World Food Program မှ Country Director and Resident Representative ဖြစ်သူ Mr. Stephen Anderson နှင့် အဖွဲ့အား ပြည်ထောင်စုဝန်ကြီးလက်ခံတွေ့ဆုံ

Union Minister Dr. Myint Htwe receives Country Director and Resident Representative of World Food Program Mr. Stephen Andrew and team

နေပြည်တော်၊ (၂၀၁၉) ခုနှစ်၊ ဒီဇင်ဘာလ (၁၃) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နေ့လယ်ပိုင်းတွင် World Food Program မှ Country Director and Resident Representative ဖြစ်သူ Mr. Stephen Anderson နှင့် အဖွဲ့အား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်၌ လက်ခံတွေ့ဆုံခဲ့ပါသည်။


 

     ထိုသို့တွေ့ဆုံရာတွင် Mr. Stephen Anderson က -

• World Food Program အနေဖြင့် ကမ္ဘာတစ်ဝန်းတွင် စားရေရိက္ခာနှင့်ပတ်သတ်သော ပံ့ပိုးမှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံတွင်လည်း ဝန်ကြီးဌာနများနှင့် သဘောတူညီမှုလက်မှတ်ရေးထိုး၍ အထူးသဖြင့် အာဟာရဖွံ့ဖြိုးမှုလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

• World Food Program အနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ကျောင်းတွင်းအာဟာရကျွေးမွေးခြင်း၊ အာဟာရနို့တိုက်ကျွေးခြင်းစသည့် ကျောင်းများတွင် အာဟာရဖွံ့ဖြိုးမှုလုပ်ငန်းများကို ပံ့ပိုးဆောင်ရွက်သွားလိုပါကြောင်း၊

• မြန်မာနိုင်ငံတွင် “ဘဝရှေ့ဆောင် ရက်တစ်ထောင်” လုပ်ငန်းများဆောင်ရွက်နေခြင်းသည် ကောင်းမွန်ပြီး မိမိတို့အနေဖြင့် ပံ့ပိုးဆောင်ရွက်သွားလိုပါကြောင်း၊

• ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ပြည်သူများအတွက် အာဟာရဖွံ့ဖြိုးမှုလုပ်ငန်းများတွင် ပိုမိုပါဝင်ပံ့ပိုးဆောင်ရွက်သွားလိုပါကြောင်း ပြောကြားခဲ့ပါသည်။


 

     ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် -

• World Food Program အနေဖြင့် မြန်မာနိုင်ငံ အဏုအာဟာရနှင့် အစာစားသုံးမှု အခြေအနေ လေ့လာရေးစစ်တမ်း (Myanmar micronutrient and food consumption survey) ကို ဆန်းစစ်လေ့လာမှုများပြုလုပ်၍ ပါဝင်ပံ့ပိုးနိုင်မည့် လုပ်ငန်းကဏ္ဍများကို သိရှိနိုင်မည်ဖြစ်ပါကြောင်း၊

• မြန်မာနိုင်ငံတွင် ဝန်ကြီးဌာနများနှင့် ပုဂ္ဂလိက ကဏ္ဍတို့အပါအဝင် ကဏ္ဍပေါင်းစုံပါဝင်သော အမျိုးသားအာဟာရဖွံ့ဖြိုးမှုဆိုင်ရာ ငါးနှစ်စီမံကိန်း (Multi-sectoral National Plan of Action on Nutrition: MS-NPAN) ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာတွင်လည်းကောင်း၊ “ဘဝရှေ့ဆောင် ရက်တစ်ထောင်” ဆောင်ပုဒ်နှင့်အညီ တိုင်းဒေသကြီးနှင့် ပြည်နယ် များတွင် အာဟာရဖွံ့ဖြိုးမှုအကြံပြုဆွေးနွေးခြင်း၊ ကိုယ်ဝန်ဆောင်နှင့် အသက် (၂)နှစ်အောက် ကလေးငယ်များ အာဟာရစောင့်ရှောက်မှုပေးခြင်းလုပ်ငန်းများအား ဆောင်ရွက်ရာတွင် လည်းကောင်း ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ပါကြောင်း၊

• ဝန်ကြီးဌာနအနေဖြင့် ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းလက်တွဲ၍ အာဟာရဖွံ့ဖြိုးမှုလုပ်ငန်းများအပါအဝင် ကျောင်းအခြေပြု ကျန်းမာရေးမြှင့်တင်မှုလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊

• Kirt humanitarian international အဖွဲ့မှ မြန်မာနိုင်ငံရှိကိုယ်ဝန်ဆောင်မိခင်များအတွက် တစ်ဦးလျှင် (၆) လစာ သောက်သုံးနိုင်သည့် ကိုယ်ဝန်ဆောင်အားဆေးဗူးပေါင်း (၂၃၇,၀၀၀) ကို လှူဒါန်းပေးပို့ခဲ့ပြီး ဆက်လက်၍လည်း ပေးပို့သွားမည်ဖြစ်ရာ ဝန်ကြီးဌာနအနေဖြင့် အဆိုပါအားဆေးများကို ကိုယ်ဝန်ဆောင် စောင့်ရှောက်မှုဆေးခန်းလာရောက်ပြသည့် ကိုယ်ဝန်ဆောင်များ အား ပေးအပ်လျက်ရှိပါကြောင်း၊

• ကျန်းမာရေးအသိပညာမြှင့်တင်ခြင်းအပါအဝင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအတွက် အထောက်အကူပြု Mobile Tablet များကို အသုံးပြု၍ ကျေးလက်တောရွာများတွင် အာဟာရဖွံ့ဖြိုးမှု အကြောင်းအရာများအပါအဝင် ကျန်းမာရေးအသိပညာပေးခြင်းလုပ်ငန်းများကို အရှိန်အဟုန်ဖြင့်ဆောင်ရွက်လျက်ရှိပါကြောင်း၊

• ဝန်ကြီးဌာနမှ ပုံမှန်ကျင်းပလျက်ရှိသည့် Myanmar Health Sector Coordination Committee အစည်းအဝေးများတွင် World Food Program အနေဖြင့် ပါဝင်တက်ရောက်ပါက ချိတ်ဆက်ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုကောင်းမွန်လာမည်ဖြစ်ပါကြောင်း၊

• World Food Program အနေဖြင့် ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်မည့် အသေးစိတ်ကိစ္စရပ်များကို သက်ဆိုင်ရာဌာနများနှင့် ကျန်းမာရေးစီမံချက်များမှ တာဝန်ရှိသူများနှင့် အသေးစိတ်ဆက်လက်ညှိနှိုင်းစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။


 

     ထိုသို့တွေ့ဆုံရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန) ဒေါက်တာစိုးဦး၊ ဒုတိယညွှန်ကြားရေးမှူး (အာဟာရဖွံ့ဖြိုးရေးနှင့်သုတေသန) ဒေါက်တာလွင်မာလှိုင်၊ ဒုတိယညွှန်ကြားရေးမှူး (ပြည်တွင်းပြည်ပဆက်ဆံရေးနှင့် သတင်းပြန်ကြားရေး) ဒေါက်တာအောင်စိုးထက်နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ပါသည်။

More Tags