Union Minister Dr. Myint Htwe attends regular knowledge sharing session (Wednesday Morning Meeting) of MoHS (13/2019) 14-8-2019

အသိပေးမျှဝေမှု “ဗုဒ္ဓဟူးနေ့ နံနက်ပိုင်း အစည်းအဝေး (Wednesday Morning Meeting)” သို့ ပြည်ထောင်စုဝန်ကြီးတက်ရောက်

နေပြည်တော်၊ (၂၀၁၉) ခုနှစ်၊ ဩဂုတ်လ (၂၀) ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ဩဂုတ်လ (၁၄) ရက်နေ့၊ နံနက်ပိုင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သော “ဗုဒ္ဓဟူးနေ့ နံနက်ပိုင်း အစည်းအဝေး (Wednesday Morning Meeting)” သို့ တက်ရောက်ခဲ့ပါသည်။


 

အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် -

• နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် (၁၂-၈-၂၀၁၉)ရက်နေ့ တွင် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အခမ်းအနား၌ ပြောကြားခဲ့သည့်မိန့်ခွန်းကို လေ့လာဖတ်ရှုကြစေလိုပါကြောင်း၊

• အဆိုပါမိန့်ခွန်းတွင်ပါရှိသော အကြောင်းအရာအချို့ကို ကောက်နှုတ်ပြောကြားလိုပါကြောင်း၊

• မိန့်ခွန်းတွင် "ဒီနေ့ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ရဲ့ ဆောင်ပုဒ်ဟာ လူငယ်တွေပါဝင်ပြီး ပညာရေးစနစ်ကိုပြုပြင်ပြောင်းလဲခြင်းပဲဖြစ်ပါတယ်။ ဒီဆောင်ပုဒ်ကို ကြည့်လိုက်တဲ့အခါ ကိစ္စနှစ်ရပ် အဓိကပါဝင်ပါတယ်။ တစ်ခုက ပြုပြင်ပြောင်းလဲခြင်း၊ တစ်ခုကပညာရေးပဲဖြစ်ပါတယ်။ ပြုပြင်ပြောင်းလဲခြင်းဆိုတာကို နှစ်မျိုးစဉ်းစားလို့ရပါတယ်။ အတိတ်ကကျန်ခဲ့တဲ့ အခြေအနေတွေကို ပြုပြင်သင့်လို့ ပြန်ပြီးတော့ပြုပြင်ခြင်း၊ နောက်တစ်ခုက အနာဂတ်အတွက် ကျွန်မတို့ ဖန်တီးတီထွင်ပြီးတော့ ပြုပြင်ပြောင်းလဲခြင်းပဲဖြစ်ပါတယ်။ ဒီနှစ်ခုက နည်းနည်းတော့ကွာခြားပါတယ်။ ကျွန်မတို့နိုင်ငံလို ဖွံ့ဖြိုးမှုနောက်ကျနေတဲ့ နိုင်ငံအတွက်ဆိုရင် ပြုပြင်ပြောင်းလဲဖို့ နှစ်မျိုးလုံးလိုအပ်ပါတယ်။ ကျွန်မတို့အတိတ်တုန်းက ကျန်ရစ်ခဲ့တဲ့ အခြေအနေ၊ ပြုပြင်ပြောင်းလဲသင့်တဲ့ အခြေအနေတွေကို ပြုပြင်ပြောင်းလဲဖို့ ဆိုတာလည်း အင်မတန်မှ အရေးကြီးပါတယ်။ ဒါ့အပြင်အနာဂတ်အတွက် ဖန်တီးတီထွင်နိုင်တဲ့ အခြေအနေလည်းလိုအပ်ပါတယ်။ ဘယ်လိုကိစ္စတွေကို ပြုပြင်ပြောင်းလဲရမယ်ဆိုတာနဲ့ပတ်သက်လို့ ကျွန်မဖတ်ဖူးတဲ့ ကဗျာ ဆုတောင်းလေးတစ်ခုကို သတိရမိပါတယ်။ အဲဒီကဗျာ ဆုတောင်းရဲ့ အဓိပ္ပါယ်ကတော့ ပြုပြင် ပြောင်းလဲသင့်တာကို ပြုပြင်ပြောင်းလဲနိုင်တဲ့ သတ္တိရှိနိုင်ပါစေ။ ပြောင်းလဲသင့်တဲ့အရာတွေကို ပြောင်းလဲရဲတဲ့ ခံနိုင်ရည်ရှိနိုင်ပါစေ။ ဘယ်ဟာက ပြုပြင်ပြောင်းလဲသင့်တယ်၊ ဘယ်ဟာကမပြောင်း လဲသင့်ဘူးဆိုတာကို ခွဲခြားသိရှိနိုင်တဲ့ ဉာဏ်ပညာအမြော်အမြင်ရှိပါစေဆိုတဲ့ ဆုတောင်းလေးပဲ ဖြစ်ပါတယ်။” ဟုပါရှိပါကြောင်း၊

