ကာကွယ်ဆေးနှင့် ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းများကို ပံ့ပိုးဆောင်ရွက်နေသည့် Gavi, the Vaccine Alliance အဖွဲ့၏ ကမ္ဘာ့အဆင့် ဘုတ်အဖွဲ့ဝင်များအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးတက်ရောက်

Union Minister Dr. Myint Htwe attends the Gavi board meeting

နေပြည်တော်၊ (၂၀၁၉) ခုနှစ်၊ ဒီဇင်ဘာလ (၇) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် ဒီဇင်ဘာလ (၄) ရက်နေ့မှ (၅) ရက်နေ့ အထိကျင်းပခဲ့သည့် “ကာကွယ်ဆေးနှင့် ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းများကို ပံ့ပိုးဆောင်ရွက်နေသည့် Gavi, the Vaccine Alliance အဖွဲ့၏ ကမ္ဘာ့အဆင့် ဘုတ်အဖွဲ့ဝင်များအစည်းအဝေး” သို့ ဘုတ်အဖွဲ့ဝင် တစ်ဦးအနေဖြင့် တက်ရောက်ခဲ့ပါသည်။

 


 

   ယင်းအစည်းအဝေးသို့ အာရှဒေသ၊ တောင်အမေရိကဒေသနှင့် အာဖရိကဒေသ နိုင်ငံများမှ ကျန်းမာရေးဝန်ကြီးများ၊ ရန်ပုံငွေထည့်ဝင်သော ဖွံ့ဖြိုးပြီးနိုင်ငံများမှ အကြီးတန်း ကိုယ်စားလှယ်များ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ Unicef၊ Bill and Melinda Gates foundation၊ ကမ္ဘာ့ဘဏ်မှ ကိုယ်စားလှယ်များ၊ ကာကွယ်ဆေးထုတ်လုပ်သည့် ကုမ္ပဏီကြီးများမှ ကိုယ်စားလှယ်များ၊ လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် အထူးဖိတ်ကြားသူများ စုစုပေါင်း (၁၀၀) ဦးကျော်တက်ေရာက်ခဲ့ပါသည်။


 

   ယင်းအစည်းအဝေး၌ Gavi ဘုတ်အဖွဲ့ဝင်ဖြစ်သူ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက -

(၁) Gavi အဖွဲ့၏ ငွေကြေးပံ့ပိုးမှု မူဝါဒများ သုံးသပ်ခြင်းနှင့် ရှေ့ဆက်လက်ရရှိမည့် ရန်ပုံငွေများ ဆိုင်ရာ ကိစ္စရပ်များ၊

(၂) ငှက်ဖျားရောဂါ ကာကွယ်ဆေး (vaccine) ကို အာဖရိကနိုင်ငံများ၌ စမ်းသပ်ထိုးနှံနေသည့် ကိစ္စရပ်များ၊

(၃) အလယ်အလတ်တန်းဝင်ငွေရှိသော နိုင်ငံ (middle income country) များ၌ ပြုလုပ်မည့် မဟာဗျူဟာနှင့် နည်းဗျူဟာဆိုင်ရာ ကိစ္စရပ်များ၊

(၄) အာဖရိကနိုင်ငံများ၌ Ebola ရောဂါကာကွယ်ဆေးထိုးနှံသည့် ကိစ္စရပ်များနှင့်

(၅) ရှေ့လုပ်ငန်းစဉ်များအား မည်ကဲ့သို့ဆောင်ရွက်သင့်ကြောင်းတို့ကို အကြံပြုဆွေးနွေးခဲ့ပါသည်။


 

    ထို့အပြင် Gavi အဖွဲ့၏ (၂၀၂၁) ခုနှစ်မှ (၂၀၂၅) ခုနှစ်အထိ ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ပံ့ပိုးမှုများပြုလုပ်မည့် မဟာဗျူဟာ၊ နည်းဗျူဟာများနှင့် ပတ်သက်၍ လက်တွေ့မြေပြင်အခြေအနေ၌ ပိုမိုထိရောက်အောင် မည်ကဲ့သို့ဆောင်ရွက်သင့်သည်ကို အကြံပြုဆွေးနွေးခဲ့ပါသည်။


 

    ယင်းနောက် ပြည်ထောင်စုဝန်ကြီးက Gavi အဖွဲ့၏ (၂၀၂၁-၂၅) ခုနှစ် မဟာဗျူဟာသည် မြန်မာနိုင်ငံအား တိုက်ရိုက် (သို့မဟတုတ်) သွယ်ဝိုက်၍ အကျိုးသက်ရောက်မှုရှိသဖြင့် ပိုမို ထိရောက်ရန် ဆောင်ရွက်သင့်သည်များနှင့်ပတ်သက်၍ လည်းကောင်း၊ Gavi အဖွဲ့အနေဖြင့် ကာကွယ်ဆေးများ ပံ့ပိုးခြင်းများသာမက ကာကွယ်ဆေးထိုးနှံသည့် စနစ်ပုံစံများနှင့် ကာကွယ် ဆေးထိုးနှံမှုနှင့် ပတ်သက်သည့် ကျန်းမာရေးစနစ်ခိုင်မာအားကောင်းစေရန် ပံ့ပိုးပေးနေသည့် အဖွဲ့အစည်းဖြစ်သဖြင့် မိမိတို့နိုင်ငံအတွက် အလွန်အကျိုးရှိပါကြောင်းကိုလည်းကောင်း ဆွေးနွေးခဲ့ပြီး အိန္ဒိယနိုင်ငံ၏ ကာကွယ်ဆေးထိုးနှံမှုနှင့် ကာကွယ်ဆေးဝယ်ယူသည့် ပုံသဏ္ဍာန်များ စသည်တို့နှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။


 

     ထိုသို့ သွားရောက်သည့်ခရီးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီးသည် ဒီဇင်ဘာလ (၃) ရက်နေ့တွင် National Institute of Health and Welfare ရှိ National Cold chain and Vaccine Management Resource Centre သို့သွားရောက်၍ ကာကွယ်ဆေးအအေးလမ်းကြောင်းထိန်းသိမ်းထားသိုမှုနှင့် စီမံခန့်ခွဲမှုများ လေ့ကျင့်သင်ကြားနေမှုများကို လေ့လာခဲ့သည်။


 

     Gavi အဖွဲ့အနေဖြင့် မြန်မာနိုင်ငံ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကာကွယ်ဆေးထိုးလုပ်ငန်းများအတွက် (၂၀၁၂) ခုနှစ်မှ (၂၀၁၇) ခုနှစ်အထိ စုစုပေါင်း အမေရိကန်ဒေါ်လာ (၁၁၆) သန်းကျော်ကိုပံ့ပိုးပေးခဲ့ပြီး (၂၀၁၉) ခုနှစ်မှ (၂၀၂၁) ခုနှစ်အထိ ကာကွယ်ဆေးထောက်ပံ့ခြင်း၊ ကာကွယ်ဆေးအသစ်ထည့်သွင်းထိုးနှံခြင်း၊ အစုလိုက်ကာကွယ်ဆေးထိုးနှံခြင်း၊ ကာကွယ်ဆေး အအေးလမ်းကြောင်းပစ္စည်းများ ထိန်သိမ်းခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုစနစ်မြှင့်တင်ခြင်း လုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ (၁၂၃) သန်းကျော်ကို ပံ့ပိုးလျက် ရှိသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။


 
 
 
 

More Tags