ကျောင်းကျန်းမာရေးဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၀) ကျင်းပ

Union Minister Dr. Myint Htwe attends the school health central committee coordination meeting (1/2020)

နေပြည်တော်၊ (၂၀၂၀) ခုနှစ်၊ ဇန်နဝါရီလ (၁၇) ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့်အတူ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်၌ ကျင်းပခဲ့သည့် “ကျောင်းကျန်းမာရေး ဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၀)” သို့ တက်ရောက်ခဲ့ပါသည်။


 

     အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက အမှာစကားပြောကြားရာတွင် -

• နိုင်ငံတစ်ဝန်းလုံးရှိကျောင်းများတွင် ကျောင်းအခြေပြုကျန်းမာရေးမြှင့်တင်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် မူဝါဒများချမှတ်ခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များအတွက် လမ်းညွှန် ချက်များပေးအပ်ခြင်းများ ဆောင်ရွက်ပေးမည့် ယခုအစည်းအဝေးသည့် အရေးကြီးပါကြောင်း၊

• ရှေ့လုပ်ငန်းစဉ်များ ချမှတ်ရာတွင် လက်တွေ့အမှန်တကယ်အကောင်အထည်ဖော် ဆောင်ရွက်နိုင်သည့် လုပ်ငန်းစဉ်များချမှတ်ခြင်း၊ လုပ်ငန်းစဉ်များကို ဦးစားပေးအဆင့်သတ်မှတ်ခြင်း၊ လုပ်ငန်းအကောင်အထည်ဖော်မည့် အချိန်ကာလအစီအစဉ် (timeline) ရေးဆွဲချမှတ်ခြင်း၊ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် လုပ်ငန်းစဉ်များ ဖော်ထုတ်ချမှတ်ခြင်း၊ လုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် နှီးနွှယ်ဌာနနှင့် အဖွဲ့အစည်းများ ပူးပေါင်းချိတ်ဆက်ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊


 

• ပူးပေါင်းချိတ်ဆက်ဆောင်ရွက်မှုများ အားကောင်းစေရေးအတွက် ဌာန၊ အဖွဲ့အစည်းအလိုက် လုပ်ငန်းကဏ္ဍ တာဝန်များကို တိကျစွာချမှတ်ထားရှိရမည်ဖြစ်ပါကြောင်း၊

• လုပ်ငန်းများကို ကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ မိဘများနှင့် မိဘဆရာအသင်းဝင်များ ကိုယ်တိုင်ပါဝင်ဆောင်ရွက်မှသာ အောင်မြင်မည်ဖြစ်ပါကြောင်း၊

• ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများအတွက် ကျောင်းကျန်းမာရေးလုပ်ငန်းများ လမ်းညွှန် နှင့် စံလုပ်ထုံးလုပ်နည်းများဆိုင်ရာ စာအုပ်များ ပြုစုဖြန့်ဝေပေးသွားရမည်ဖြစ်ပါကြောင်း၊

• ကျောင်းသား၊ ကျောင်းသူများကိုယ်တိုင် သက်ဆိုင်ရာ ကျောင်းအလိုက် ကျောင်းကျန်းမာရေး ကော်မတီများတွင် ပါဝင်စေခြင်း၊ ကျောင်းသား၊ ကျောင်းသူများအချင်းချင်း သက်ရွယ်ဆင့်တူ ပညာပေးခြင်း (peer education) လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်းမှ ကျောင်းကျန်းမာရေးလုပ်ငန်းများကို တက်ကြွစွာ ဦးဆောင်ဆောင်ရွက်နိုင်ရန် လက်တွဲ ခေါ်ယူသွားရမည် ဖြစ်ပါကြောင်း၊


 

