UK နိုင်ငံ Cambridge University Hospital အဖွဲ့ Addenbrooke”s Hospital မှ မေ့ဆေးနှင့် အထူးကြပ်မတ်ကုသမှုဆိုင်ရာ အတိုင်ပင်ခံဆရာဝန်ကြီးဖြစ်သူ Dr. Rowan Burnstein နှင့် အဖွဲ့အား ပြည်ထောင်စုဝန်ကြီး လက်ခံတွေ့ဆုံ

ရန်ကုန်၊ (၂၀၁၉) ခုနှစ်၊ ဖေဖော်ဝါရီလ (၉)ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးသည် ဖေဖော်ဝါရီလ (၈)ရက်နေ့၊ နေ့လယ်ပိုင်းတွင် UK နိုင်ငံ Cambridge University Hospital အဖွဲ့ Addenbrooke”s Hospital မှ မေ့ဆေးနှင့် အထူးကြပ်မတ်ကုသမှုဆိုင်ရာ အတိုင်ပင်ခံဆရာဝန်ကြီးဖြစ်သူ Dr. Rowan Burnstein နှင့် အဖွဲ့အား ပြည်သူ့ကျန်းမာရေးတက္ကသိုလ်၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

     Dr. Rowan Burnstein မှ ပြောကြားရာတွင် -

• Cambridge University Hospitals အဖွဲ့အနေဖြင့် မြန်မာနိုင်ငံတွင် မေ့ဆေးနှင့် အထူးကြပ်မတ်ကုသမှုလုပ်ငန်းများနှင့် ပတ်သက်၍ အရည်အသွေးမြှင့်တင်ခြင်းနှင့် လေ့ကျင့်သင်ကြားပေးခြင်းလုပ်ငန်းများကို ယခုထက်ပိုမိုဆောင်ရွက်ပေးလိုပါကြောင်း၊

• မိမိတို့ အနေဖြင့် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ဆေးတက္ကသိုလ်များနှင့် ပူးပေါင်း၍လည်းကောင်း၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနနှင့် ပူးပေါင်း၍လည်းကောင်း လိုအပ်သော ကျွမ်းကျင်မှုပိုင်းဆိုင်ရာ အကူအညီများအားပေးအပ်ရန် ပံ့ပိုးဆောင်ရွက်လိုပါကြောင်း ပြောကြားခဲ့ပါသည်။


 

ပြည်ထောင်စုဝန်ကြီးမှ ပြန်လည်ဆွေးနွေး ပြောကြားရာတွင် -

• ယခုကဲ့သို့သော ကျွမ်းကျင်မှုပိုင်းဆိုင်ရာ အကူအညီများပေးအပ်မှုအတွက် အထူးကျေးဇူးတင်ရှိပါကြောင်း၊

• မိမိတို့ နိုင်ငံသည် ဖွံ့ဖြိုးပြီးနိုင်ငံကြီးများကဲ့သို့ ချမ်းသာသောနိုင်ငံ မဟုတ်သည့်အတွက် ဆေးရုံအသီးသီးတွင် ဆေးရုံအမျိုးအစားအလိုက် မေ့ဆေးနှင့် အထူးကြပ်မတ်ကုသမှုဆိုင်ရာ အခြေခံလိုအပ်ချက် (basic minimal standard) များကို အဆင့်လိုက်၊ အပိုင်းလိုက်ဖြင့် ဖြည့်ဆည်းဆောင်ရွက်မည်ဖြစ်ပါကြောင်း၊

• အထူးသဖြင့် ပြည်နယ်/တိုင်းဒေသကြီးဆေးရုံများတွင် ICU နှင့် CCU - ဘက်စုံ အထူးကြပ်မတ်ကုသခြင်းနှင့် နှလုံးသွေးကြောရောဂါဆိုင် အထူးကြပ်မတ်ကုသမှုဌာနများကို ယခုနှစ်မှ စတင်၍ ဖွင့်လှစ်နိုင်ရေး အဆင့်လိုက် အပိုင်းလိုက်စတင်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

• ICU များတွင် တာဝန်ထမ်းဆောင်ကြသည့် ICU သူနာပြုများ၏ စွမ်းဆောင်ရည်တိုးတက်ရေးအတွက် စာတွေ့၊ လက်တွေ့သင်ကြားခြင်းများနှင့် ICU သူနာပြုများမွေးထုတ်ခြင်းကိုလည်း ဦးစားပေး ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊

• တစ်နိုင်ငံလုံးတွင် မေ့ဆေးဆရာဝန်နှင့် နှီးနွှယ်ပညာရှင်များ ယခုထက်ပိုမိုမွေးထုတ်ပေးနိုင်ရေးကိုလည်း အထူးဦးစားပေးကိစ္စတစ်ရပ်အဖြစ် ဆောင်ရွက်လျက်ရှိပါကြောင်း၊

• မိမိတို့ဆောင်ရွက်လျက်ရှိသော ကိစ္စရပ်များတွင် ကျွမ်းကျင်မှုပိုင်းဆိုင်ရာအကူအညီများ ပံ့ပိုးပေးအပ်စေလိုပါကြောင်း ပြောကြားခဲ့သည်။

     အဆိုပါ တွေ့ဆုံပွဲသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်တင်လေး၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ ခေတ္တညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦး၊ ဆေးတက္ကသိုလ် (၁) ရန်ကုန်၊ မေ့ဆေးပညာဌာနမှ ပါမောက္ခ/ဌာနမှူး ပါမောက္ခဒေါက်တာမူမူနိုင်နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ပါသည်။

More Tags