ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေး ကွင်းဆင်းဆောင်ရွက်မှု ကျွမ်းကျင်မှုဆိုင်ရာ (၁) လ သင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော်၊ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၁၉) ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲက ကျင်းပဆောင်ရွက်သော ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေးကွင်းဆင်း ဆောင်ရွက်မှု ကျွမ်းကျင်မှုဆိုင်ရာ (၁) လ သင်တန်း (Field Epiedemiology Training Programme - FETP: One Month Course) ဖွင့်ပွဲအား (၁၉-၁၁-၂၀၁၉) ရက်နေ့တွင် နေပြည်တော် ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့ရှိ ကျန်းမာရေးဝန်ထမ်းသင်တန်းကျောင်း၌ ကျင်းပရာ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာသာထွန်းကျော် တက်ရောက်၍ အမှာစကားပြောကြားခဲ့ပါသည်။


 

     ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ်က အမှာစကားပြောကြားရာတွင် -

ကူးစက်ရောဂါပိုးများသည် မိမိတို့ပတ်ဝန်းကျင်တွင်ရှိနေသဖြင့် ကိုယ်ခံစွမ်းအားကျဆင်းချိန်တွင် အလွယ်တကူ ကူးစက်ပျံ့နိုင်ပါသဖြင့် ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်း များကို အထူးအလေးပေးဆောင်ရွက်ရန် လိုအပ်ကြေားင်း၊

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အနေဖြင့်လည်း ရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်း များကို ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း၊

ကျန်းမာရေးဝန်ထမ်းများအတွက် ကူးစက်ရောဂါ ကွင်းဆင်းစောင့်ကြပ်ကြည့်ရှုခြင်း (Surveillance) နှင့် ကွင်းဆင်းစုံစမ်းစစ်ဆေးမှု (Outbreak Investigation) နှင့် ထိရောက်သော တုံ့ပြန်မှု (Response) လုပ်ငန်းများသည် အလွန်အရေးကြီးသော လုပ်ငန်းများဖြစ်ကြောင်း၊ ကျန်းမာရေးဝန်ထမ်းများအတွက် ယခု Field Epidemiology Training Programme သင်တန်းသည် ကူးစက်ရောဂါများ အစုလိုက်အပြုံလိုက် ဖြစ်ပွားလာပါက လက်တွေ့တွင် မည်ကဲ့သို့ လုပ်ဆောင်ရမည်ကို သင်ကြားပေးမည့် သင်တန်းဖြစ်သဖြင့် သင်တန်းတက်ရောက်ခွင့်ရရှိခြင်းမှာ အထူးကံကောင်းကြောင်းနှင့် ဂုဏ်ယူသင့်ကြောင်း၊

ယခုသင်တန်းတက်ရောက်လာသူအများစုမှာ လူငယ်သွေးသစ်များဖြစ်သည်ကို တွေ့ရှိရ သဖြင့် နောင်အနာဂတ်ပြည်သူ့ကျန်းမာရေးလောကအတွက် စွမ်းအားတစ်ရပ်ဖြစ်ကြောင်း၊

ယခုသင်တန်းမှာ စာတွေ့ ၅၀% နှင့် လက်တွေ့ ၅၀% ကို ပေါင်းစပ်သင်ကြားပေးမည်ဖြစ်ရာ စာချည်းသက်သက် သင်တန်းများကဲ့သို့မဟုတ်ဘဲ လက်တွေ့လုပ်ဆောင်ရမည့် လုပ်ငန်းများကို လေ့လာရမှာဖြစ်တဲ့အတွက် အလွန်စိတ်ဝင်စားစရာကောင်းကြောင်း၊


 

သင်တန်းသင်ကြားပေးမည့် သူများမှာလည်း နိုင်ငံတကာ Field Epidemiology Training Programme သင်တန်းများနှင့် ပတ်သက်၍လည်းကောင်း၊ လုပ်ငန်းခွင်ကျွမ်းကျင်မှုနှင့် ပတ်သက်၍လည်းကောင်း အရည်အချင်းနှင့် အတွေ့အကြုံပြည့်ဝသူ များ ဖြစ်ကြောင်း၊

သင်တန်းဆရာများမှာ နိုင်ငံတကာ FETP သင်တန်းဆင်းများ၊ ပြည်သူ့ကျန်းမာရေး တက္ကသိုလ်မှ ဆရာ/ဆရာမများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ရောဂါနှိမ်နင်းရေးဌာနခွဲမှ စီမံချက်မန်နေဂျာများ၊ ကုသရေးဦးစီးဌာန၊ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အတွေ့အကြုံရှိသည့် ပြည်သူ့ကျန်းမာရေး ပညာရှင်ကြီးများပါဝင် သည်ဟု သိရှိရကြောင်း၊

International FETP သင်တန်းများမှာ ပြည်ပတွင် (၂)နှစ်သင်ကြားတက်ရောက်သင်ယူရပြီး မြန်မာနိုင်ငံအနေဖြင့် နှစ်စဉ်လူဦးရေ အနည်းငယ်သာ စေလွှတ်နိုင်သဖြင့် ပြည်တွင်း FETP သင်တန်းများအား ဖွင့်လှစ် သင်ကြားရခြင်းဖြစ်ကြောင်း၊

ယခုဖွင့်လှစ်ကျင်းပသော FETP (၁)လသင်တန်းမှာ နိုင်ငံတကာ FETP သင်တန်းများ အား အတိုချုံးအနေဖြင့် သင်ကြားဖွင့်လှစ်သော သင်တန်းတစ်ခုဖြစ်ကြောင်း၊