• ကျောင်းကျန်းမာရေးလုပ်ငန်းစဉ် (၉) ရပ် ဆောင်ရွက်ရုံသာမက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်မှ လမ်းညွှန်ခဲ့သည့် ကျောင်းအခြေပြုကျန်းမာရေးမြှင့်တင်မှု ဦးစားပေး လုပ်ငန်းစဉ် (၇) ရပ် ဖြစ်သော - ကျောင်းသား၊ ကျောင်းသူများတွင် မူးယစ်ဆေးဝါး အန္တရာယ်ကင်းစင်ပပျောက်ရေး၊ ဆေးလိပ်သောက်သုံးမှု ကင်းစင်ပပျောက်ရေး၊ အရက်သောက်သုံးခြင်းနှင့် နောက်ဆက်တွဲအန္တရာယ်များကင်းစင်ပပျောက်ရေး၊ ကျန်းမာရေးနှင့်ညီညွတ်သည့် လူမှုဘဝနေထိုင်မှုပုံစံများ လိုက်နာကျင့်သုံးဆောင်ရွက်ရေး၊ ယာဉ်အန္တရာယ်နှင့် လမ်းအန္တရာယ်ကြောင့် ထိခိုက်ဒဏ်ရာရရှိမှု ကင်းရှင်းရေး၊ မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ အသိပညာဗဟုသုတများထည့်သွင်းသင်ကြားနိုင်ရေးနှင့် ဂိမ်းအလွန်အကျွံစွဲလမ်းမှု ပပျောက်ရေးလုပ်ငန်းများကိုပါ တစ်ပါတည်းဆောင်ရွက်သွားကာ ကျောင်းနေအရွယ်လူငယ်များတွင် ကျန်းမာရေးနှင့်ညီညွတ်သည့် နေထိုင်စားသောက်မှု အလေ့အထများ ခိုင်မြဲစွာရရှိစေရန် ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊

• လုပ်ငန်းစဉ်များသတ်မှတ်ချထားပြီး အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် ဘဏ္ဍာငွေကို နှစ်စဉ်သတ်မှတ်လျာထားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

• ယခင်ကျင်းပခဲ့သည့် အစည်းအဝေးများမှ ထွက်ပေါ်ခဲ့သည့် လုပ်ငန်းစဉ်များ၊ လွှတ်တော်တွင် ဖြေကြားထားချက်များနှင့် လွှတ်တော်ကိုယ်စားလှယ်များမှ အဆိုပြုချက်များနှင့် ပတ်သက်၍ အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှုများကို ဆန်းစစ်သုံးသပ်၍ အားဖြည့်ဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း၊

• တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် (၉.၇) သန်းဦးခန့် ရှိသော ကျောင်းသား၊ ကျောင်းသူများ ကျန်းမာသန်စွမ်းခြင်းဖြင့် နိုင်ငံတော်၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုများအတွက် အထူးအကျိုး ရှိစေမည်ဖြစ်ပါကြောင်း၊

• “ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး” ဆောင်ပုဒ်နှင့်အညီ အားကစားလေ့ကျင့်မှုများကိုလည်း ကျောင်းသား၊ ကျောင်းသူများအကြားမြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

• ကျောင်းသား၊ ကျောင်းသူများတွင် ကျန်းမာရေးအသိပညာဗဟုသုတများ ကြွယ်ဝခြင်းအားဖြင့် ၎င်းတို့မှတဆင့် ၎င်းတို့၏ မိဘ၊ ဆွေမျိုး၊ မိတ်ဆွေများထံသို့ပါ ကောင်းမွန်သည့် ကျန်းမာရေးနှင့်ညီညွတ်သော နေထိုင်စားသောက်မှုများ၊ အသိပညာဗဟုသုတများ ရောက်ရှိနိုင်မည်ဖြစ်သဖြင့် ဆင့်ကဲအကျိုးကျေးဇူး (domino effect) များ ရရှိနိုင်မည်ဖြစ်ပါကြောင်း၊


 

• လုပ်ငန်းများဆောင်ရွက်ရာတွင် လုပ်ငန်းဆောင်ရွက်မှုအခြေအနေနှင့် အောင်မြင်မှု အခြေအနေများကို စောင့်ကြည့်စစ်ဆေးမှုများအား ကိုက်ညီစစ်ဆေးမှုပုံစံ (checklist) များ အသုံးပြုကာ ပုံမှန်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊

• လုပ်ငန်းဆန်းစစ်သုံးသပ်မှုများကိုလည်း နှစ်စဉ်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ထို့အပြင် အသုံးချသုတေသနများပြုလုပ်၍လည်း လုပ်ငန်းပိုမိုတိုးတက်ကောင်းမွန်စေရေး ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊

