Mobile Tablet များ အသုံးပြု၍ ပြည်သူများ၏ ကျန်းမာရေးအသိပညာမြင့်မားတိုးတက်လာစေရေးနှင့် အခြေခံကျန်းမာရေး၀န်ထမ်းများ၏ အရည်အသွေးနှင့် လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးဆောင်ရွက်

နေပြည်တော်၊ (၂၀၁၈) ခုနှစ်၊ ဇွန်လ (၁၄) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ခေတ်မီပြောင်းလဲတိုးတက်လာသော သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာရပ်များ (Information and Communication Technology) နှင့် အညီ Mobile Tablet များကို အသုံးပြု၍-

၁။ ပြည်သူများ၏ ကျန်းမာရေးအသိပညာ (Health Literacy) မြင့်မားတိုးတက်လာစေရေး၊

၂။ ကျေးလက်ကျန်းမာရေးဌာနနှင့် ဌာနခွဲများတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် သားဖွားဆရာမ၊ အမျိုးသမီးကျန်းမာရေးဆရာမ၊ ပြည်သူ့ကျန်းမာရေးကြီးကြပ် (၁)၊ ကြီးကြပ် (၂)၊ ကျန်းမာရေးမှူး အစရှိသော အခြေခံကျန်းမာရေးဝန်ထမ်းများ၏ အရည်အသွေးနှင့် လုပ်ငန်းစွမ်းဆောင်ရည်များ ပိုမိုမြင့်မားတိုးတက်လာစေရေးနှင့်

၃။ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများအား ယခုထက် ပိုမိုထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်စေရေးအတွက်

စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။


 

     ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် လက်ရှိအားဖြင့် ကျေးလက်ကျန်းမာရေးဌာန (၁,၇၉၆) ခုနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲ (၈,၄၀၆) ခု ရှိပါသည်။ အဆိုပါ ကျေးလက်ကျန်းမာရေးဌာနနှင့် ဌာနခွဲများတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် အခြေခံကျန်းမာရေးဝန်ထမ်းများသည် Mobile Tablet များကို အသုံးပြုပြီး ကျန်းမာရေးအသိပညာပေးလုပ်ငန်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် -

(က)    Mobile Tablet များတွင် ထည့်သွင်းထားသော ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကျန်းမာရေးဆိုင်ရာ စံပြုအချက်အလက်များ၊ အခြေခံကျန်းမာရေးဝန်ထမ်းများ သိသင့်သိထိုက်သည့် အသိပညာပေးလမ်းညွှန်များ၊ စံလုပ်ထုံးလုပ်နည်းနှင့် လုပ်ငန်းလမ်းညွှန်များ၊ ကူးစက်ရောဂါများ၊ မကူးစက်နိုင်သောရောဂါများအပါအဝင် ရောဂါနှင့် ရောဂါလက္ခဏာဆိုင်ရာ အချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ Offline ကိုးကားအသုံးပြုနိုင်ခြင်း၊


 

(ခ)    Safe Delivery, Love Question Life Answer, မေမေ အစရှိသည့် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ Mobile Application များကို Offline အသုံးပြုနိုင်ခြင်း၊

(ဂ)    Mobile Tablet များအတွင်း ဖုန်း Sim Card များလည်း ထည့်သွင်းပေးမည်ဖြစ်ပါသဖြင့် အင်တာနက်အသုံးပြု၍ Online Application များ အသုံးပြုနိုင်ခြင်း၊ သတင်းအချက်အလက်များ ရယူဆောင်ရွက်နိုင်ခြင်း၊

(ဃ)    ဗဟိုမှ ထပ်မံပေးပို့လိုသည့် သို့မဟုတ် Update ပြုလုပ်လိုသည့် Mobile Application များ၊ လမ်းညွှန်ချက်များ၊ စာအုပ်စာတမ်းများကို Mobile Device Management (MDM) System အသုံးပြု၍ ပေးပို့ဆောင်ရွက်နိုင်ခြင်း၊

(င)    ကျန်းမာရေးသတင်းအချက်အလက်များအား Individual email, Group email, Instant Messaging များ ပေးပို့၍ အချိန်နှင့်တစ်ပြေးညီ ရယူခြင်း၊ ပေးပို့ခြင်း၊ ဖလှယ်ခြင်း၊ ဖြန့်ဝေခြင်းများ ဆောင်ရွက်နိုင်ခြင်း၊


 

(စ)    ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေများ၌ ရောဂါကာကွယ်ထိန်းချုပ်ခြင်းလုပ်ငန်းများကို အချိန်နှင့်တပြေးညီ တုံ့ပြန်ဆောင်ရွက်နိုင်ရန် လိုအပ်သော နည်းပညာအကူအညီများ ရယူနိုင်ခြင်း၊

