USAID HIV/AIDS Flagship (UHF) Project စီမံချက် စတင်ဆောင်ရွက်ခြင်းအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေး တက်ရောက်

ရန်ကုန်၊ (၂၀၁၈) ခုနှစ်၊ ဖေဖော်ဝါရီလ (၂၅) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်၊ မင်းတုန်းခန်းမ၌ ဖေဖေါ်ဝါရီလ (၂၅)ရက် နံနက်(၉)နာရီတွင် ကျင်းပသော USAID HIV/AIDS Flagship (UHF) Project စတင်ဆောင်ရွက်ခြင်း အခမ်းအနားသို့တက်ရောက် အဖွင့်အမှာစကား ပြောကြားခဲ့သည်။


 

     ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် ဤ USAID HIV/AIDS Flagship Project (UHF) အကောင်အထည်လုပ်ဆောင်ရွက်ရာတွင် မိတ်ဖက်အဖွဲ့အစည်းအချင်းချင်း ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ရန်နှင့် အမျိုးသားခုခံကျ/ ကာလသားရောဂါတိုက်ဖျက်ရေး စီမံချက်မန်နေဂျာနှင့် ပုံမှန်ဆက်သွယ်ဆောင်ရွက်ရန် အရေးကြီးပါကြောင်း၊ ဤ UHF စီမံချက်တွင်ပါရှိသော လုပ်ငန်းများသည် အမျိုးသားခုခံကျ/ကာလသား ရောဂါတိုက်ဖျက်ရေးစီမံကိန်းတွင်ပါရှိသည့် ရည်ရွယ်ချက်၊ လုပ်ငန်းစဉ်းများနှင့် သင့်လျော်ကိုက်ညီမှုရှိရန်နှင့် လုပ်ငန်းများ ထပ်မနေရန်လိုအပ်ကြောင်း၊ ယခု UHF စီမံချက်၏ ရည်မှန်းချက်များအတိုင်း အကောင်အထည်ဖော်နိုင်မှုရှိ/မရှိကို အညွှန်းကိန်းများဖြင့် စနစ်တကျစောင့်ကြပ်ကြည့်ရှု၍ လိုအပ်သလို ပြုပြင်မွမ်းမံပြီး အကောင်အထည်ဖော်ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊


 

     HIV နှင့် AIDS ရောဂါကာကွယ်တားဆီးကုသရေးလုပ်ငန်းတွင် အထွေထွေရောဂါကု ပြင်ပဆရာဝန်များ၏ အခန်းကဏ္ဍဍအရေးကြီးပုံကို မမေ့ရန်လိုအပ်ပါကြောင်း၊ မူးယစ်ဆေးသုံးစွဲသူများ၊ လိင်တူ ဆက်ဆံသူများအကြားတွင် ကူးစက်ပြန့်နှံ့ပုံလမ်းကြောင်းများ၊ ဆက်စပ်မှုများကို လေ့လာရန်လိုအပ်ကြောင်း၊

     HIV/AIDS ကာကွယ်နှိမ်နင်းရေးနှင့် ပညာပေးလုပ်ငန်းများလုပ်ကိုင်ရာတွင် HIV/ AIDS ကူးစက်ပြန့်ပွားနေသူများကိုယ်တိုင် ပါဝင်ဆောင်ရွက်နိုင်စေရန်နှင့် ယင်းတို့၏ အခန်းကဏ္ဍကို မြှင့်တင်ပေးရန် လိုအပ်ကြောင်း၊

     အရေးကြီးဆုံးအချက်မှာ ပြည်သူများ၏ ကျန်းမာရေးအသိပညာဖြစ်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် HIV/AIDS ရောဂါအပါအဝင် "စံပြု ကျန်းမာရေးအချက်အလက်များစာအုပ် (Standardized Health Messages) ကို ထုတ်ဝေဖြန့်ဖြူးထားပြီး အခြေခံကျန်းမာရေးဝန်ထမ်းများမှတဆင့် ပြည်သူများ၏ ကျန်းမာရေးအသိပညာမြင့်မားလာစေရေး ကြိုးပမ်းအားထုတ်လျက်ရှိကြောင်း၊