• ထိုသို့နှိုင်းယှဉ် သုံးသပ်မှုများပြုလုပ်နိုင်ရန်အတွက် နောက်ခံအချက်အလက်များ (background data and information) ကို စုံလင်စွာစုဆောင်းထားရှိရမည်ဖြစ်ပါကြောင်း၊

• လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့်လည်း လုပ်ငန်းများကို ပံ့ပိုးဆောင်ရွက်စေလိုပါကြောင်း၊

• တိုင်းဒေသကြီး/ ပြည်နယ်အလိုက် လုပ်ငန်းများဆောင်ရွက်အောင်မြင်မှုနှင့် စွမ်းဆောင်မှုများကို စံသတ်မှတ်ချက်များနှင့်အညီ ဆန်းစစ်၍ စွမ်းဆောင်ရည်မြင့်မားသည့် ကျောင်းများ ကိုရွေးချယ်၍ အသိအမှတ်ပြုဆုများ ချီးမြှင့်စေလိုပါကြောင်း၊

• ကျောင်းကျန်းမာရေးလုပ်ငန်းများသည် ပြည်သူ့ကျန်းမာရေးလုပ်ငန်းတစ်ခုဖြစ်သည်နှင့်အညီ အကျိုးကျေးဇူးများကို အဆင့်ဆင့် အချိန်ကာလအတိုင်းအတာတစ်ခုကြာမှသာ မြင်သာနိုင် မည်ဖြစ်သော်လည်း အဆိုပါ အကျိုးကျေးဇူးများသည် ရေရှည်တည်တံ့ ခိုင်မြဲသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။


 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှာစကား ပြောကြားရာတွင် -

• ပညာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတစ်ဝန်းရှိကျောင်းများတွင် ဆောင်ရွက်ရမည့် ကျောင်းကျန်းမာရေးလုပ်ငန်းစဉ်များအတွက် လိုအပ်ချက်၊ အားနည်းချက်နှင့် စိန်ခေါ်မှုများကို စာရင်းပြုစုမှုနှင့် ဆန်းစစ်ဖော်ထုတ်မှုများ ဆောင်ရွက်လျက်ရှိပါကြောင်း၊

• ထို့အပြင် စစ်တမ်းနှင့် သုတေသနတွေ့ရှိချက်များမှ အချက်အလက်များအပေါ်မူတည်၍ လုပ်ငန်းများကို လိုအပ်သလို အားဖြည့်ဆောင်ရွက်ခြင်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊

• နေရာဒေသအလိုက်၊ လူမှုစီးပွားအခြေအနေအလိုက် အားနည်းချက်များရှိနေသော ဒေသများရှိ ကျောင်းများအတွက် လိုအပ်ချက်များကို ဦးစားပေးဖြည့်ဆည်း ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊

• လုပ်ငန်းများပိုမိုအောင်မြင်စေရေးအတွက် ကျောင်းသား၊ ကျောင်းသူများ၏ မိဘများ၏ ကျောင်းကျန်းမာရေးလုပ်ငန်းများ၏ အရေးကြီးမှုအား သိရှိနားလည်မှု၊ စိတ်ပါဝင်စားစွာပါဝင် ဆောင်ရွက်မှုတို့ကို ရရှိရန်လိုအပ်ပါကြောင်း၊

• သို့ဖြစ်ပါ၍ မိဘများအား ကျောင်းကျန်းမာရေးလုပ်ငန်းများ၏ အရေးကြီးမှုနှင့် အကျိုးကျေးဇူးကြီးမားမှု၊ လုပ်ငန်းများတွင် အခက်အခဲမရှိပဲ ကိုယ်တိုင်ပါဝင်ဆောင်ရွက်နိုင်မှု၊ လုပ်ငန်းများနှင့် ပတ်သက်သည့် အကြောင်းအရာများကို အသိပေးပြောကြားခြင်းနှင့် ဝိုင်းဖွဲ့ဆွေးနွေးခြင်းများ ပြုလုပ်ပေးသွားရမည်ဖြစ်ပါကြောင်း၊

• ထို့အပြင်ကျောင်းကျန်းမာရေးလုပ်ငန်းဆောင်ရွက်နေမှုများကို ပြည်သူများ ကျယ်ကျယ် ပြန့်ပြန့် သိရှိစေရေးဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊

