COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများဆိုင်ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ပေါင်းစပ်ညှိနှိုင်းရေးနှင့် စီမံခန့်ခွဲရေးဌာန (Central Command Centre) လုပ်ငန်းများ ပိုမိုထိရောက်စေရေး ညှိနှိုင်းအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးတက်ရောက် (31-3-2020)

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ မတ်လ (၃၁) ရက်

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ ညနေပိုင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်၌ ကျင်းပခဲ့သော COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများဆိုင်ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ပေါင်းစပ်ညှိနှိုင်းရေးနှင့် စီမံခန့်ခွဲရေးဌာန (Central Command Centre) လုပ်ငန်းများ ပိုမိုထိရောက်စေရေး ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။


 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက -

• ပေါင်းစပ်ညှိနှိုင်းရေးနှင့် စီမံခန့်ခွဲရေးဌာန (Central Command Centre) ကို ဖွင့်လှစ်ဆောင်ရွက်နေမှုကြောင့် တိုင်းဒေသကြီး/ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနများ၊ ဆေးရုံများနှင့် တိုက်ရိုက်ချိတ်ဆက်မှုများပြုလုပ်နိုင်ပြီး လိုအပ်ချက်များကို ပိုမိုဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ပါကြောင်း၊

• ပေါင်းစပ်ညှိနှိုင်းရေးနှင့် စီမံခန့်ခွဲရေးဌာန (Central Command Centre)၏ အခန်းကဏ္ဍ သည်အရေးကြီးသည့်အတွက် ဌာနတွင် တာဝန်ထမ်းဆောင်နေသူများအနေဖြင့် ကဏ္ဍ အလိုက် တာဝန်များခွဲဝေဆောင်ရွက်ခြင်းမှာ အရေးကြီးပါကြောင်း၊

• ယခုကဲ့သို့ အစည်းအဝေးများမှ ထွက်ပေါ်လာသော အစည်းအဝေး ဆုံးဖြတ်ချက်လုပ်ငန်းများကို တာဝန်လုပ်ဆောင်ရမည့် ဌာန၊ ဌာနခွဲသတ်မှတ်ချက်နှင့်တကွ မှတ်တမ်းပြုစုကာ သက်ဆိုင်သူများအားလုံးထံဖြန့်ဝေပေးသွားရမည်ဖြစ်ပါကြောင်း၊

• လုပ်ငန်းဆောင်ရွက်ချက်များနှင့် ပတ်သက်၍ အစီရင်ခံစာအမျိုးမျိုးပြုစုရာတွင်လည်း အဓိကကျသော အချက်များကိုသုံးသပ်ချက်များနှင့်အတူ ထည့်သွင်းပြုစုစေလိုပါကြောင်း၊

• လုပ်ငန်းများဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဦးစီးဌာန အသီးသီးရှိ ဌာနခွဲအားလုံးမှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်နေမှုများသည် ကောင်းမွန်ပါကြောင်း၊

• COVID-19 ကူးစက်ပုံနှင့် ပတ်သက်၍လည်း ပြည်သူများ ယခုထက်ပိုမိုကျယ်ပြန့်စွာ သိရှိနိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊

• အသွားအလာကန့်သတ်ခြင်း (quarantine) ခံရသူများ လိုက်နာရမည့် အချက်များကိုလည်း အသွားအလာကန့်သတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာနေရာများအားလုံးသို့ ဖြန့်ဝေပေးရမည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။


 

အစည်းအဝေးတွင် -

• COVID-19 ရောဂါနှင့် ပတ်သက်၍ ပြည်သူများ၏ မေးမြန်းမှုများအား အလိုအလျှောက် ဖြေကြားပေးမည့် Facebook messenger bot နှင့် သက်ဆိုင်သူများထံ ချိတ်ဆက်ပေးမည့် Call Center ဆောင်ရွက်မည့်ကိစ္စ၊

• အသွားအလာကန့်သတ်ခြင်း (quarantine) ခံရသူများအား Mobile application အသုံးချ၍ စောင့်ကြပ်ကြည့်ရှုနိုင်ရန် ဆောင်ရွက်နေမှု၊

• အသွားအလာကန့်သတ်ခြင်း (quarantine) ခံရသူများ လိုက်နာရမည့် အချက်များကို အင်တာနက်စာမျက်နှာ၊ လူမှုကွန်ရက်စာမျက်နှာများ၊ ရေဒီယို၊ ရုပ်မြင်သံကြား၊ ပိုစတာများစသည်တို့မှ ဖြန့်ဝေနေသည့်အပြင် အသွားအလာကန့်သတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာနေရာများအားလုံးသို့ ပိုစတာများထပ်မံဖြန့်ဝေဆောင်ရွက်သွားမည့် အစီအစဉ်နှင့် အထွေထွေကိစ္စရပ်များအား ဆွေးနွေးခဲ့ကြပါသည်။

အစည်းအဝေးသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေးနှင့်ကုသရေး) ဒေါက်တာစိုးဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ပါသည်။


 
 

More Tags