ထို့အပြင် FETP International (9)month-Course ပထမအသုတ်အနေဖြင့် အားလည်း ဆရာဝန်များအား ခေါ်ယူသင်တန်းပေးထားပြီးဖြစ်ကြောင်း၊

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် ယခုကဲ့သို့ FETP သင်တန်းများ အား စဉ်ဆက်မပြတ် ဖွင့်လှစ်သင်ကြားပေးလျက်ရှိသဖြင့် FETP သင်တန်းမှ မွေးထုတ်ပေး ထားသော သင်တန်းသားများစွာရှိနေပြီဖြစ်ကြောင်း၊

ယခုသင်တန်းတွင် ကူးစက်ရောဂါဖြစ်ပွားမှုနှင့်ပတ်သက်၍ Simulation exercise နှင့် table top exercise ကဲ့သို့လေ့ကျင့်သင်ကြားပေးမှုများပါဝင်ကြောင်း၊ natural disaster များဖြစ်ပွားလာ သောအခါ မည်သို့ဆောင်ရွက်ရမည်ကိုလည်း သင်ကြားပေးမည်ဖြစ်သဖြင့် အလွန် ကောင်းမွန်သော သင်တန်းဖြစ်ကြောင်း၊

မိမိအနေဖြင့် အဓိကမှာကြားလိုသည်မှာ သင်တန်းသားများအနေဖြင့် မိမိတို့ကျန်းမာရေးကို အထူးဂရုစိုက်စေလိုကြောင်း၊ သို့မှသာ လေ့ကျင့်သင်ကြားမှုများအား ရာနှုန်းပြည့် လေ့လာ သင်ယူနိုင်မည်ဖြစ်ပါကြောင်း၊

သင်တန်းကြီးကြပ်သူများမှလည်း သင်တန်းသားများ၏ အရေးပေါ်ကျန်းမာရေး အခြေ အနေများအတွက် ကြိုတင်ပြင်ဆင်ထားရှိရန် နှင့် အရေးပေါ်အခြေအနေများအတွက် သင်တန်းတာဝန်ခံများအား ညဂျုတီအလှည့်ကျချထား၍ ကြီးကြပ်ပေးရန် မှာကြားလိုကြောင်း၊

ဒုတိယအချက်အနေဖြင့် သင်တန်းသားများအနေဖြင့် သင်တန်းစည်းကမ်းများကို တိတိ ကျကျလိုက်နာ စေလိုကြောင်း၊ သင်တန်းတွင်းမှာသာမက သင်တန်းပြင်ပအချိန်များတွင် လည်း သင်တန်းသားများ အဆင်ပြေစွာနေထိုင်နိုင်ရန် ဗဟိုကူးစက် ရောဂါတိုက်ဖျက်ရေး ဌာနခွဲ မှ တာဝန်ယူဆောင်ရွက်ရမည်ဖြစ်ကြောင်း၊

သင်တန်းသားများအနေဖြင့် ရက်တိုအတွင်းမှာ ကြိုးစားသင်ယူမှတ်သားကြရန်နှင့် မိမိတို့တာဝန်ကျရာ မြို့နယ် ကျေးလက်ကျန်းမာရေးဌာနများသို့ ပြန်လည်ရောက်ရှိချိန်တွင် သင်တန်းတွင်လေ့လာတတ်မြောက်သည့် သင်ခန်းစာများအား လက်တွေ့တာဝန်များဖြစ် သော ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ရာတွင် အကျိုးရှိရှိ အသုံးချပြီး ထိထိရောက်ရောက် လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်သွားကြ စေလိုကြောင်း နှင့် မိမိတို့ ၏လုပ်ဖော်ကိုင်ဖက် ကျန်းမာရေးဝန်ထမ်းများအား ပြန်လည် မျှဝေရန် လိုအပ်ကြောင်း မှာကြားခဲ့ပါသည်။

     ၄င်းနောက် သင်တန်းသားများက တစ်ဦးချင်း အလှည့်ကျ မိတ်ဆက်ခဲ့ကြပြီး သင်တန်းသားများသည် ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်နှင့် ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦးတို့နှင့်အတူ မှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ပါသည်။

     ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ်က လယ်ဝေးကျန်းမာရေးသင်တန်းကျောင်းရှိ FETP သင်တန်းသားများအတွက် ဖွင့်လှစ်ထားသော စာကြည့်ခန်းနှင့် သင်တန်းသားများ၏ အိပ်ဆောင်များအား လှည့်လည် ကြည့်ရှု့စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်းပေးပြီး ဆောင်ရွက်ရန် လုပ်ငန်းများကို လမ်းညွှန်မှာကြားခဲ့ပါသည်။

     ယနေ့ကျင်းပပြုလုပ်သော FETP တစ်လသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦး၊ ညွှန်ကြားရေးမှူး (ရောဂါနှိမ်နင်းရေး) ဒေါက်တာစည်သူအောင်နှင့် ဒုတိယညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှ သင်တန်းသားများ တက်ရောက်ခဲ့ကြပါသည်။

     အဆိုပါ FETP (၁)လသင်တန်းအား (၁၉-၁၁-၂၀၁၉)ရက်နေ့မှ (၁၉-၁၂-၂၀၁၉) ရက်နေ့အထိ သင်ကြားပို့ချသွားမည်ဖြစ်ပြီး လယ်ဝေးမြို့နယ်၊ ကျန်းမာရေးဝန်ထမ်းသင်တန်းကျောင်းတွင် စာတွေ့သင်ကြားခြင်း ရက်သတ္တပတ် (၂) ပတ်နှင့် နေပြည်တော်ကောင်စီနယ်မြေနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် ကွင်းဆင်းလေ့ကျင့်သင်ကြားခြင်း ရက်သတ္တပတ် (၂)ပတ်တို့ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

More Tags