• ထိုသို့ပြောကြားခဲ့သည်နှင့်အညီ အမြဲမပြတ်ပြောင်းလဲနေသော အခြေအနေများ၊ ခေတ်ကာလအခြေအနေများနှင့်အညီ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပိုမိုကောင်းမွန်တိုးတက်စေရန်အတွက် ပြောင်းလဲသင့်သည်များကို ပညာဉာဏ်အမြော် အမြင်ရှိစွာဖြင့် တုံ့ဆိုင်းခြင်းမရှိဘဲ သတ္တိရှိရှိ မွမ်းမံပြောင်းလဲဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

• အမျိုးသားကျန်းမာရေးမူဝါဒ (၁၉၉၃) ကိုလည်း လိုအပ်သလို မွမ်းမံပြင်ဆင်ရေးဆွဲ သွားနိုင်ရန် ဦးဆောင်ကော်မတီတစ်ရပ်ကို ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

• သက်ဆိုင်ရာ ကျန်းမာရေးစီမံချက်အသီးသီး၏ နှစ်ပတ်လည် အစီရင်ခံစာ (Annual report) စာအုပ်များ ပြုစုရေးသားရာတွင် ခြုံငုံဆန်းစစ်သုံးသပ်ချက်နှင့် ဆက်လက်ဆောင်ရွက်မည့် ဦးတည်ချက်လားရာ (analysis and future direction) ပါရှိသော သီးသန့်အခန်းတစ်ခုပါရှိစေလိုကြောင်း၊

• တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများအနေဖြင့် မိမိတို့ တိုင်းဒေသကြီး/ ပြည်နယ်ရုံးများအပါအဝင် မြို့နယ်အသီးသီးရှိ ကျန်းမာရေးဝန်ထမ်းများကို လုပ်ငန်း လိုအပ်ချက်အရ ပူးတွဲတာဝန်ထမ်းဆောင်စေခြင်း၊ ယာယီ တာဝန်ချထားခြင်းများကို သင့်လျော်သလို စီမံခန့်ခွဲရန် တာဝန်ရှိပါကြောင်း၊

• ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရှိ ဦးစီးဌာနအသီးသီး၊ ဗဟိုနှင့် တိုင်းဒေသကြီး/ ပြည်နယ်၊ မြို့နယ် အဆင့်ဆင့်သောရုံးများတွင် ညနေပိုင်းရုံးမဆင်းမီအချိန်တွင် ကိုယ်လက်လှုပ်ရှားအားကစား လေ့ကျင့်ခြင်းကို (၁၅)မိနစ်ခန့် ဆောင်ရွက်ကြစေလိုပြီး ဆောင်ရွက်နိုင်ရန်အတွက်လည်း စီစဉ်ခွင့်ပြုပေးရန် အဆင့်ဆင့် အကြောင်းကြားကြရမည်ဖြစ်ပါကြောင်း၊


 

• ဓါတ်ခွဲ၊ ဓါတ်မှန်၊ ဆေးဝါးကျွမ်းကျင်စသော ဆေးဘက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်း များ၏ရာထူးအဆင့်ဆင့် တက်လမ်းနိုင်ရေး ဖွဲ့စည်းပုံတိုးချဲ့ခွင့်ပြုချက် ရရှိရေးအတွက်လည်း ဆောင်ရွက်နေပါကြောင်း၊

• ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာနှစ်တွင် Metformin, Amlodipine အပါအဝင် ပုံမှန်သုံးစွဲနေရပြီး အသုံးများသောဆေးဝါးများ (commonly used drugs) ကို ဗဟိုမှသာ တင်ဒါဖြင့် ဝယ်ယူပြီး တိုင်းဒေသကြီး/ ပြည်နယ်များသို့ ဖြန့်ဖြူးပေးနိုင်ရေး စီစဉ်ဆောင်ရွက်သွား ရန်ဖြစ်ပါကြောင်း၊

