Japan InternationalCooperation Agency (JICA) မှ Chief Representative နှင့် အဖွဲ့အား ပြည်ထောင်စုဝန်ကြီးလက်ခံတွေ့ဆုံ

နေပြည်တော်၊ (၂၀၁၉) ခုနှစ်၊ မေလ (၁၅)ရက်နေ့

    ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးသည် ယနေ့ နေ့လယ်ပိုင်းအချိန်တွင် Japan International Cooperation Agency (JICA) မှ Chief Representative ဖြစ်သူ Mr. Masayuki KARASAWA ၊ JICA Technical Cooperation Project "Rural Health Development Through Strengthening Basic Health Services" ၏ Project Leader, Ms. Ryoko NISHIDA နှင့်အဖွဲ့အား နေပြည်တော်၊ ရုံးအမှတ်(၄)၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံပါသည်။

 

     အဆိုပါတွေ့ဆုံပွဲ၌ JICA မှ Chief Representative ဖြစ်သူ Mr. Masayuki KARASAWA နှင့် Project Leader, Ms. Ryoko NISHIDA တို့က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် JICA အဖွဲ့တို့ပူးပေါင်း၍ "Rural Health Development Through Strengthening Basic Health Services" Project ကို မကွေးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ် (၈)မြို့နယ်တွင် ၂၀၁၉ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ အဆိုပါစီမံချက်တွင် ကျေးလက်ကျန်းမာရေးဌာနနှင့် ဌာနခွဲများ၌ မိခင်နှင့်ကလေး ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများ၊ သွေးတိုး/ ဆီးချို သွေးချို စစ်ဆေးပေးခြင်းစသော အခြေခံကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပိုမိုဆောင် ရွက်နိုင်ရန်နှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် စေတနာ့ဝန်ထမ်း ကျန်းမာရေး လုပ်သားများအပါအဝင် ကျေးရွာလူထုမှ ပိုမိုတက်ကြွစွာပါဝင်ဆောင်ရွက်လာရေးတို့ကို ဆောင်ရွက်သွားမည့် ဖြစ်ကြောင်း၊ JICA အဖွဲ့နှင့်ဝန်ကြီးဌာနတို့ ပူးပေါင်းညှိနှိုင်း၍ စီမံချက် အကောင်အထည်ဖေါ်ဆောင်ရွက်မှု့ အဆင့်ဆင့်ကို စောင့်ကြပ်ကြည့်ရှုဆန်းစစ်မည်ဖြစ်ကြောင်းနှင့် စီမံချက်အကောင်အထည်ဖေါ်မည့် လုပ်ငန်းအစီအစဉ်တို့ကို ရှင်းလင်းတင်ပြခဲ့ပါသည်။

 

     ပြည်ထောင်စုဝန်ကြီးကပြောကြားရာတွင်-

• ပြည်သူ့ကျန်းမာရေးလုပ်ငန်းများနှင့် ပဏာမကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်မှုကောင်းမွန်ပါက ရောဂါဖြစ်ပွားမှုများ လျော့နည်းပြီး ကျန်းမာရေး အဆင့်အတန်းမြင့်မားလာမည်ဖြစ်ပါကြောင်း၊

• ယခု JICA ၏ စီမံချက်လုပ်ငန်းများကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးများ၊ အခြေခံကျန်းမာရေးဝန်ထမ်း ပညာရှင်များ အားလုံးက မိမိတို့၏ ကိုယ်ပိုင်စီမံချက်ကဲ့သို့ သဘောထား၍ ကြိုးစားအားထုတ် ဆောင်ရွက်စေရန်

စီမံချက်၏ရည်ရွယ်ချက်နှင့်လုပ်ငန်းစဉ်များကို လုပ်ငန်းမစတင်မီ ကြိုတင်ရှင်းလင်း ပြောကြားထားရန် အရေးကြီးပါကြောင်း၊

• လုပ်ငန်းဆောင်ရွက်စဉ်ကာလတွင်လည်း လိုအပ်သည်များကို ပံ့ပိုးကူညီဆောင်ရွက် ပေးနိုင်ရန်အတွက် checklist များကိုအသုံးပြု၍ ကွင်းဆင်းကြီးကြပ်စေလိုပြီး လုပ်ငန်းဆောင်ရွက်မှုအခြေအနေ အရပ်ရပ်ကို (၆)လ တစ်ကြိမ် သက်ဆိုင်သူအားလုံးကို ရှင်းလင်း တင်ပြစေလိုကြောင်း၊

• ဤစီမံချက်ကို အထူးစီမံချက်အသွင်ဖြင့် စနစ်တကျဖြင့် အကောင်အထည်ဖေါ်ဆောင် ရွက်စေလိုပြီး ငွေကြေးကုန်ကျမှုသက်သာစွာဖြင့် အကျိုးရှိထိရောက်သော ရလဒ်များကို ရရှိကြောင်းတွေ့ရှိရပါက အခြားတိုင်းဒေသကြီး/ ပြည်နယ်၊ မြို့နယ်များတွင်လည်း အလားတူစီမံချက်များကို နိုင်ငံတော်ဘဏ္ဍာငွေဖြင့် တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

 

     ထိုသို့တွေ့ဆုံရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာသာထွန်းကျော်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထင်လင်း၊ လက်ထောက်အတွင်းဝန် (ပြည်တွင်းပြည်ပဆက်ဆံရေးနှင့် သတင်းပြန်ကြားရေး) ဒေါက်တာကျော်ခိုင်၊ ကျန်းမာရေးအဆင်မြှင့်တင်ရေးဌာနခွဲနှင့် မိခင်နှင့်မျိုးဆက်ပွားကျန်းမာရေးဌာနခွဲတို့မှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။

More Tags