ကာကွယ်ရေးနှင့်လူမှုရေးဆေးပညာဌာနများမှ ဆရာ၊ ဆရာမများနှင့် ပြည်ထောင်စုဝန်ကြီးတွေ့ဆုံ

Union Minister meets the faculty members of preventive and social medicine departments of Universities of Medicine

ရန်ကုန်၊ (၂၀၂၀) ခုနှစ်၊ ဇန်နဝါရီလ (၁၃) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နေ့လယ်ပိုင်တွင် အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ညွှန်ကြားရေးမှူးချုပ် (ပြည်ထောင်စုဝန်ကြီးရုံး) ဒေါက်တာသာထွန်းကျော်၊ ညွှန်ကြားရေးမှူးချုပ် (ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန) ဒေါက်တာတင်တင်လေး၊ ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန) ဒေါက်တာစိုးဦးတို့နှင့် အတူ ပြည်သူ့ကျန်းမာရေးတက္ကသိုလ်မှ ပါမောက္ခချုပ်၊ ပါမောက္ခများနှင့် ဆရာ၊ ဆရာမများ၊ ဆေးတက္ကသိုလ် (၅) ခုမှ ကာကွယ်ရေးနှင့်လူမှုရေးဆေးပညာဌာန၊ ပါမောက္ခ/ဌာနမှူးများ၊ ပါမောက္ခများ၊ တွဲဖက်ပါမောက္ခများ၊ ဆရာနှင့် ဆရာမများနှင့် အခြေခံကျန်းမာရေးတက္ကသိုလ်မှ ဆရာ၊ ဆရာမများ၊ ကာကွယ်ရေးနှင့်လူမှုရေးဆေးပညာရှင်များအဖွဲ့မှ အဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့ပါသည်။

 

     ထိုသို့ တွေ့ဆုံရာ၌ ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် -

• နိုင်ငံတော်နှင့်ဝန်ကြီးဌာနတို့အတွက် အရေးကြီးသည့် ပြည်သူ့ကျန်းမာရေးကဏ္ဍကို ပုံဖော်ဆောင်ရွက်ရာတွင် ပီပြင်အောင်မြင်စေရေးအတွက် ယခုတွေ့ဆုံပွဲသို့တက်ရောက်လာသည့် ဆရာ၊ ဆရာမများ၏ အခန်းကဏ္ဍသည်အရေးကြီးပါကြောင်း

• ဝန်ကြီးဌာနရှိ တက္ကသိုလ်များတွင် တက်ရောက်သည့် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် မျိုးဆက်သစ်ပညာရှင်များသည် ပြည်သူ့ကျန်းမာရေးလုပ်ငန်းများကို စိတ်ပါဝင်စားရန်နှင့် ပိုင်နိုင်ကျွမ်းကျင်စွာဆောင်ရွက်နိုင်ရန်တို့အတွက် သင်ကြားသင်ယူမှုပုံစံကောင်းများဖြင့် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊

 

• ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဘာသာရပ်များ၏ အခြေခံ၊ အရေးကြီးမှု၊ လက်တွေ့အသုံးချဆောင်ရွက်မှုတို့ကို တက္ကသိုလ်တက်ရောက်စဉ်ကတည်းက ကျွမ်းကျင်စွာတတ်မြောက်စေရေး သင်ကြားဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊

• ဆေးတက္ကသိုလ်များတွင် ရလဒ်အခြေပြုသော ပေါင်းစည်းချိတ်ဆက်သင်ကြားခြင်းသင်ရိုးညွှန်းတမ်း (Outcome Based Integrated Curriculum) ဖြင့် (၂၀၁၉) ခုနှစ်၊ ဒီဇင်ဘာလမှ စတင်၍ တက္ကသိုလ်တက်ရောက်သည့် အတန်းများကို သင်ကြားလျက်ရှိပြီဖြစ်ရာ ကာကွယ်ရေးနှင့်လူမှုရေးဆေးပညာ သင်ရိုးညွှန်းတမ်းကိုလည်း မွမ်းမံပြင်ဆင်ရေးဆွဲသွားရမည်ဖြစ်ပါကြောင်း၊

 

• ထိုသို့မွမ်းမံပြင်ဆင်ရာတွင် အသစ်ပြင်ဆင်ရေးဆွဲကာ ထွက်ပေါ်လာတော့မည့် အမျိုးသားကျန်းမာရေးမူဝါဒတွင် ပါဝင်သော အကြောင်းအရာ အချက်များနှင့်လည်း ကိုက်ညီရမည်ဖြစ်ပါကြောင်း၊

• သင်ကြားသင်ယူမှုများပြုလုပ်သည့်အခါ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာသင်ချိန်ပြီးချိန်တွင် တစ်ပါတည်းသိရှိယူဆောင်သွားရမည့် အဓိကအချက်အလက် (take home message)၊ ပြည်သူ့ကျန်းမာရေးလုပ်ငန်းများအလိုက် တွေ့ကြုံရနိုင်သည့် စိန်ခေါ်မှုများ၊ မဝေးလှသော အနာဂတ်ကာလတွင် ဖြစ်ပေါ်လာနိုင်သည့် ပြည်သူ့ကျန်းမာရေးဆိုင်ရာ အကြောင်းအရာများနှင့် ပြည်သူ့ကျန်းမာရေးကျင့်ဝတ်များကို ထည့်သွင်းသင်ကြားစေလိုပါကြောင်း၊

 

