ် စတင်ခြင်း အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးတက်ရောက်

Union Minister Dr. Myint Htwe attends the launching and MOU signing ceremony for quality and patient safety management program

နေပြည်တော်၊ (၂၀၁၉) ခုနှစ်၊ သြဂုတ်လ (၁၉) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နံနက်ပိုင်းတွင် နေပြည်တော်၌ ကျင်းပသော ကျန်မားရေးစောင့်ရှောက်မှု အရည်အသွေးကောင်းမွန်မှုနှင့် လူနာဘေးကင်းလုံခြုံမှု လုပ်ငန်းစဉ်များအတွက် SingHealth အဖွဲ့၊ Temasek Foundation နှင့် ဝန်ကြီးဌာနတို့အကြား သဘောတူညီမှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်းနှင့် လုပ်ငန်းစဉ် စတင်ခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

 


 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် -

• ယနေ့ ကျန်မာရေးစောင့်ရှောက်မှု အရည်အသွေးကောင်းမွန်မှု နှင့် လူနာဘေးကင်းလုံခြုံမှု လုပ်ငန်းစဉ်များစတင်မှုသည် ရောဂါဘယနှင့် ကျန်းမာရေးပြဿနာအမျိုးမျိုးတို့ကို ခံစားနေရသူများအပါအဝင် ပြည်သူများအားလုံးအတွက် ရေရှည်ကာလအထိ အကျိုးကျေးဇူး များစေမည်ဖြစ်ပါကြောင်း၊

• အရည်အသွေးပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှု မရရှိခြင်းကြောင့် ဆေးရုံအတွင်း ရောဂါပိုးကူးစက်ခြင်း၊ လူနာများတွင် မူလရောဂါအပြင် ထပ်မံ၍ ရောဂါပိုးဝင်ခြင်း၊ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာများဖြစ်ပွားခြင်း၊ ရောဂါသက်သာပျောက်ကင်းရန် အချိန်ကြာခြင်း၊ ဆေးရုံတက်ရောက် ရချိန်ကြာခြင်း၊ လူနာများနှင့် နိုင်ငံတော်အတွက် ငွေကုန်ကျမှုများပြားခြင်း တို့ဖြစ်ပွားနိုင်ပါကြောင်း၊


 

• လူနာဘေးကင်းလုံခြုံမှုရရှိရေးသည်- ကြီးမားကျယ်ပြန့်ပြီး လူနာ၏ရောဂါ ရာဇဝင်မေးမြန်း၍ စစ်ဆေးစမ်းသပ်ခြင်း၊ ဆေးကုသမှုပေးခြင်းမှ ရောဂါသက်သာပျောက်ကင်းသည်အထိ လုပ်ငန်းအဆင့်တိုင်းတွင် ဆေးပညာဘာသာရပ်ပေါင်းစုံမှ ပါဝင်၍ ဆောင်ရွက်ရခြင်း ဖြစ်ပါကြောင်း၊

• မိမိတက်ရောက်ခဲ့သည့် (၂၀၁၈) ခုနှစ်၊ ဧပြီလတွင် ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ပြုလုပ်ခဲ့သော လူနာဘေးကင်းလုံခြုံမှုဆိုင်ရာ ကမ္ဘာ့တစ်ဝှမ်းကျန်းမာရေးဝန်ကြီးများ နှီးနှောဖလှယ်ပွဲကြီးတွင် ကျန်မားရေး စောင့်ရှောက်မှု အရည်အသွေးမြင့်မားတိုးတက်ရေးနှင့် လူနာဘေးကင်းလုံခြုံမှု ကိစ္စရပ်များ၏ အရေးကြီးမှုကို ဖော်ထုတ်ဆွေးနွေးခဲ့ပါကြောင်း၊

• ဝန်ကြီးဌာနအနေဖြင့် ယခုလအတွင်း လူနာဘေးကင်းလုံခြုံမှုနှင့် ကျန်မားရေးစောင့်ရှောက်မှု အရည်အသွေးမြင့်မားတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲကိုလည်း ကျင်းပခဲ့ပြီး ရှေ့လုပ်ငန်းစဉ်များ ဖော်ထုတ် ဆွေးနွေးခဲ့ပါကြောင်း၊


 

• ဆေးကုသမှု အဆင့်တိုင်းကို ဘက်ပေါင်းစုံမှ စနစ်တကျဆန်းစစ်ခြင်း (medical audit) ပြုလုပ်ပြီး အရည်အသွေးလေ့လာဆန်းစစ်နိုင်ရန်အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ပညာရှင် (၃) ဦးနှင့် ပူးပေါင်း၍ မကြာမီစတင် ဆောင်ရွက်တော့မည်ဖြစ်ပါကြောင်း၊

• ထို့အပြင် ဆေးနှင့်ဆေးနှီးနွှယ် ပညာဘာသာရပ်ပေါင်းစုံ ပညာရှင်အားလုံးပါဝင်သည့် လူနာဘေးကင်းလုံခြုံမှုဆိုင်ရာ စောင့်ကြပ်ကြည့်ရှုမှုစနစ် (patient safety monitoring dashboard) ဖြင့် ဆေးရုံ၊ ဆေးခန်း၊ ကျန်းမာရေးဌာနများတွင် ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေများကို ဆန်းစစ်အကဲဖြတ်၍ လိုအပ်ချက်၊ အားနည်းချက်များကို ဖော်ထုတ်ခြင်းနှင့် ထောက်ပြခြင်းတို့ဖြင့် ပိုမိုကောင်းမွန်စေရေး ဆောင်ရွက်သွားစေရမည်ဖြစ်ပါကြောင်း၊


