University of Maryland, School of Medicine မှ Professor of Medicine, Henry J. Silverman နှင့် အဖွဲ့အား ဆေးပညာကျင့်ဝတ်နှင့်သုတေသနပညာရပ်ဆိုင်ရာ သင်ကြားရေးနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေး

      ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် တာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာလ(၂၆)ရက်နေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ အနောက်မြင်းပြိုင်ကွင်း လမ်းရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဧည့်ရိပ်သာဧည့်ခန်းမ၌ UNAIDS အဖွဲ့မှ Country Director, Mr. Oussama Tawil နှင့်တာဝန်ရှိသူတို့အားတွေ့ဆုံ၍ မူးယစ်ဆေးဝါး အလွဲသုံးမှု လျော့ချ နိုင်ရေးကိစ္စရပ်များ၊ HIV ပိုးရှိသူများအား ဆေးဝါးထောက်ပံ့ပေးနိုင်ရေး၊ ရခိုင်ပြည်နယ်တွင်း နေထိုင်သူများနှင့် တစ်ဘက်နိုင်ငံသို့ရောက်ရှိနေသူများ ပြန်လည်ဝင်ရောက်လာသောအခါတွင် HIV ပိုး စစ်ဆေးပေး နိုင်ရေးနှင့် ပိုးတွေ့ရှိပါက ကုသမှုပေးနိုင်ရေး၊ HIV ကူးစက်မှုအန္တရာယ်လျော့ချနိုင်ရေးနှင့် HIV ပိုးရှိသူများကို ခွဲခြားဆက်ဆံခြင်းခံရမှုလျော့ချနိုင်ရေးဆိုင်ရာ သုတေသနလုပ်ငန်းများအကြောင်း ဆွေးနွေး ပြောကြားခဲ့ပါသည်။


 

     ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်နိုင်ငံသံရုံးမှ သံအမတ်ကြီး H.E. Mr. Olivier Richard နှင့် ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အားတွေ့ဆုံ၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ပြင်သစ် နိုင်ငံ၊ လူမှုရေးနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့အကြား လက်မှတ်ရေးထိုးခဲ့သော စီမံခန့်ခွဲရေးဆိုင်ရာသဘောတူညီချက်မူဘောင်အတွင်း ဆောင်ရွက်လျက်ရှိသည့် ကျန်းမာရေးကဏ္ဍပူးပေါင်း ဆောင်ရွက်မှု လုပ်ငန်း အစီအစဉ်များ၊ အမျိုးသားကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာနကို နိုင်ငံတကာအဆင့်မီ မြှင့်တင်နိုင်ရေးကိစ္စများ၊ နှစ်နိုင်ငံဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့် အစီအစဉ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။


 

     ယင်းနောက် The International Committee of the Red Cross (ICRC) အဖွဲ့မှ Resident Representative Mr. Fabrizzio Carboni ဦးဆောင်သော အဖွဲ့နှင့်တွေ့ဆုံ၍ ICRC ၏ လုပ်ငန်း ဆောင်ရွက်ချက်များနှင့် ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအခြေအနေ၊ အထူးသဖြင့် ရခိုင်ပြည်နယ် တွင်း နေထိုင်သူအားလုံးအတွက် ICRC နှင့် ယခုထက်ပိုမိုအားကောင်းစွာ လက်တွဲပူးပေါင်းနိုင်မည့် ကိစ္စများကို အသေးစိတ်ဆွေးနွေးခဲ့ပါသည်။


 

        နိုဝင်ဘာလ (၂၇)ရက်နေ့၊ နံနက် (၁၁)နာရီတွင် ပြည်ထောင်စုဝန်ကြီးသည် University of Maryland, School of Medicine မှ Professor of Medicine, Henry J. Silverman နှင့်အဖွဲ့အား တွေ့ဆုံခဲ့သည်။


 

      မြန်မာနိုင်ငံရှိ ပြည်သူ့ကျန်းမာရေးတက္ကသိုလ်၊ ဆေးတက္ကသိုလ်များနှင့် ဆေးဘက်ဆိုင်ရာ နှီးနွယ် တက္ကသိုလ်များတွင် ဆေးပညာကျင့်ဝတ်နှင့်သုတေသနဆိုင်ရာသင်ကြားရေးကိစ္စရပ်များ၊ ဆေးတက္ကသိုလ် (၁)တွင် သုတေသနဆိုင်ရာကျင့်ဝတ်၊ သုတေသနဆိုင်ရာအတတ်ပညာ၊ သိပ္ပံနည်းကျရေးသားခြင်းအတတ်ပညာ၊ သုတေသနဆိုင်ရာလိုက်နာရမည့်လုပ်ထုံးလုပ်နည်းများ၊ ပြည်သူ့ကျန်းမာရေးကျင့်ဝတ်များနှင့် ပတ်သက်၍ မဟာဘွဲ့တန်း(၁)ခု ဖွင့်လှစ်သင်ကြားနိုင်ရေးကိစ္စများ၊ University of Maryland နှင့် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနရှိ တက္ကသိုလ်များအကြားသင်ကြားရေးဆိုင်ရာ အသိပညာ ဖလှယ်၍ ဆက်လက်ပူးပေါင်းသွားမည့် ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြသည်။

 
 

More Tags