• ကျောင်းများတွင် ဘဝတစ်သက်တာကျွမ်းကျင်စရာ (life skill) များ သင်ကြားရာတွင် သက်ဆိုင်ရာဌာနများမှ ပူးပေါင်းဆောင်ရွက်ပေးခြင်းဖြင့် ပိုမိုကောင်းမွန်မည်ဖြစ်ပါကြောင်း၊

• လုပ်ငန်းများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ သက်ဆိုင်ရာပညာရပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုပံ့ပိုးခြင်းများကိုရယူခြင်း၊ နှီးနွှယ်ဌာနဆိုင်ရာများနှင့် အဖွဲ့အစည်းများနှင့် ပူးပေါင်းချိတ်ဆက်ဆောင်ရွက်ခြင်းတို့ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။


 

     ထို့နောက် ကျောင်းကျန်းမာရေးဗဟိုကော်မတီ တွဲဖက်အတွင်းရေးမှူးဖြစ်သူ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး (ပညာ) ဒေါက်တာတင်ယုယုအေးက ကျောင်းကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေ၊ ဖြည့်ဆည်းဆောင်ရွက်ပေးရန်လိုအပ်သော အကြောင်းအရာများနှင့် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးတင်ပြခဲ့ပါသည်။


 

     ယင်းနောက် ကျောင်းကျန်းမာရေးဗဟိုကော်မတီ အတွင်းရေးမှူးဖြစ်သူ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး (ကျောင်းကျန်းမာ) ဒေါက်တာဖြူဖြူအေးက ပထမအကြိမ်အစည်းအဝေး၏ အကြံပြုချက်များအပေါ် ဆောင်ရွက်ထားရှိမှုများ၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့် လုပ်ငန်းစီမံချက် အလုပ်ရုံအစည်းအဝေးများမှ ထွက်ပေါ်လာသော ဖြည့်ဆည်းဆောင်ရွက်ရန်လိုအပ်သော အကြောင်းအရာများနှင့် ရှေ့လုပ်ငန်းစဉ်များအား ဆွေးနွေးတင်ပြခဲ့ပါသည်။


 

     ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသည့် ကျောင်းကျန်းမာရေးဗဟိုကော်မတီဝင်များနှင့် ကိုယ်စားလှယ်များ၊ တာဝန်ရှိသူများက ဆွေးနွေးတင်ပြချက်များနှင့် စပ်လျဉ်း၍ ဖြည့်စွက်ဆွေးနွေးခြင်း၊ ဌာနအသီးသီးတွင် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအား ဆွေးနွေးတင်ပြခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များအား အကြံပြုဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ပါသည်။


 

 


 

     ထို့နောက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (မိခင်၊ ကလေးကျန်းမာရေး) ဒေါက်တာမြင့်မြင့်သန်းက အစည်းအဝေး ဆွေးနွေးချက်များအရ ဦးစားပေးဆောင်ရွက်သွားမည့် ရှေ့လုပ်ငန်းစဉ်များကို တင်ပြခဲ့ပါသည်။


 

 


 

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အစည်းအဝေး နိဂုံးချုပ်အမှာစကားပြောကြားရာတွင် -

• အစည်းအဝေးတွင် တင်ပြခဲ့သည် ကျောင်းများတွင် အသုံးပြုရန် သက်ရွယ်ဆင့်တူ ပညာပေးခြင်း (peer education) လက်စွဲစာအုပ်ကိုပြုစုလျက်ရှိခြင်းမှာ ကောင်းမွန်ပါကြောင်း၊

• အဆိုပါစာအုပ်စတင်မိတ်ဆက်ခြင်းနှင့် ပထမအသုတ်အဖြစ်ရွေးချယ်ထားသော တက္ကသိုလ်/ကောလိပ် (၁၀)ခုတွင် စတင်ဆောင်ရွက်သွားခြင်းဆိုင်ရာအခမ်းအနားကို ရန်ကုန်တက္ကသိုလ်တွင် ကျင်းပသွားရန် စီစဉ်ခြင်းသည်ကောင်းမွန်ပါကြောင်း၊