 

• ယခုကဲ့သို့ စင်ကာပူနိုင်ငံမှ SingHealth အဖွဲ့၊ Temasek Foundation တို့နှင့် ဝန်ကြီးဌာနအကြား ပူးပေါင်းဆောင်ရွက်မှုဖြင့် မြန်မာနိုင်ငံ၏ ကျန်မာရေးစောင့်ရှောက်မှု အရည်အသွေးကောင်းမွန်မှုနှင့် လူနာ ဘေးကင်းလုံခြုံမှုများ ပိုမိုတိုးတက်ကောင်းမွန်လာနိုင်မည်ဖြစ်ပါကြောင်း၊

• စင်ကာပူနိုင်ငံတွင် အသုံးပြုနေသော လူနာဘေးကင်းလုံခြုံမှုဆိုင်ရာ လုပ်ငန်းလမ်းညွှန်များ၊ လုပ်ထုံးလုပ်နည်းများကိုလည်း လေ့လာ၍ မိမိတို့နိုင်ငံနှင့်ကိုက်ညီသည်များကို ရယူအသုံးချသွားရမည် ဖြစ်ပါကြောင်း၊

• လူနာဘေးကင်းလုံခြုံမှု အကြောင်းတရားများကို ဘွဲ့ကြိုနှင့် ဘွဲ့လွန်သင်တန်းများ၏ သင်ရိုးညွှန်းတမ်းများတွင် အလေးပေး ထည့်သွင်းသင်ကြားသွားရမည်ဖြစ်ပါကြောင်း၊

• လူနာဘေးကင်းလုံခြုံမှု စွမ်းဆောင်ရည်မြှင့်သင်တန်းများပြုလုပ်ရာတွင် ဆရာဝန်၊ သူနာပြုများ သာမက စီမံခန့်ခွဲရေးတာဝန်ရှိသူများကိုပါ ထည့်သွင်းဆောင်ရွက်ခြင်းဖြင့် လုပ်ငန်းဆောင်ရွက်မည့်သူအားလုံး လူနာဘေးကင်းလုံခြုံမှုသဘောတရားများကို နားလည်သိရှိပြီး ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊


 

• လူနာဘေးကင်းလုံခြုံမှု (patient safety) နှင့် အရည်အသွေးပြည့်ဝသည့် ကျန်းမာရေး စောင့်ရှောက်မှုတို့နှင့် ပတ်သက်သည့် သုတေသနများ (qualitative research) ကို ပိုမိုပြုလုပ်သွားစေလိုပါကြောင်း၊

• ထို့အပြင် လူနာဘေးကင်းလုံခြုံမှုဆိုင်ရာ အလေ့အကျင့်ကောင်းများကို ပညာရှင်များ အချင်းချင်း ဝေမျှခြင်းကိုလည်း ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူနိုင်ငံသံအမတ်ကြီး H.E Ms. Vanessa Chan က အမှာစကားပြောကြားခဲ့ပြီး၊ စင်ကာပူနိုင်ငံTemasek Foundation International မှ Chief Executive ဖြစ်သူ Mr. Benedict Cheong၊ SingHealth အဖွဲ့မှ Deputy Group CEO ဖြစ်သူ Professor Fond Kok Yong တို့က နှုတ်ခွန်းဆက်စကားနှင့် နားလည်မှုသဘောတူညီစာချွန်လွှာနှင့် ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့ကြပါသည်။


 

     ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူနိုင်ငံသံအမတ်ကြီး တို့၏ရှေ့မှောက်တွင် ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန) ဒေါက်တာစိုးဦးနှင့် Professor Fond Kok Yong တို့က သဘောတူညီမှု စာချွန်လွှာကိုလက်မှတ်ရေးထိုးခဲ့ပါသည်။


 

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် စင်ကာပူနိုင်ငံ SingHealth အဖွဲ့၊ Temasek Foundation တို့နှင့် ပူးပေါင်း၍ မြန်မာနိုင်ငံရှိ ဆေးရုံပေါင်း (၄၀)ကျော်မှ ကျန်းမာရေးစောင့်ရှောက်မှုပေးသူ (၇၀၀) ဦးကျော်အတွက် ကျန်းမာရေးစောင့်ရှောက်မှုအရည် အသွေးမြင့်မားမှု၊ လူနာဘေးကင်းလုံခြုံမှု၊ ရောဂါပိုးကူးစက်ပြန့်ပွားမှုကို ကာကွယ်ခြင်းနှင့် ထိန်းချုပ်ခြင်းဆိုင်ရာ ခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှု စွမ်းဆောင်ရည် မြှင့်တင်ခြင်းလုပ်ငန်းများကို (၂၀၂၂) ခုနှစ်အထိ (၃) နှစ်တာကာလ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။


 

     အဆိုပါ အခမ်းအနားသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဆေးရုံအုပ်ကြီးများ၊ ဆေးရုံအုပ်များ၊ အထူးကုဆရာဝန်များ၊ သူနာပြုများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။


 

 


 
 

More Tags