Myanmar Liver Symposium 2018

ရန်ကုန်၊ (၂၀၁၈) ခုနှစ်၊ အောက်တိုဘာလ (၂၀) ရက်နေ့

     မြန်မာအသည်းရောဂါဆိုင်ရာ နှီးနှောဖလှယ်ပွဲ‌ (၂၀၁၈) (Myanmar Liver Symposium 2018) ဖွင့်ပွဲ အခမ်းအနားကို (၂၀-၁၀-၂၀၁၈)ရက်နေ့ နံနက် (၈)နာရီ အချိန်က ရန်ကုန်မြို့ ရှိ Novotel Yangon Max တွင် ကျင်းပရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း တက်ရောက် အမှာစကားပြောကြားခဲ့ပါသည်။

 

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက အဖွင့်အမှာစကား ပြောကြားရာတွင် ယခုကဲ့သို့ အသည်းရောဂါဆိုင်ရာ နှီးနှောဖလှယ်ပွဲကို ကျင်းပခြင်းဖြင့် ပြည်တွင်းရှိ ဆေးပညာရှင်များအနေဖြင့် အသည်းရောဂါဆိုင်ရာ နောက်ဆုံးပေါ်ကုထုံးများကို သိရှိနိုင်မည် ဖြစ်ပြီး၊ နိုင်ငံတကာအတွေ့အကြုံများကို သိရှိကာ၊ ၄င်းတို့အပေါ်အခြေခံ၍ မြန်မာနိုင်ငံရှိ အသည်းရောဂါ ဝေဒနာရှင်များကို ပိုမိုထိရောက်စွာ ကုသနိုင်ပြီး၊ အသည်းရောင်အသားဝါ ရောဂါပပျောက်ရေးအထိ ဦးတည် ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ ဤဆွေးနွေးပွဲ အကောင်အထည်ပေါ် ဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်း ကူညီကြသည့် အဖွဲ့အစည်းအသီးသီးအား အထူးပင် ကျေးဇူးတင်ရှိပါကြောင်း ၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန အမျိုးသား အသည်းရောင်အသားဝါရောဂါ ကာကွယ်ထိန်းချုပ်ရေး စီမံချက် အနေဖြင့် (၂၀၁၇) ခုနှစ်၊ ဇွန်လမှ စတင်၍ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်ရှိ ဆေးရုံကြီးအချို့တွင် အသည်းရောင် အသားဝါ (စီ) ပိုးကုသရေး လုပ်ငန်းကို ရန်ပုံငွေ ကျပ်သန်းပေါင်းများစွာ အကုန်ကျခံကာ စတင်နိုင်ခဲ့ပြီး၊ ယခု (၂၀၁၈) ခုနှစ်တွင် မြစ်ကြီးနားမြို့နှင့် မော်လမြိုင်မြို့တို့တွင်ပါ ကုသရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ခဲ့ ပါကြောင်း၊ အသည်းရောင်အသားဝါရောဂါ(ဘီ)ပိုးကာကွယ်ရေးအတွက် မွေးကင်းစကလေးငယ်တွေကို (ဘီ) ပိုး ကာကွယ်ဆေး ထိုးနှံခြင်းနှင့် အသက်တစ်နှစ်အောက်ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်တွင် (ဘီ) ပိုး ကာကွယ်ဆေးထည့်သွင်းထိုးနှံခြင်းလုပ်ငန်းကို ဆောင်ရွက် ပေးလျက်ကြောင်း၊ မြန်မာ့ကျန်းမာရေးကဏ္ဍ၏ အောင်မြင်မှုတစ်ရပ် အဖြစ် အသည်းအစားထိုးခွဲစိတ်ခြင်းလုပ်ငန်းကို မြန်မာနိင်ငံတွင် (၂၀၀၄)ခုနှစ်မှ စတင်၍ မြန်မာဆရာဝန်များမှ ဦးဆောင်၍ ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ယခုနှီးနှောဖလှယ်ပွဲတွင် ပညာရှင်များ၏ ဆွေးနွေးချက်များသည် မြန်မာနိုင်ငံတွင် အသည်းရောဂါဆိုင်ရာ ပြဿနာများကို ကာကွယ်ခြင်း၊ ရောဂါ ရှာဖွေခြင်း၊ ကုသခြင်းနှင့် သုတေသနလုပ်ဆောင်ခြင်းကိစ္စရပ်များ ဆောင်ရွက်ရာ၌ လွန်စွာအကျိုးရှိမည် ဖြစ်ပါ ကြောင်းနှင့် မိမိတို့နိုင်ငံတွင် အသည်းရောင်အသားဝါရောဂါတိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ မိတ်ဖက် အဖွဲ့အစည်းများ အနေဖြင့် အမျိုးသားအသည်းရောင်အသားဝါရောဂါ ကာကွယ်ထိန်းချုပ်ရေး စီမံချက် နှင့် ပူးပေါင်းဆောင်ရွက်ကြ‌ဖို့ တိုက်တွန်းလိုပါကြောင်း စသည် ဖြင့် ပြောကြားခဲ့ပါသည်။

