Family Planning Summit အစည်းအဝေးနှင့် ASEAN-Japan Health Ministers Meeting on Universal Health Coverage (UHC) and Population Ageing အစည်းအဝေးများသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးတက်ရောက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့တွင် ဇူလိုင်လ (၁၀)ရက်မှ (၁၁)ရက် နေ့ထိကျင်းပသော Family Planning Summit နှင့် ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ဇူလိုင်လ (၁၄)ရက်မှ (၁၅)ရက်နေ့အထိ ကျင်းပသော ASEAN-Japan Health Ministers Meeting on Universal Health Coverage (UHC) and Population Ageing အစည်းအဝေးသို့တက်ရောက်ခဲ့ပါသည်။


 

     ပြည်ထောင်စုဝန်ကြီးသည် ဇူလိုင်လ (၁၀)ရက်နေ့တွင် ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့ County Hall တွင်ကျင်းပသည့် Family Planning Summit သို့တက်ရောက်ခဲ့သည်။ အဆိုပါအစည်းအဝေးသို့ အာဖရိကတိုက်နှင့် အာရှတိုက်ဒေသရှိ နိုင်ငံများမှ ကျန်းမာရေးဝန်ကြီးများ၊ ဗြိတိန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဌာန၊ (Department for International Development-DFID) မှ တာဝန်ရှိသူများ၊ ကုလသမဂ္ဂ ဒုတိယအထွေထွေအတွင်းရေးမှူးနှင့် ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ မိသားစုစီမံကိန်းလုပ်ငန်း ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ကျွမ်းကျင်ပညာရှင်များ တက်ရောက်ကြပါသည်။

     အစည်းအဝေးတွင် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ မိခင်နှင့်ကလေးသေဆုံးမှုလျော့ချနိုင်ရေးနှင့် ဆင်းရဲမွဲတေမှုပပျောက်ရေးအတွက် အဓိကအရေးကြီးသည့် မိသားစုစီမံကိန်းအောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် ပိုမိုတွန်းအားပေးဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ အဆိုပါ စီမံကိန်းအောင်မြင်ရေးအတွက် ရန်ပုံငွေများပိုမိုထည့်ဝင်ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ဆေးပစ္စည်းများ စဉ်ဆက်မပြတ်ရရှိနိုင်စေရေးနှင့် ကျန်းမာရေးဆိုင်ရာသတင်းအချက်အလက်များ ပိုမိုမှန်ကန်တိကျစွာ စုဆောင်းထားရှိရေးနှင့် တင်ပြဆောင်ရွက်နိုင်စေရေးဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံအသီးသီး၏ ယဉ်ကျေးမှုဓလေ့ထုံးစံ၊ ဘာသာတရား၊ ယုံကြည်ကိုးကွယ်မှုအလိုက် မိသားစုစီမံကိန်းများ အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် နည်းလမ်းရှာဖွေဖော်ထုတ်ရေးဆိုင်ရာကိစ္စရပ်များ ညှိနှိုင်းဆွေးနွေးကြပါသည်။

     ဇူလိုင်လ (၁၁)ရက်နေ့တွင် ပြည်ထောင်စုဝန်ကြီးသည် အစုအဖွဲ့အလိုက် အရေးကြီးကဏ္ဍများတင်ပြညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပြီး Domestic Solutions for Sustainable Family Planning Financing to 2030 and Beyond ခေါင်းစဉ်ဖြင့် တင်ပြဆွေးနွေးခဲ့ပါသည်။

