Samaritan's Purse အဖွဲ့မှ တာဝန်ရှိသူများအား ပြည်ထောင်စုဝန်ကြီး လက်ခံတွေ့ဆုံ

ရန်ကုန်၊ (၂၀၁၈) ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် အမေရိကန်နိုင်ငံအခြေစိုက် Samaritan's Purse အဖွဲ့မှ Program manager Dr. Tharanga Diyunugala နှင့်အဖွဲ့ကို ရန်ကုန်တိုင်းဒေသကြီး၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဧည့်ခန်းမ၌ ယနေ့၊ နေ့လယ်အချိန်တွင် လက်ခံတွေ့ဆုံခဲ့ပါသည်။


 

     Dr. Tharanga Diyunugala က တင်ပြရှင်းလင်းရာတွင် -

• Samaritan's Purse အဖွဲ့အနေဖြင့် (၂၀၀၈) ခုနှစ်၊ နာဂစ်ဆိုင်ကလုန်းဒဏ် ကျရောက်ပြီးနောက် အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ပါကြောင်း၊

• ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် နားလည်မှုစာချွန်လွှာရေးထိုးခဲ့ပြီး (၂၀၁၅) ခုနှစ်မှစ၍ မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်တွင်
- သန့်ရှင်းသော ယင်လုံအိမ်သာသုံးစွဲရေးလုပ်ငန်းများ၊
- အရံသားဖွားဆရာမများကို လေ့ကျင့်မွေးထုတ်ခြင်းလုပ်ငန်းများနှင့်
- ကိုယ်ဝန်ဆောင်၊ မိခင်နှင့် အသက် (၅) နှစ်အောက်ကလေးများကို အာဟာရပြည့်ဝစေရေးအတွက် အဏုအာဟာရ၊ သံဓာတ်နှင့် ဖောလစ်အက်ဆစ်များအား ကျေးလက်ကျန်းမာရေးဌာန/ ဌာနခွဲများထံမှတစ်ဆင့် ဖြန့်ဝေခြင်း စသည့်လုပ်ငန်းများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊

- အဆိုပါလုပ်ငန်းများကို အခြားမြို့နယ်များတွင်လည်း တိုးချဲ့ဆောင်ရွက်လိုပါကြောင်း၊

• ဆက်လက်၍ အမေရိကန်နိုင်ငံမှ ဆရာဝန်များပါဝင်သောအဖွဲ့က ဝန်ကြီးဌာနနှင့်ပူးပေါင်းကာ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာများကို အခမဲ့ခွဲစိတ်ကုသပေးခြင်းနှင့် ထိုသို့ခွဲစိတ်ကုသနေစဉ်ကာလအတွင်း မြန်မာနိုင်ငံမှ ဆရာဝန်များကို လေ့ကျင့်သင်ကြားပေးခြင်းတို့အား ပြုလုပ်သွားလိုပါကြောင်း ရှင်းလင်းတင်ပြခဲ့ပါသည်။


 

 

     ပြည်ထောင်စုဝန်ကြီးက -

• ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတကာမှ အဖွဲ့အစည်းများ၏ အကူအညီများကို ထိရောက်အကျိုးရှိစွာ အသုံးပြုနိုင်ရန် ဆောင်ရွက်လျက်ရှိပြီး ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော အဖွဲ့အစည်းများ၏ လုပ်ငန်းအမျိုးအစား၊ ဆောင်ရွက်နေသည့် နေရာဒေသတို့အား ဖော်ပြထားသည့် အခြေပြစာအုပ် (INGOs Profile) ကို ပြုစုထုတ်ဝေသွားမည်ဖြစ်ကြောင်း၊

• Samaritan's Purse အဖွဲ့အနေဖြင့် အခြားမြို့နယ်များတွင် တိုးချဲ့ဆောင်ရွက်မည့် အစီအစဉ်များနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့်ပူးပေါင်း၍ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား အခမဲ့ခွဲစိတ်ကုသပေးမည့် အစီအစဉ်တို့ကို ကြိုဆိုပါကြောင်း၊ ဆောင်ရွက်မည့် လုပ်ငန်းအသေးစိတ်အစီအစဉ်ကို ဝန်ကြီးဌာနသို့တင်ပြ၍ ညှိနှိုင်းဆောင်ရွက်စေလိုကြောင်း ပြောကြားခဲ့ပါသည်။

 
 

More Tags