Malteser International (မြန်မာ) ၏ ဌာနေညှိနှိုင်းရေးမှူးနှင့် အဖွဲ့အား ပြည်ထောင်စုဝန်ကြီး လက်ခံတွေ့ဆုံ

Union Minister receives Resident Coordinator of Malteser International (Myanmar) and team

နေပြည်တော်၊ (၂၀၁၉) ခုနှစ်၊ သြဂုတ်လ (၁၄) ရက်

    ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် (၁၀-၈-၂၀၁၉) ရက်နေ့ နေ့လယ်ပိုင်းအချိန်တွင် Malteser International (မြန်မာ) ၏ ဌာနေညှိနှိုင်းရေးမှူး ဦးမင်းနိုင်ဦး ခေါင်းဆောင်သောအဖွဲ့ကို ဗဟန်းမြို့နယ်ရှိ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံပါသည်။


 

အဆိုပါ ဆွေးနွေးပွဲ၌ Malteser International (မြန်မာ)၏ ဌာနေညှိနှိုင်းရေးမှူး ဦးမင်းနိုင်ဦး နှင့်အဖွဲ့က -

• Malteser International အဖွဲ့အနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနှင့် နားလည်မှုစာချွန်လွှာ (MoU) ရေးထိုး၍ ၂၀၀၃ ခုနှစ်မှစ၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ စတင်လုပ်ဆောင် ခဲ့ကြောင်း၊

• ပဏာမကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ တီဘီရောဂါကာကွယ်ကုသရေးလုပ်ငန်း၊ ငှက်ဖျားရောဂါကာကွယ်ကုသရေးလုပ်ငန်း၊ အာဟာဖွံ့ဖြိုးရေးလုပ်ငန်း၊ ကာလသားရောဂါနှင့် HIV/AIDS ကာကွယ်ကုသရေးနှင့် ထောက်ပံ့ကူညီမှုလုပ်ငန်းများ၊ အာဟာရဖွံ့ဖြိုးရေးနှင့် ကျန်းမာရေးအခြေခံအဆောက်အဦများ ဆောက်လုပ်ထောက်ပံ့ပေးခြင်းလုပ်ငန်းများကို ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ရှိ မြို့နယ်အချို့တွင် ဆောင်ရွက်နေမှုအခြေအနေကို ရှင်းလင်းတင်ပြခဲ့ပြီး နားလည်မှုစာချွန်လွှာသက်တမ်းတိုး၍ အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လိုပါကြောင်း တင်ပြခဲ့ပါသည်။


 

ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် -

• Malteser International အဖွဲ့အပါအဝင် INGO အဖွဲ့အစည်းများအနေဖြင့် လုပ်ငန်းဆောင်ရွက်မှုများကို checklist များဖြင့် အသုံးပြု၍ မိမိတို့၏ ဆောင်ရွက်မှုများ ထိရောက်အကျိုးရှိမှု ရှိ/မရှိ၊ ရည်မှန်းချက် များ ပြည့်မီခြင်း ရှိ/မရှိတို့ကို စနစ်တကျ လေ့လာစောင့်ကြည့်ဆန်းစစ်စေလိုပါကြောင်း၊

• သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးများနှင့် တွေ့ဆုံညှိနှိုင်းမှုများ ပုံမှန်ပြုလုပ်စေလိုပြီး မိမိတို့၏ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာ (technical report) များကို သက်ဆိုင်ရာ မြို့နယ်၊ တိုင်းဒေသကြီး/ပြည်နယ်နှင့် ကျန်းမာရေးစီမံချက် အသီးသီးသို့ ပုံမှန်ပေးပို့ကြစေလိုပါကြောင်း၊

• INGO များနှင့် ဝန်ကြီးဌာနတို့သည် ပြိုင်ဖက်များမဟုတ်ဘဲ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အတူတကွ ပူးပေါင်းဆောင်ရွက်သွားကြရမည့် အဖွဲ့အစည်းများဖြစ်ပါကြောင်း၊

• INGO Profile (version 2.0) ပြုစုထုတ်ဝေနိုင်ရန်အတွက်လည်း လက်ရှိအခြေအနေ သတင်းအချက်အလက်များ (updated information) ကို ပေးပို့ကြစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။


 

     အဆိုပါဆွေးနွေးပွဲ၌ အမြဲတမ်းအတွင်းဝန် ဒေါက်တာသာထွန်းကျော်၊ ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန) ဒေါက်တာစိုးဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(ပြည်သူ့ကျန်းမာ) ဒေါက်တာမြင့်မြင့်သန်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(ရောဂါနှိမ်နင်းရေး) ဒေါက်တာသန္တာလွင်၊ လက်ထောက်အတွင်းဝန် ဒေါက်တာကျော်ခိုင်၊ ညွှန်ကြားရေးမှူး(ရောဂါနှိမ်နင်းရေး) ဒေါက်တာစည်သူအောင်၊ Malteser International မှ ဒေါက်တာစိုင်းဉာဏ်စိုး (ဌာနေနည်းပညာညှိနှိုင်းရေးမှူး TB/HIV)၊ ဒေါက်တာ နန့်ခင်သူဇာသိန်း (ဌာနေနည်းပညာညှိနှိုင်းရေးမှူး Malaria/PHC)၊ ဒေါ်နန်းနွယ်နီမြစံ (ဌာနေ ဘဏ္ဍာရေးညှိနှိုင်းရေးမှူး)၊ ဒေါ်နှင်းစန္ဒာဦး (စီမံခန့်ခွဲရေးအရာရှိ)နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။


 

More Tags