(ဆ)    စဉ်ဆက်မပြတ် ဆေးပညာသင်ကြားရေးလုပ်ငန်းများအတွက် အထောက်အကူဖြစ်စေခြင်း၊

(ဇ)    မိုဘိုင်းဖုန်းမှတစ်ဆင့် ကျန်းမာရေးဆိုင်ရာ စစ်တမ်းများ၊ အချက်အလက်များ ကောက်ယူနိုင်ခြင်း၊

(ဈ)    ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ Website ဖြစ်သည့် www.mohs.gov.mm နှင့် Facebook Page ၊ ဦးစီးဌာနများ၏ Website များနှင့် Facebook Page များအား ဝင်ရောက်ကြည့်ရှုနိုင်မည်ဖြစ်ပြီး တိကျမှန်ကန်သော သတင်းအချက်အလက်များ၊ လုပ်ငန်းလမ်းညွှန်များအား ပြည်သူများထံသို့ ပြန်လည်အသိပေးဖြန့်ဝေနိုင်ခြင်း၊


 

(ည)    အခြေခံကျန်းမာရေးဝန်ထမ်းများသည် အဆိုပါ Mobile Tablet များကို အသုံးပြု၍ သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး/ပြည်နယ်နှင့် ဗဟိုသို့ အချိန်နှင့်တစ်ပြေးညီ ဆက်သွယ်ဆောင်ရွက်နိုင်ခြင်း စသည့် အကျိုးကျေးဇူးများရရှိနိုင်မည်ဖြစ်ပါသည်။

     အခြေခံကျန်းမာရေးဝန်ထမ်းများအနေဖြင့် Mobile Tablet များအသုံးပြုရာတွင် အဆင်ပြေချောမွေ့စေရန်အတွက် ထည့်သွင်းထားသည့် စာအုပ်စာတမ်းများနှင့် Application များကို User friendly ဖြစ်စေရန်နှင့် သုံးစွဲရလွယ်ကူစေရန် စီစဉ်ဆောင်ရွက်ထားရှိပြီး Mobile Tablet များ ဘက်ထရီအားဖြည့်ရန်အတွက် Power Bank များကိုလည်း ထောက်ပံ့ပေးမည်ဖြစ်ပါသည်။

     သို့ဖြစ်ပါ၍ အခြေခံကျန်းမာရေးဝန်ထမ်းများသည် Mobile Tablet များကို ရွေ့လျားစာကြည့်တိုက်သဖွယ် အသုံးပြုနိုင်မည်ဖြစ်ပါသဖြင့် ပြည်သူများ၏ ကျန်းမာရေးအသိပညာ (Health Literacy) မြင့်မားတိုးတက်လာစေရေး ဆောင်ရွက်ရာတွင် ၄င်းတို့၏ အရည်အသွေးနှင့် လုပ်ငန်းစွမ်းဆောင်ရည်များ ယခုထက် ပိုမိုတိုးတက်လာမည်ဖြစ်ပြီး ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ပိုမိုထိရောက်အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် Mobile Tablet အလုံးရေ (၁,၉၁၇) လုံးအား အိတ်ဖွင့်တင်ဒါခေါ်ယူ၍ ဝယ်ယူထားရှိပြီးဖြစ်ပါသည်။ ယခု ၂၀၁၈ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလ၊ ဘဏ္ဍာရေးကာလတွင် အလုံးရေ (၁၅,၀၀၀) ဝယ်ယူရန် နိုင်ငံတော်မှ ခွင့်ပြုထားပြီးဖြစ်ရာ လုပ်ထုံးလုပ်နည်းနှင့်အညီ အိတ်ဖွင့်တင်ဒါခေါ်ယူ၍ ဝယ်ယူမည်ဖြစ်ပါသည်။ လာမည့် ဘဏ္ဍာရေးနှစ်တွင် GAVI အဖွဲ့အစည်းမှလည်း အလုံးရေ (၁၄,၀၀၀) ပံ့ပိုးပေးမည် ဖြစ်ပါသည်။ ထို့အပြင် ပုဂ္ဂလိက၊ ကုမ္ပဏီ၊ အသင်းအဖွဲ့များမှ Mobile Tablet များ လှူဒါန်းလျက်ရှိရာ (၁၄-၆-၂၀၁၈) ရက်နေ့အထိ အလုံးရေ (၅၀၀) လက်ခံရရှိထားပြီးဖြစ်ပါသည်။

 
 

More Tags