• သူနာပြုဆရာမများ သင်တန်းအောင်မြင်ပြီးပါက (၁)ပါတ်အတွင်း ဝန်ထမ်းအဖြစ်ခန့်အပ်တာဝန်ပေးနိုင်ရေးအတွက် လိုအပ်သည်များ ကြိုတင်စီမံတာဝန်ရေးရန် လိုအပ်ကြောင်း၊

• ဆီးချို၊ သွေးချိုနှင့် သွေးတိုးရောဂါ စစ်ဆေးကုသမှုဆေးခန်းများဖွင့်လှစ်မှုနှင့် လုပ်ငန်းဆောင်ရွက်မှု အချက်အလက်များ အချိန်မှန်ပေးပို့ရန် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် ဦးစီးမှူးများက တာဝန်ယူ ကြီးကြပ်ရန် လိုအပ်ကြောင်း၊

• ယနေ့တင်ပြဆွေးနွေးသော ဆီးချို၊ သွေးချိုနှင့် သွေးတိုးရောဂါ စစ်ဆေးကုသမှုဆေးခန်းများ ဖွင့်လှစ်ဆောင်ရွက်နေမှုအခြေအနေ သုံးသပ်မှုကို ပြည်သူ့ကျန်းမာရေးတက္ကသိုလ်နှင့် အခြေခံကျန်းမာရေး တက္ကသိုလ်များတွင် သွားရောက်ဟောပြောစေလိုပါကြောင်း၊

• ကျန်းမာရေးဝန်ထမ်းများ၏ နှလုံးသွေးကြောရောဂါဆိုင်ရာ အန္တရာယ်ညွှန်းကိန်း (CVD risk) မည်မျှရှိသည်ကိုလည်း စမ်းသပ်စစ်ဆေးပေးရန် လိုအပ်ပါကြောင်း၊

• ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း မဟာဗျူဟာများကို လေ့လာသုံးသပ်၍ ပေါင်းစပ် ဆောင်ရွက်နိုင်သည့် မဟာဗျူဟာများကို ပေါင်းစည်း၍ ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊

• နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပညာရှင်အဖွဲ့များနှင့် ပူးပေါင်း၍ လေ့လာဆန်းစစ်မှု (evaluation/ assessment/ review) တွေ့ရှိချက်များကို ပြန်လည်ရှင်းလင်းတင်ပြခြင်း အခမ်းအနားများတွင် သက်ဆိုင်ရာစီမံချက်မှ ပုဂ္ဂိုလ်များသာမက အခြားစီမံချက်မန်နေဂျာများကိုလည်း အတွေးအမြင်ကျယ်ပြန့်စေရန် ဖိတ်ခေါ်သင့်ပါကြောင်း ပြောကြားခဲ့ပါသည်။


 

     ထို့နောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မကူးစက်တတ်သောရောဂါများ ကာကွယ်နှိမ်နင်းရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာကျော်ကံကောင်းက Activities of NCD clinics ခေါင်းစဉ်ဖြင့် ကျေးလက်ကျန်းမာရေးဌာန/ဌာနခွဲများတွင် ဆီးချို၊ သွေးချိုနှင့် သွေးတိုးရောဂါ စစ်ဆေးကုသမှုဆေးခန်းများ ဖွင့်လှစ်ဆောင်ရွက်နေမှုများနှင့် အဆိုပါဆေးခန်းများကို အခြေပြု၍ မကူးစက်တတ်သော ရောဂါများကာကွယ်ရေး၊ စစ်ဆေးစမ်းသပ်ရေးနှင့် ကုသရေးလုပ်ငန်းများ ဆက်လက်အကောင်အထည်ဖော်သွားနိုင်မည့် ကိစ္စရပ်များကို ရှင်းလင်းတင်ပြခဲ့ပါသည်။


 

     ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက မကူးစက်တတ်သော ရောဂါများကာကွယ်နှိမ်နင်းရေး ကိစ္စရပ်များကို လက်တွေ့မြေပြင်အခြေအနေများနှင့် ကိုက်ညီစွာ အကြံပြုဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။


 

    အစည်းအဝေးသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန် (ကျန်းမာရေး)၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊ ဦးစီးအရာရှိများ၊ ကျန်းမာရေးစီမံချက် မန်နေဂျာများနှင့် တာဝန်ရှိသူများ စုစုပေါင်း (၆၀)ဦးခန့် တက်ရောက်ခဲ့ပါသည်။


 
 
 

More Tags