     ဝန်ကြီးက ဆွေးနွေးတင်ပြရာတွင် သားဆက်ခြားစီမံကိန်းအတွက် လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးပစ္စည်းကိရိယာများ၊ ဝေးလံခေါင်ဖျားဒေသနှင့် နယ်မြေတည်ငြိမ်အေးချမ်းမှု မရှိသည့်ဒေသများရှိ ပြည်သူများလက်ဝယ်ရောက်ရှိအောင် ဆောင်ရွက်ပေးသွားရန်လိုအပ်ကြောင်း၊ မိခင်နှင့်ကလေး သေနှုန်းလျော့ချနိုင်ရေးနှင့် ဆင်းရဲမွဲတေမှု ပပျောက်ရေးအတွက်ဆောင်ရွက်ပေးရမည့် အရေးကြီးသည့်ကျန်းမာရေးဆိုင်ရာစီမံကိန်းတစ်ရပ်ဖြစ်သည့်အတွက် ဓလေ့ထုံးစံယဉ်ကျေးမှု၊ ဘာသာတရားဆိုင်ရာ နောက်ခံအကြောင်းအရင်း မည်သို့ပင် ရှိစေကာမှု လိုအပ်ချက်ရှိသည့် ပြည်သူလူထု လက်ဝယ်ရောက်ရှိအောင် ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ စီမံကိန်းအောင်မြင်စေရန်အတွက် လိုအပ်သည့်ဆေးဝါးပစ္စည်းများအား စဉ်ဆက်မပြတ် ရရှိစေရေးအတွက် လိုအပ်သည့်စီမံခန့်ခွဲမှုလုပ်ငန်းများအား သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊ မြန်မာနိုင်ငံ၌ ငယ်ရွယ်သူများအတွင်း မလိုအပ်သေးသည့်ကိုယ်ဝန်ဆောင်မှုများကြောင့် နောက်ဆက်တွဲ ကျန်းမာရေးဆိုင်ရာဆိုးဝါးမှုများနှင့် မိခင်သေဆုံးမှုများအတွက် အထိရောက်ဆုံးသော ကာကွယ်သည့်နည်းလမ်းမှာ လိုအပ်သည့်နေရာတိုင်းသို့ ပဋိသန္ဓေတားဆေး ရောက်ရှိရေးနှင့် သက်ဆိုင်သည့် မျိုးဆက်ပွားကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဖြစ်သည့်အတွက် တွန်းအားပေးဆောင်ရွက်ရန်လိုအပ်ကြောင်း၊ သက်ဆိုင်သည့်ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်များအားလည်း မှန်ကန်တိကျစွာပြုစုထားရှိရေးနှင့် စီမံကိန်းလုပ်ငန်း အောင်မြင်စေရေးအတွက် မှန်ကန်သည့်ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရေးအတွက် အသုံးပြုရန် လိုအပ်ကြောင်း၊ နိုင်ငံတော်မှလည်း ရန်ပုံငွေများပိုမိုပံ့ပိုးပေးပြီးလိုအပ်သည့် ဆေးပစ္စည်းကိရိယာများ အချိန်မီရရှိအောင် ပိုမိုအလေးပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ ပါသည်။


 

     ပြည်ထောင်စုဝန်ကြီးသည် ဇူလိုင်လ (၁၀)ရက်နေ့ ညနေပိုင်းတွင် Novotel Waterloo Hotel ၌ Myanmar UK Health Alliance အဖွဲ့မှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ မြန်မာနိုင်ငံ၏ဆေးပညာသင်ကြားရေး၊ ဆေးကုသရေးနှင့် သုတေသနလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ ညှိနှိုင်းဆွေးနွေးခဲ့ ပါသည်။


 

     ဇူလိုင်လ(၁၂)ရက်နေ့ နံနက်ပိုင်းတွင် Novotel Waterloo Hotel ၌ ဗြိတိန်နိုင်ငံ အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးဌာန (Department for Inter- national Development- DFID) ဝန်ကြီး Right Honorable Alistair Mr. Burd MP နှင့်တွေ့ဆုံ၍ ရန်ကုန်ပြည်သူ့ဆေးရုံကြီး မွမ်းမံပြင်ဆင်ရေး ဒုတိယအဆင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာနိုင်ငံ ဝေးလံခေါင်ဖျားဒေသများနှင့် ပြည်နယ်များတွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ ဆေးပညာ သင်ကြားရေး၊ ကုသရေးနှင့် သုတေသန လုပ်ငန်းများတွင် Myanmar UK Health Alliance အဖွဲ့မှတစ်ဆင့် DFID အကူအညီဖြင့် ဆောင်ရွက်ရေးနှင့် ဗြိတိန်နိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှုစနစ် (NHS) လုပ်ငန်းများအား လေ့လာရေးကိုယ်စားလှယ် စေလွှတ်ရေးဆိုင်ရာ ကိစ္စရပ်များ ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။

