Health Manpower Database, MoHS Mail Server နှင့် ကျန်းမာရေးဝန်ထမ်းများသို့ ဖြန့်ဝေမည့် Mobile Tablet များတွင် အချက်အလက်များထည့်သွင်းခြင်းလုပ်ငန်းများနှင့် ပတ်သက်၍ အသိပေးရှင်းလင်းတင်ပြခြင်း အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးတက်ရောက်

နေပြည်တော်၊ (၂၀၁၈) ခုနှစ်၊ သြဂုတ်လ (၈)ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နံနက်ပိုင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၌ ကျင်းပပြုလုပ်သည့် Health Manpower Database, MoHS Mail Server နှင့် ကျန်းမာရေးဝန်ထမ်းများသို့ ဖြန့်ဝေမည့် Mobile Tablet ဖုန်းများတွင် အချက်အလက်များ ထည့်သွင်းခြင်းလုပ်ငန်းများနှင့် ပတ်သက်၍ အသိပေးရှင်းလင်း တင်ပြခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။


 

     ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာ၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ကျန်းမာရေးကဏ္ဍတွင် နိုင်ငံတကာပြောင်းလဲဖွံ့ဖြိုးတိုးတက်မှုများကို အချိန်တိုအတွင်း ရင်ဘောင်တန်းလိုက် (leapfrogging) နိုင်ရန် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ (Information and Communication Technology- ICT) ကို ပိုမိုပီပြင်စွာ အသုံးပြုနိုင်ရေးအတွက် အားဖြည့်ကြိုးပမ်းဆောင်ရွက်လျက်ရှိရာတွင် -

(၁) ဝန်ကြီးဌာန၏ website ဖြစ်သော www.mohs.gov.mm တွင် လုပ်ငန်းဆောင်ရွက်ချက်များ၊ ထုတ်ပြန်ကြေညာချက်များ၊ ကျန်းမာရေးအသိပညာများ၊ မူဝါဒများနှင့် လုပ်ငန်းအစီအစဉ်များကို ပြည်သူများ သိရှိနိုင်ရေး အသိပေးလွှင့်တင်လျက်ရှိကြောင်း၊

- ဝန်ထမ်းများအတွက် ကိုးကားမှီငြမ်းအသုံးပြုနိုင်မည့် သင်ခန်းစာများ၊ လမ်းညွှန်စာအုပ်များ၊ ကျန်းမာရေးဆိုင်ရာ နောက်ဆုံးရ သတင်းအချက်အလက်များ စသည်တို့ကိုပါ website တွင် လွှင့်တင်ပေးလျက် ရှိပါကြောင်း၊

- ဝန်ကြီးဌာန၏ မျက်နှာစာသဖွယ်ဖြစ်သော ဝန်ကြီးဌာန website နှင့် ဦးစီးဌာနအသီးသီး၏ website များအား နိုင်ငံတကာရှိအလားတူ website များကိုလေ့လာ၍ ပိုမို လွယ်ကူရှင်းလင်းပြည်စုံစေရန် အမြဲပြုပြင် Update ပြုလုပ်လျက်ရှိကြောင်း၊


 

(၂) ဦးစီးဌာနအလိုက်၊ ဆေးရုံ/ကျန်းမာရေးဌာနများအလိုက် ဝန်ထမ်း ခွင့်ပြု/ခန့်ထား/လစ်လပ် စာရင်းများ ကိုယ်ရေးရာဇဝင်၊ တာဝန်ထမ်းဆောင်မှု၊ လုပ်သက်၊ ပညာအရည်အချင်း စသည့်အချက်အလက်များ ပါဝင်သော ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် သတင်းစနစ် (Health Manpower Database) ကိုလည်း web-based အနေဖြင့် www.hrms-mohs.gov.mm ကို ယနေ့အချိန်တွင် စတင်အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း၊

- အဆိုပါ အချက်အလက်များကို အသုံးပြု၍ ဝန်ထမ်းပြောင်းရွှေ့ခြင်း၊ ရာထူးတိုးမြှင့်ခြင်း၊ ဝန်ထမ်းအင်အားလိုအပ်ချက် ဆန်းစစ်ခြင်း၊ ဝန်ထမ်းအမျိုးအစားအလိုက် သင်ကြားမွေးထုတ်ခြင်း၊ ပညာတော်သင် စေလွှတ်ခြင်း အစရှိသည့် ကိစ္စရပ်များအပါအဝင် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှု ကိစ္စရပ်များကို ယခင်ကထက် ပိုမိုလွယ်ကူတိကျစွာ စတင်ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊

- ဝန်ကြီးဌာနပိုင် email domain ဖြစ်သော (mail.mohs.gov.mm) ကို အသုံးပြုထားပြီး လုံခြုံစိတ်ချရမှု (data security) နှင့် နိုင်ငံတကာအဆင့်မီ အသုံးဝင် ကောင်းမွန်မှုရှိသော MoHS mail exchange server ကို စတင်အသုံးပြုနေပြီဖြစ်၍ လက်ရှိသုံးစွဲနေသော email account များမှ ဝန်ကြီးဌာနပိုင် email ကို ပြောင်းလဲအသုံးပြုနိုင်ပြီဖြစ်ကြောင်း၊


 