• လုပ်ငန်းများအတွက် ဘဏ္ဍာငွေများသတ်မှတ်ချထားပြီးဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

• ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတို့အကြား လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ သတင်းအချက်အလက်များကို အပြန်အလှန်ဝေမျှမှုနှင့် စုစည်းချိတ်ဆက် ဆောင်ရွက်မှုတို့ဖြင့် ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။


 

     ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက အစည်းအဝေး နိဂုံးချုပ်အမှာစကားပြောကြားရာတွင် -

• ကျောင်းမုန့်စျေးတန်းများတွင် ကျန်းမာရေးနှင့်ညီညွတ်ပြီး၊ ဘေးအန္တရာယ်ကင်းရှင်းသည့် စားသောက်ကုန်များကိုသာ ရောင်းချစေရေးသည်လည်း အရေးကြီးသဖြင့် ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများနှင့် မိဘ-ဆရာအသင်းတို့ ပူးပေါင်းဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း၊

• ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရှိ ကျန်းမာရေးစီမံချက် မန်နေဂျာများအနေဖြင့်လည်း ကျောင်းကျန်းမာရေးအဆင့်မြှင့်တင်ရေးလုပ်ငန်းများကို လေ့လာဆန်းစစ်၍ သက်ဆိုင်ရာ စီမံချက်အလိုက် ပါဝင်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊

• လုပ်ငန်းများဆောင်ရွက်ရာတွင် အခြေခံကျန်းမာရေးဝန်ထမ်းပညာရှင်များ၏ အင်အားကို အသုံးချဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊

• ကျောင်းသား၊ ကျောင်းသူများ၏ ကျန်းမာရေးအချက်အလက်မှတ်တမ်းများကို ကွန်ပျူတာစနစ်အသုံးပြုမှတ်တမ်းထားရန် စီစဉ်ဆောင်ရွက်နေသည်မှာ ကောင်းမွန်ပါကြောင်း၊

• ကျောင်းကျန်းမာရေးဆိုင်ရာ ကျန်းမာရေးအသိပညာမြှင့်တင်မှုလုပ်ငန်းများကိုလည်း ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းချိတ်ဆက်၍ အပတ်စဉ်ပုံမှန်ပြုလုပ်သွားရမည်ဖြစ်ပါကြောင်း၊

• ကျောင်းကျန်းမာရေးလက်စွဲစာအုပ်ကိုလည်း ယခုနှစ် မတ်လအတွင်း ဂျီနီဗာမြို့တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ ရုံးချုပ်က ကျင်းပတော့မည့် ကျောင်းအခြေပြုကျန်းမာရေးမြှင့်တင်မှုဆိုင်ရာ စံအချက်အလက်များသတ်မှတ်ရေး အစည်းအဝေးမှ ထွက်ပေါ်လာသော အချက်အလက်များနှင့်အညီ မွမ်းမံပြင်ဆင်သွားရမည်ဖြစ်ပါကြောင်း၊

• ကျောင်းကျန်းမာရေးလုပ်ငန်းများနှင့်ပတ်သက်၍ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများ၊ မိဘများ၊ မိဘဆရာအသင်းဝင်များ၏ အမြင်နှင့် ပိုမိုကောင်းမွန်စေရေး လက်တွေ့ကျသော အကြံပြုချက်များရရှိစေရေးအတွက် ဦးတည်အုပ်စုဝိုင်းဖွဲ့ဆွေးနွေးခြင်း (focus group discussion) ကိုလည်းပြုလုပ်သွားစေလိုပါကြောင်း၊

• လုပ်ငန်းများ ပိုမိုပီပြင်အောင်မြင်စေရေးအတွက် အားလုံးစုစည်းပေါင်းစပ် ဆောင်ရွက်သွား စေလိုပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် အစည်းအဝေးကို မွန်းလွဲပိုင်းတွင် ရုတ်သိမ်းခဲ့ပါသည်။

     အစည်းအဝေးသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်နှင့် ပြည်သူ့ကျန်းမာရေးဉီးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပညာရေးသုတေသန၊ စီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေး ဦးစီးဌာနနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့မှ ကျောင်းကျန်းမာရေးဗဟိုကော်မတီဝင်များနှင့် ကိုယ်စားလှယ်များ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

 
 

More Tags