     ပြည်ထောင်စုဝန်ကြီးသည် ဇူလိုင်လ(၁၄)ရက်နေ့လည်ပိုင်းတွင် ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ Koyama Healthcare Group ၏ Camellia-Kai သက်ကြီးရွယ်အို ကျန်းမာရေးစောင့် ရှောက်မှုဂေဟာသို့ သွားရောက်၍ Multiple facility providing temporary care, long term care for a dementia patient and special nursing home for the elderly people ကျန်းမာရေးစောင့်ရှောက်မှုပေးနေမှုများ၊ ဂေဟာ၏ဖွဲ့စည်းပုံနှင့် အဖိုး၊အဖွားများအား အချိန် အပိုင်းအခြားလိုက် လက်ခံဆောင်ရွက်ပေးနေမှုများ၊ ရန်ပုံငွေရရှိရေးနှင့် သက်ကြီးရွယ်အို ကျန်းမာရေးစောင့်ရှောက်မှုအတွက် အာမခံစနစ်ထားရှိပုံနှင့် ကျန်းမာရေးစောင့်ရှောက်မှုကုန်ကျစရိတ် လက်ခံရရှိမှုဆိုင်ရာ စီမံခန့်ခွဲမှုကိစ္စရပ်များအား လေ့လာဆွေးနွေးခဲ့ပါသည်။


 

     ညနေပိုင်းတွင် တိုကျိုမြို့ Hilton Odaiba Hotel ၌ ဂျပန်ုနိုင်ငံ အလုပ်သမား လူမှုဖူလုံရေးနှင့် ကျန်းမာရေးဝန်ကြီးဌာနဝန်ကြီး H.E. Mr. Yasuhisa Shiozaki နှင့်တွေ့ဆုံ၍ ဂျပန်နိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအတွင်း ကျန်းမာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များ၊ မြန်မာနိုင်ငံမှပညာတော်သင်များ လက်ခံသင်ကြားပေးနေမှုဆိုင်ရာကိစ္စရပ်များ၊ ကျန်းမာရေးစောင့်ရှောက်မှုစနစ်   မြှင့်တင်ပေးရေးနှင့် ပြည်နယ်နှင့်တိုင်းများရှိ အထွေထွေရောဂါကုဆေးရုံများတွင် လိုအပ်လျက်ရှိသည့် အခြေခံအဆောက်အဦးများ တိုးချဲ့ဆောက်လုပ်နေမှုဆိုင်ရာကိစ္စရပ်များ၊ ရန်ကုန်မြို့၌ အထွေထွေရောဂါကုဆေးရုံသစ်ကြီး တည်ဆောက်ရေးဆိုင်ရာ ကိစ္စရပ်များ ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။

     ဇူလိုင်လ (၁၅)ရက်နေ့တွင် တိုကျိုမြို့ Hilton Odaiba Hotel တွင်ကျင်းပပြုလုပ်သည့် ASEAN-Japan Health Ministers Meeting on Universal Health Coverage (UHC) and Population Ageing အစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ အိမ်ရှင် ဂျပန်နိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကျန်းမာရေးဝန်ကြီးများ၊ အဆင့်မြင့်အရာရှိကြီးများ၊ အနောက်ပစိဖိတ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရုံး ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိ သူများ၊ ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ်တို့မှ တာဝန်ရှိသူ များတက်ရောက်ကြပါသည်။


 

     အဆိုပါအစည်းအဝေး၏ စားပွဲဝိုင်းဆွေးနွေးပွဲအစီအစဉ်တစ်ခုဖြစ်သည့် For Achieving Sustainable UHC ဆွေးနွေးပွဲ၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးမှ ဆွေးနွေးပြောကြားခဲ့ရာတွင် ပြည်သူလူထု၏ ကျန်းမာရေးအသိပညာဗဟုသုတ မြင့်မားလာအောင် ဦးစားပေး ဆောင်ရွက်ဖို့လိုအပ်ကြောင်း၊ သို့မှသာ ပြည်သူလူထု၏ ကျန်းမာရေးဆိုင်ရာ အသိအမြင်နှင့် ခံယူချက်များမြင့်မားလာပြီး ရေရှည်တည်တံ့ခိုင်မြဲသည့် ကျန်းမာရေးစနစ်တစ်ရပ်ထူထောင် နိုင်မည်ဖြစ်ကြောင်း၊ ကျန်းမာရေးဆိုင်ရာသတင်းအချက်များသည် မှန်ကန်တိကျ၍ အချိန်နှင့်တပြေးညီရရှိရန် ပြုစုထားရှိရန်လိုအပ်ကြောင်း၊ မှန်ကန်သည့်ကိန်းဂဏန်းများ၊ သတင်းအချက်အလက်များအား ပြောင်းလဲပုံဖော်ပြီး ဆုံးဖြတ်ချက်များချမှတ်ရာတွင် အသုံးပြုရန်လိုအပ်ကြောင်း၊ လူတိုင်းလက်လှမ်းမီသော ကျန်းမာရေးစနစ်ရရှိစေရန်အတွက် သင့်လျော်သည့် ကျန်းမာရေးအာမခံစနစ်များတည်ထောင်ထားရှိရန်လိုအပ်ကြောင်း၊


