UK နိုင်ငံ Public Health England အဖွဲ့မှ Global Health Security and Myanmar Country Lead ဖြစ်သူ Ms. Tina Endericks ဦးဆောင်သော အဖွဲ့မှ ပြည်ထောင်စုဝန်ကြီးအားလာရောက်တွေ့ဆုံ

နေပြည်တော်၊ (၂၀၁၉) ခုနှစ်၊ ဇန်နဝါရီ (၁၆)ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နေ့လယ်ပိုင်းတွင် UK နိုင်ငံ Public Health England အဖွဲ့မှ Global Health Security and Myanmar Country Lead ဖြစ်သူ Ms. Tina Endericks ဦးဆောင်သောအဖွဲ့မှ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေတုံ့ပြန်ဆောင်ရွက်ရေးကိစ္စရပ်များအတွက် နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးမှုများပေးအပ်မည့် အစီအစဉ်များကိုလာရောက်တင်ပြခဲ့ခြင်းကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

 

     Ms. Tina Endericks နှင့် အဖွဲ့က ရှင်းလင်းတင်ပြရာတွင် -

• UK နိုင်ငံ Public Health England အဖွဲ့သည် မြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်း (၆)နိုင်ငံတွင် ဘေးအန္တရာယ်နှင့် ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေဆိုင်ရာ ပူးပေါင်းပံ့ပိုးမှုများ ဆောင်ရွက်နေသည့် အတွေ့အကြုံများကို အခြေခံကာ ဝန်ကြီးဌာနအား နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးမှုများပေးအပ်သွားမည်ဖြစ်ပါကြောင်း၊

• ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်း၍ Workshop on Public Health Emergency Operations Plan အလုပ်ရုံဆွေးနွေးပွဲကို ယခုလအတွင်း ပြုလုပ်ခဲ့ပြီး လက်ရှိရေးဆွဲထားသော ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေ တုံ့ပြန်ဆောင်ရွက်ရေး စီမံချက်များ ပြန်လည်ဆန်းစစ်သုံးသပ်ခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စနစ်တကျဆောင်ရွက်နိုင်ရေးတို့အတွက် ဝိုင်းဝန်းဆွေးနွေးခဲ့ပါကြောင်း၊

• ရောဂါများ စုစည်းစောင့်ကြပ်ထောက်လှမ်းခြင်းစနစ်နှင့် ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲခန်းများကို အားဖြည့်ဆောင်ရွက်ခြင်း ကိစ္စရပ်များ၊ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေများဆိုင်ရာ ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများနှင့် စွမ်းဆောင်ရည်မြှင့်တင်ခြင်းဆိုင်ရာ လုပ်ငန်းများတွင်လည်း ပူးပေါင်းပံ့ပိုးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

• အဆိုပါကိစ္စရပ်များအား ပူးပေါင်းပံ့ပိုးဆောင်ရွက်နိုင်ရန်အတွက် အဆိုပြုလွှာ (proposal) ပြုစု၍ ဝန်ကြီးဌာနထံ တင်ပြသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် -

• ပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေများအတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများသည်

အရေးကြီးသဖြင့် ယခုကဲ့သို့ ပူးပေါင်းပံ့ပိုးမှုများကို ကျေးဇူးတင်ရှိပါကြောင်း၊

• ဝန်ကြီးဌာနမှ ခေတ်မီ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာများကို တိုးချဲ့အသုံးပြုလျက်ရှိပါကြောင်း၊

• စီမံခန့်ခွဲမှု အထောက်အကူပြု ကျန်းမာရေးသတင်းစနစ် (DHIS -2) ကို နိုင်ငံတစ်ဝန်းရှိ မြို့နယ်များအားလုံးနှင့် ဝန်ကြီးဌာနမှ ဆေးရုံ (၅၈၅) ခုတွင် အသုံးပြုလျက်ရှိပါကြောင်း၊

• ဝန်ကြီးဌာနမှ ဖြန့်ဝေထားရှိသော Mobile Tablet များကို အသုံးပြု၍ ဘေးအန္တရာယ်နှင့် ပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေများတွင် အချိန်နှင့်တပြေးညီ ထိရောက်စွာ