(၃) သားဖွားဆရာမများအပါအဝင် အခြေခံကျန်းမာရေးဝန်ထမ်းများကို ပေးအပ်သွားမည့် Mobile Tablet ဖုန်းများတွင် online/ offline အသုံးပြုနိုင်သော ကျန်းမာရေးဆိုင်ရာ application များ၊ ကျန်းမာရေး ဆိုင်ရာ စံပြုအချက်အလက်များ၊ ဝန်ထမ်းများသိသင့်သိထိုက်သော လမ်းညွှန်များကို အရံသင့်ထည့်သွင်းထားကာ နောက်ဆုံးပေါ်ဆေးပညာများကိုလေ့လာခြင်း၊ ဝန်ထမ်းများအချင်းချင်း ချိတ်ဆက် ဆောင်ရွက်ခြင်း၊ သတင်းအချက်အလက်ပေးပို့ဖလှယ်ခြင်း၊ ဝန်ကြီးဌာန website အပါအဝင် website များကို ကြည့်ရှုလေ့လာခြင်း စသည်တို့ကိုဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊

- ဆက်လက်၍လည်း ကုသရေးဆိုင်ရာ လက်စွဲစာအုပ်များ၊ လမ်းညွှန်များ၊ application များ ထည့်သွင်းထားသည့် Mobile Tablet ဖုန်းများကို တိုက်နယ်ဆရာဝန်နှင့် မြို့နယ်ဆရာဝန်များကို ပေးအပ်သွားမည် ဖြစ်ကြောင်း၊

- စဉ်ဆက်မပြတ် ဆေးပညာသင်ကြားမှု (continue medical education)နှင့် စဉ်ဆက်မပြတ် ဆေးပညာရပ်ဆိုင်ရာဖွံ့ဖြိုးတိုးတက်မှု (continue professional development) လုပ်ငန်းများကို Mobile Tablet ဖုန်းများအသုံးပြု၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊

- ဝန်ကြီးဌာနအနေဖြင့် Mobile Tablet ဖုန်း အလုံးရေ (၁၂၂၇၇)လုံး ဝယ်ယူထားပြီးဖြစ်ကာ ပုဂ္ဂလိက၊ ကုမ္ပဏီ၊ အသင်းအဖွဲ့များမှ (၆၅၀)လုံးလှူဒါန်းမှုကို လက်ခံရရှိပြီးဖြစ်ကြောင်း၊ GAVI အဖွဲ့အစည်းက (၁၄၀၀၀)လုံးခန့် ပံ့ပိုးပေးမည်ဖြစ်ပြီး (၁၂၀၀)လုံးကိုလည်း တင်ဒါခေါ်ယူ၍ ဝယ်ယူရန် ဆောင်ရွက်လျက်ရှိကြောင်း၊


 

(၄) သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ (Information and Communication Technology- ICT) ကို အသုံးပြုခြင်းအားဖြင့် စာရွက်စာတမ်းများ ကုန်ကျမှု သက်သာခြင်း၊ အချိန်တိုအတွင်း တစ်နေရာမှတစ်နေရာချိတ်ဆက်နိုင်ခြင်း၊ သတင်းအချက်အလက်များကို ဌာနအသီးသီး၊ လူပုဂ္ဂိုလ်အသီးသီးသို့ တစ်ပြိုင်နက်ဖြန့်ဝေနိုင်ခြင်း၊ ဝန်ကြီးဌာန၏ လုပ်ဆောင်ချက်များနှင့် ကျန်းမာရေး အသိပညာများကို ပြည်သူများသိရှိနိုင်ခြင်း၊ ဝန်ကြီးဌာနနှင့် သားဖွားဆရာမများအပါအဝင် အခြေခံကျန်းမာရေးဝန်ထမ်းများသည် မိခင်နှင့် သန္ဓေသားတို့ ချက်ကြိုးနှင့် ချိတ်ဆက်ထားသကဲ့သို့ အမြဲချိတ်ဆက်မှုရှိနိုင်ခြင်း စသည့်အကျိုးကျေးဇူးများရရှိမည်ဖြစ်ကာ လုပ်ငန်းများ ပိုမိုအဆင်ပြေလွယ် ကူစွာချောမွေ့စွာ၊ စွမ်းဆောင်ရည်ပိုမိုမြင့်မားစွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။


 

    ထို့နောက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်နှင့် အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းတို့က တိုင်းဒေသကြီး/ပြည်နယ် ကျန်းမာရေးဦးစီးဌာနများမှ တာဝန်ရှိသူများကို Mobile Tablet ဖုန်းများပေးအပ်ခဲ့ပါသည်။

    ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံ/ဘဏ္ဍာ) ဒေါ်အေးအေးစိန်၊ နေပြည်တော် ဒုတိယတိုင်းဒေသကြီးကုသရေးဦးစီးဌာနမှူး ဒေါက်တာဆွေဇင်ဝင်း၊ လက်ထောက်ညွှန်ကြားရေးမှူး(စီမံကိန်း) ဒေါက်တာနေဝင်းအောင်၊ လက်ထောက်ညွှန်ကြားရေးမှူး(စီမံ) ဒေါက်တာမေနွယ်စိုး၊ လက်ထောက်ညွှန်ကြားရေးမှူး (e-govt) ဒေါက်တာထူးမြင့်ဆွေတို့က Web-based Human Resource Management System အသုံးပြုခြင်းနှင့် အစီရင်ခံစာ ကြည့်ရှုခြင်း၊ Computerized Inventory Management၊ MoHS Mail Server နှင့် Mobile Tablet များ ဆောင်ရွက်ထားရှိမှုနှင့် အသုံးပြုပုံများကို အသီးသီး တင်ပြခဲ့ကြပါသည်။


 

     အဆိုပါအခမ်းအနားသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်တင်လေး၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာခင်ဇော်၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ တိုင်းရင်းဆေးပညာ ဦးစီးဌာနမှ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးကျော်သိန်းဌေး၊ ဆေးတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယတိုင်းဒေသကြီး/ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှူးများ၊ တာဝန်ရှိသူများ စုစုပေါင်း (၁၂၀) ဦးခန့်တက်ရောက်ခဲ့ပါသည်။

 

 
 
 
 

More Tags