 

ကျန်းမာရေးဝန်ကြီးဌာနမှ ရေးဆွဲထားသည့် အမျိုးသားကျန်းမာရေးစီမံကိန်း ၂၀၁၇-၂၀၂၁ တွင် လူထုအားဆောင်ရွက်ပေးမည့် အဓိကလိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ သတ်မှတ်ထားရှိပြီး ခုနှစ်အလိုက်မြို့နယ်များ တိုးချဲ့ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ လူတိုင်းလက်လှမ်းမီသော ကျန်းမာရေးစောင့်ရှောက်မှုကို အကောင်အထည်ဖော် ဆောင်ရွက်နေရာတွင် မိမိတို့ဘယ်နေရာရောက်ရှိနေသည်ကို သိရှိနိုင်ရန်အတွက် လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ လေ့လာဆန်းစစ်မှုများအား ဆောင်ရွက်နိုင်ရန်အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ နည်းပညာရပ်ဆိုင်ရာအကူညီပေးရန် လိုအပ်ကြောင်း၊ လူတိုင်းလက်လှမ်းမီသောကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို ပီပြင်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်နေသော အိမ်နီးချင်းတိုင်းပြည်များအားလည်း မြန်မာနိုင်ငံမှ လေ့လာရေး ကိုယ်စားလှယ်များ စေလွှတ်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

စားပွဲဝိုင်းဆွေးနွေးပွဲအစီအစဉ် ဒုတိယတစ်ခုဖြစ်သည့် Promoting integrated care in communities ဆွေးနွေးပွဲ၌ ပြည်ထောင်စုဝန်ကြီးမှ ဆွေးနွေးပြောကြားခဲ့ရာတွင် မြန်မာနိုင်ငံ၌ သက်ကြီးရွယ်အိုများတွင် အဖြစ်များသည့်ရောဂါများနှင့် ပတ်သက်သည့် သတင်းအချက်အလက်များ သေချာစွာပြုစုထားရှိမှု မရှိသေးသော်လည်း အခြေခံကျန်းမာရေးဝန်ထမ်းများအား စွမ်းဆောင်ရည်မြှင့်တင်ပြီး သက်ကြီးရွယ်အို ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ၊ ကျန်းမာရေးဆိုင်ရာသတင်းအချက်အလက်များ စနစ်တကျ ပြုစုထားရှိရန် ဆောင်ရွက်လျက်ရှိကြောင်း၊


 

                ယခုအခါ ကျေးလက်တောရွာများအထိအရောက် လူထုအခြေပြုကျန်းမာရေးစောင့်ရှောက်မှုဆေးခန်း (၁၀၀၀)ကျော် ဖွင့်လှစ်ထားရှိပေးပြီး သက်ကြီးရွယ်အိုများတွင် အဖြစ်များသည့် ဆီးချိုရောဂါ၊ သွေးတိုးရောဂါများအား ရှာဖွေစမ်းသပ်ပေးကာ လိုအပ်ပါက နီးစပ်ရာတိုက်နယ်ဆေးရုံ/ မြို့နယ်ဆေးရုံများသို့ လွှဲပြောင်းကုသပေးသည့် စနစ်တစ်ခုထားရှိ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ သက်ကြီးရွယ်အိုကျန်းမာရေးစောင့်ရှောက်မှုအတွက် Integrated Care လုပ်ငန်းများ အားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း သုတေသနလုပ်ငန်းများအားလည်း ပိုမိုအလေးပေး ဆောင်ရွက်လျက်ရှိကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

     ပြည်ထောင်စုဝန်ကြီးသည် ဇူလိုင် (၁၅)ရက်နေ့ ညပိုင်းတွင် ဂျပန်-မြန်မာ Association ဥက္ကဌဖြစ်သူ မစ္စတာဝါတာနာဘေး နှင့်တွေ့ဆုံ၍ ပဏာမ သွားကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ မြှင့်တင်ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်နိုင်ရန်အတွက် ဂျပန်နိုင်ငံမှ သွားဆရာဝန်များနှင့် ပူးပေါင်းဆောင်ရွက်သွားရန်၊ သွားကုသရေးခုံနှင့် ပစ္စည်းကိရိယာများ ဂျပန်နိုင်ငံမှ လှူဒါန်းမည့်ကိစ္စရပ်များ၊ ရန်ကုန်မြို့၌ အထူးကုဆေးရုံသစ် တည်ဆောက်ရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးခဲ့ကြသည်။

 

 

 

 
 
 

More Tags