ချိတ်ဆက်ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊

• ကူးစက်မြန်ရောဂါများဖြစ်ပွားမှုမျိုးရှိပါက ဖြစ်ပွားမှုသတင်းအချက်အလက်များကို အချိန်နှင့် တပြေးညီပေးပို့နိုင်ခြင်း၊ အပြန်အလှန်ဆက်သွယ်ချိတ်ဆက်ဆောင်ရွက်နိုင်ခြင်း၊ ရောဂါ၏ လက္ခဏာများ၊ ကာကွယ်ရန် နည်းလမ်းများနှင့် ရောဂါတားဆီးနှိမ်နင်းရန် လမ်းညွှန်ချက်များကိုလည်း

ဖြစ်ပွားရာနေရာဒေသရှိ ကျန်းမာရေးဝန်ထမ်းများထံ အချိန်နှင့်တပြေးညီပေးပို့နိုင်ခြင်းတို့ကြောင့် အချိန်တိုအတွင်း ရောဂါဖြစ်ပွားမှုအား တားဆီးနှိမ်နင်းနိုင်မည်ဖြစ်ပါကြောင်း၊

• ဝန်ကြီးဌာနမှ ပြုလုပ်နေသော ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေး ကွင်းဆင်းဆောင်ရွက်မှု ကျွမ်းကျင်မှုဆိုင်ရာသင်တန်း (FETP) ၏ ထိရောက်အကျိုးရှိမှုများကို ဆန်းစစ်၍ ယခုထက်ပိုမို ထိရောက်အကျိုးရှိစွာဆောင်ရွက်သွားနိုင်ရန်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

• တိုင်းဒေသကြီး/ပြည်နယ်များတွင်ရှိသော Regional Surveillance Officer များ၏ လုပ်ငန်းစွမ်းဆောင်မှုများကိုလည်း ကြီးကြပ်ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊

• ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေဆိုင်ရာလုပ်ငန်းများသည် ကဏ္ဍပေါင်းစုံမှ ပူးပေါင်းပါဝင်ဆောင်ရွက်ရသော လုပ်ငန်းများဖြစ်ပါကြောင်း၊

• ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများ INGO/NGO များ၏ နေရာဒေသအလိုက်၊ လုပ်ငန်းဆောင်ရွက်မှု အမျိုးအစားအလိုက်ကို Health Partners” Profile (2018) စာအုပ်ဖြင့် စာရင်းပြုစုထားရှိပါကြောင်း၊

• ပြည်သူ့ကျန်းမာရေးဓာတ်ခွဲခန်းများ အဆင့်မြင့်ကောင်းမွန်ခြင်းသည် ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေဆိုင်ရာလုပ်ငန်းများအတွက် လွန်စွာအထောက်အကူပြုနိုင်သည့် လက်နက်ကောင်းသဖွယ်ဖြစ်ခြင်းကြောင့် အရေးကြီးပါကြောင်း၊

• စွမ်းရည်မြှင့်သင်တန်းများပြုလုပ်ရာတွင် လက်တွေ့မြေပြင်တွင်လုပ်ငန်းဆောင်ရွက်နေသော အခြေခံကျန်းမာရေးများ ပါဝင်ရေးကိုလည်း အလေးထားဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

 

     ထို့သို့တွေ့ဆုံရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် (၂) ဒေါက်တာသာထွန်းကျော်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (သဘာဝဘေး) ဒေါက်တာသန်းထွန်းအောင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ကုသရေး) ဒေါက်တာသီတာလှ၊ ညွှန်ကြားရေးမှူး (ကူးစက်) ဒေါက်တာထွန်းတင်၊ ညွှန်ကြားရေးမှူး (သဘာဝဘေး) ဒေါက်တာခင်နန်းလုံနှင့် တာဝန်ရှိသူများ၊ UK နိုင်ငံ Public Health England အဖွဲ့မှ Strategic Emergency Planning Manager, Ms. Karen Reddin၊ Strategic Health Advisor, Dr. Thidar Pyone နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ပါသည်။

More Tags