 

     အခမ်းအနားတွင် မြန်မာငြိမ်းချမ်းရေးကော်မရှင် ဥက္ကဌ ဒေါက်တာတင်မျိုးဝင်း၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Mr. Scot Marciel ၊ B.K.Kee Foundation မှ Mr. Stan Sze၊ မြန်မာအသည်း ဖောင်ဒေးရှင်းဥက္ကဌ ဒေါက်တာခင်ပြုံးကြည် ၊ Community Partners Internationalမှ Dr. Tom Lee နှင့် Standford University Medical Center မှ Dr. Mindie H. Nguyen တို့ကလည်း ယခုကဲ့သို့ နှီးနှော ဖလှယ်ပွဲကျင်းပနိုင်ခြင်းအတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း နှင့် နှီးနှောဖလှယ်ပွဲ ကျင်းပရသည့် ရည်ရွယ် ချက်များ၊ နှီးနှောဖလှယ်ပွဲဖြစ်မြောက်ရေးအတွက် ကူညီထောက်ပံ့သည့် B.K.Kee Foundation ပေါ်ပေါက် လာပုံများကို အသီးသီး ရှင်းလင်းတင်ပြခဲ့ကြပါသည်။

 

      မြန်မာအသည်းရောဂါဆိုင်ရာနှီးနှောဖလှယ်ပွဲ‌ (၂၀၁၈) ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အမျိုးသားအသည်းရောင်အသားဝါရောဂါ ကာကွယ်ထိန်းချုပ်ရေးစီမံချက်၊ မြန်မာ့အသည်းဖောင်ဒေးရှင်း၊ B.K.Kee Foundation၊ Standford University နှင့် Community Partners International တို့ ပူးပေါင်း ကျင်းပခဲ့ခြင်း ဖြစ်ပြီး၊ မြန်မာနိုင်ငံဆရာဝန်အသင်း တို့မှ လည်း ပံပိုးကူညီထားကြောင်း သိရှိရပါသည်။

     အခမ်းအနားသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များ၊ ဆေးရုံကြီးများမှ ပါမောက္ခ/ဌာနမှူးများ၊ အထူးကု ဆရာဝန်ကြီးများ၊ သမားတော်ကြီးများ၊ အမျိုးသားအသည်းရောင်အသားဝါရောဂါ ကာကွယ်ထိန်းချုပ်ရေးစီမံချက်မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထား သော ပညာရှင်များ၊ B.K.Kee Foundation၊ Standford University ၊ မြန်မာ့အသည်းဖောင်ဒေးရှင်း၊ Community Partners International၊ မြန်မာနိုင်ငံ ဆရာဝန် အသင်း၊ မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စား လှယ်များ၊ စိတ်ပါဝင်စားသူများ စုစုပေါင်း (၂၀၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

     ယင်းနှီးနှောဖလှယ်ပွဲ‌ ကို အောက်တိုဘာလ (၂၀)နှင့် (၂၁) ရက်နေ့များတွင် ကျင်းပသွားမည် ဖြစ်ပြီး၊ အသည်းရောင်အသားဝါရောဂါ ဘီပိုး၊ စီပိုးနှင့် အသည်းရောဂါများ အကြောင်းနှင့် ဆောင်ရွက်ပေးလျက်ရှိသော ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများအကြောင်းကို သက်ဆိုင်ရာပညာရှင်များနှင့် တာဝန်ရှိသူများမှ ဆွေးနွေး တင်ပြသွားမည် ဖြစ်ကြောင်းသိရှိရပါသည်။

More Tags