ကျန်းမာရေးစောင့်ရှောက်မှုများ ယခုထက်ပိုမိုသွက်လက်ထိရောက်စွာ ဆောင်ရွက်နိုင်ရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး ဆွေးနွေး

           ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကုသရေးဦးစီးဌာနတို့ကို ဗဟိုအဆင့် ပြန်လည်ပူးပေါင်းရေးအကြံပေးအဖွဲ့ ပထမအကြိမ်ညှိနှိုင်းအစည်းအဝေးကို ဇွန်လ(၂၆)ရက်နေ့ မွန်းလွဲပိုင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားရာတွင် ဝန်ကြီးဌာနအတွက်အဓိကကျသောဦးစီးဌာနကြီးနှစ်ခု ပြန်လည်ပေါင်းစည်းခြင်းအားဖြင့် ဝန်ကြီးဌာနတစ်ခုလုံးအနေဖြင့် ပိုမိုအားကောင်း၊ တောင့်တင်းခိုင်မာ၊ စည်းလုံး ကျစ်လစ်သွားမည်ဖြစ်ပါကြောင်း၊


 

           ပြည်သူများနှင့်ဝန်ထမ်းများ၏ အကျိုးကိုရှေ့ရှု့ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ဗဟိုအဆင့် ပြန်လည်ပူးပေါင်းရေးအကြံပေးအဖွဲ့သည် အတွေ့အကြုံများစွာရှိသူများဖြင့် ဖွဲ့စည်းထားပါကြောင်း၊ ထွက်ပေါ်လာသောဆွေးနွေးချက်ရလဒ်များကို ဦးစားပေးအလိုက် အကောင်အထည် ဖော်နိုင်ရန်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် ရှုထောင့်ပေါင်းစုံမှ သုံးသပ်၍ အားလုံးဝိုင်ဝန်း ဆွေးနွေးကြရန်ဖြစ်ပါကြောင်း ပြောကြားသည်။ ထို့နောက် အစည်းအဝေးကိုဆက်လက်ကျင်းပသည်။

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အရည်အသွေးပြည့်ဝစွာဖြင့် ယခုထက်ပိုမိုသွက်လက်ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကုသရေးဦးစီးဌာနတို့ကိုပူးပေါင်းကာ ဦးစီးဌာနတစ်ခုတည်း ထားရှိနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိရာတွင် ၂၀၁၆ ခုနှစ်၊ သြဂုတ်လမှစတင်၍ ဆွေးနွေးပွဲများ အကြိမ်ကြိမ်ကျင်းပခဲ့ပါသည်။ ၂၀၁၇ ခုနှစ်၊ ဇွန်လ (၆)ရက်နေ့တွင် တိုင်းဒေသကြီး၊ ပြည်နယ်များမှ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ ဖွဲ့စည်းပုံအကြံပြုချက်များအပေါ် သဘောထားမှတ်ချက်များအားတင်ပြခြင်းကို အသေးစိတ်ညှိနှိုင်းဆွေးနွေးခဲ့ပြီး ဗဟိုအဆင့်ပြန်လည် ပူးပေါင်းရေးအကြံပေးအဖွဲ့ကိုဖွဲ့စည်းကာ အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည်။

More Tags