• ကျောင်းသား၊ ကျောင်းသူများတွင် သုတေသနဆောင်ရွက်သည့် အလေ့အကျင်းကောင်းများရရှိစေရန်နှင့် သုတေသနဆောင်ရွက်မှု လုပ်ငန်းအဆင့်များ၊ သုတေသနကျင့်ဝတ်များကို သိရှိစေရေး သင်ကြားပေးစေလိုပါကြောင်း၊

• ဆေးသုတေသနဦးစီးဌာန (ပြင်ဦးလွင်) တွင်လည်း သုတေသနစွမ်းဆောင်ရည် လေ့ကျင့်မြှင့်တင်ရေးဗဟိုဌာနကို ဖွင့်လှစ်ဆောင်ရွက်လျက်ရှိရာ တက္ကသိုလ်များမှ ဆရာ၊ ဆရာမများပါဝင်တက်ရောက်နိုင်ပါကြောင်း၊ ထို့အပြင် ကျွမ်းကျင်မှုဘာသာရပ်အလိုက် သင်ကြားသူများအဖြစ်လည်း ပါဝင်ဆောင်ရွက်စေလိုပါကြောင်း၊

 

• တက္ကသိုလ်များရှိ စာကြည့်တိုက်များတွင် စာအုပ်စာတန်းများ စုံလင်စွာထားရှိနိုင်ရန်နှင့် ကျောင်းသား၊ ကျောင်းသူများ စာကြည့်တိုက်ကို ပိုမိုအသုံးချလေ့လာစေရန်အတွက် ဆောင်ရွက်ကြစေလိုပါကြောင်း၊

• ဆေးတက္ကသိုလ်၊ နောက်ဆုံးနှစ် အပိုင်း (က) သင်တန်းတွင် ကျေးလက်ဒေသများသို့ ပြည်သူ့ကျန်းမာရေးဆိုင်ရာ လက်တွေ့ကွင်းဆင်းလေ့ကျင့်သင်ကြားမှုဆောင်ရွက်ရာ၌ ကျောင်းသား၊ ကျောင်းသူများ ပြည်သူ့ကျန်းမာရေးလုပ်ငန်းများကို ပိုမိုစိတ်ပါဝင်စားစေရန်ကို အလေးထားဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊

 

• ဆရာ၊ ဆရာမများအနေဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ရုံးချုပ်၏ အင်တာနက်စာမျက်နှာ၊ အမေရိကန်နိုင်ငံ ရောဂါနှိမ်နင်းရေးဗဟိုဌာန၏ အင်တာနက်စာမျက်နှာများကို လေ့လာကြည့်ရှုပြီး ကမ္ဘာတစ်ဝန်းတွင်ဖြစ်ပွားနေသော ပြည်သူ့ကျန်းမာရေးပြဿနာများနှင့် အကြောင်းအရာများကို ကျောင်းသား၊ ကျောင်းသူများထံ ဝေမျှပေးစေလိုပါကြောင်း၊

• ထို့အပြင် ဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာကိုလည်း ကြည့်ရှုခြင်းဖြင့် ဝန်ကြီးဌာန၏ ဦးတည်ချက်၊ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကို သိရှိနိုင်မည်ဖြစ်ပါကြောင်း၊

• ကာကွယ်ရေးနှင့်လူမှုရေးဆေးပညာ သင်ရိုးညွှန်တမ်း မွမ်းမံရေးဆွဲရန်၊ သင်ကြားသင်ယူမှုများ ပိုမိုကောင်းမွန်စွာဆောင်ရွက်နိုင်ရေးလိုအပ်သည်များ ဆွေးနွေးဖော်ထုတ်ရန်နှင့် ပညာရပ်ဘက်စုံပိုမိုဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးအကြံပြုရန် တို့အတွက် နှီးနှောဖလှယ်ပွဲတစ်ရပ်ကို ကျင်းပသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

 

     ဆက်လက်၍ ကာကွယ်ရေးနှင့်လူမှုရေးဆေးပညာရှင်များအဖွဲ့၏ ဥက္ကဋ္ဌဖြစ်သူ ဆေးတက္ကသိုလ် (၁) ကာကွယ်ရေးနှင့်လူမှုရေးဆေးပညာဌာနမှ ပါမောက္ခ/ ဌာနမှူး ပါမောက္ခဒေါက်တာစန်းစန်းဌေးက ဆေးတက္ကသိုလ်များရှိ ကာကွယ်ရေးနှင့်လူမှုရေးဆေးပညာဌာနများ၏ ဖွဲ့စည်းပုံ၊ လက်ရှိ သင်ရိုးညွှန်းတမ်း၊ ကာကွယ်ရေးနှင့်လူမှုရေးဆေးပညာဌာနအဖွဲ့ဖွဲ့စည်း ဆောင်ရွက်မှုနှင့် ၎င်းအဖွဲ့၏ ပထမအကြိမ် အစည်းအဝေးမှ ပညာရပ်ပိုမိုတိုးတက်ဖွံ့ဖြိုးရေးအတွက် အကြံပြုချက်များကို ရှင်းလင်းတင်ပြခဲ့ပါသည်။

 

     ထို့နောက် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် ပါမောက္ခ/ ဌာနမှူးများ၊ ပါမောက္ခများ၊ ဆရာ၊ ဆရာမများက အထွေထွေ ဆွေးနွေးတင်ပြမှုများ ဆောင်ရွက်ခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက တင်ပြချက်များအပေါ် ပြန်လည် ဆွေးနွေးပြောကြားခဲ့ပါသည်။

More Tags