 

     ဤ UHF စီမံချက်သည် မြန်မာနိုင်ငံ၏ HIV/AIDS ရောဂါကူးစက်ဖြစ်ပွားမှု ဝန်ထုပ်ဝန်ပိုးကို လျော့ချရေးတွင် များစွာအထောက်အကူဖြစ်မည်ဟု ယုံကြည်ပါကြောင်း၊ HIV နှင့် AIDS ရောဂါကာကွယ် တားဆီးကုသရေးလုပ်ငန်းကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန တစ်ခုတည်းအနေဖြင့် ဆောင်ရွက်ရန်မဖြစ်နိုင်ဘဲ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများအလှူရှင် အဖွဲ့အစည်း များ၊ မိတ်ဖက်အဖွဲ့အစည်းများ၊ တိုင်းရင်းသားကျန်းမာရေးအဖွဲ့များ၊ USAID, UNAIDS အဖွဲ့အသီးသီး၏ အခန်းကဏ္ဍသည်အရေးပါကြောင်း၊ ယခု UHF စီမံချက်ကို ထောက်ပံ့ကူညီပေးသော အမေရိကန် နိုင်ငံအစိုးရနှင့် USAID အဖွဲ့ကို ကျေးဇူးတင်အသိအမှတ်ပြုပါကြောင်း ပြောကြားခဲ့ပါသည်။


 

      ထို့နောက် အမေရိကန်သံအမတ်ကြီး Ambassador H.E Mr. Scot Marciel က နှုတ်ခွန်းဆက် စကားပြောကြားခဲ့သည်။ ယင်းနောက် USAID မှ Mr. Oussama Tawil နှင့် အပြည်ပြည်ဆိုင်ရာ လူထုမိတ်ဆက်အဖွဲ့အစည်းမှ ဒေါက်တာစည်သူရတို့က အိပ်ချ်အိုင်ဗွီ/ အေအိုင်ဒီအက်စ် ရောဂါကာကွယ်ခြင်းနှင့် ကုသခြင်းလုပ်ငန်းများမြှင့်တင် ဆောင်ရွက်မှုအခြေအနေကို တင်ပြကြသည်။

         ပြည်ထောင်စုဝန်ကြီးနှင့်တက်ရောက်လာသူများက မိတ်ဖက်အဖွဲ့အစည်းများမှ ခင်းကျင်းပြသထားသော အိပ်ချ်အိုင်ဗွီ/အေအိုင်ဒီအက်စ် ရောဂါကာကွယ်ခြင်း ဆောင်ရွက်ထားမှုပြခန်းများအား ကြည့်ရှုခဲ့ သည်။

     ဤစီမံကိန်းသည် အမျိုးသားခုခံကျ/ ကာလသားရောဂါတိုက်ဖျက်ရေး စီမံချက်၏ လမ်းညွှန်မှုဖြင့် CPI နှင့် မိတ်ဖက်အဖွဲ့အစည်းများက အိပ်ချ်အိုင်ဗွီ ပိုးရှိသူများနှင့် အိပ်ချ်အိုင်ဗွီ ကူးစက်နိုင်ခြေများသော “ဦးတည်အုပ်စုဝင်” များအား ရောဂါကာကွယ်ခြင်းနှင့် ကုသခြင်းလုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်သည်။

     အဆိုပါအခမ်းအနားသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ အမျိုးသားခုခံကျ/ ကာလသားရောဂါ တိုက်ဖျက်ရေးစီမံချက်မှ တာဝန်ရှိသူများ၊ USAID၊ UNAIDS၊ လူမှုရေးအဖွဲ့အစည်း၊ မိတ်ဖက်အဖွဲ့အစည်းများဖြစ်သော Community Partners International (CPI)၊ Asia Harm Reduction Network (AHRN)၊ Medical Action Myanmar(MAM)၊ Medecins Du Monde(MDM)၊ Metta Development Foundation (Metta) နှင့် Population Services International (PSI) တို့မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများတက်ရောက်ခဲ့ကြသည်။

More Tags