COVID-19 ရောဂါလူနာများတွေ့ရှိပါက ကုသမှုပေးရန်အတွက် ဆေးရုံသုံးစက်ပစ္စည်းနှင့် လှူဒါန်းငွေများ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ လှူဒါန်းမှုအား ပြည်ထောင်စုဝန်ကြီးလက်ခံ

Union Minister Dr. Myint Htwe attends the ceremony on the donation of cash and ventilators for treating the COVID-19 patients in Yangon General Hospital

ရန်ကုန်၊ (၂၀၂၀) ပြည့်နှစ်၊ မတ်လ (၁၄) ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နေ့လယ်ပိုင်းတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး သင်တန်းခန်းမ၌ ကျင်းပခဲ့သည့် COVID-19 ရောဂါ လူနာများတွေ့ရှိပါက ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ကုသမှုပေးရာ၌ အသုံးပြုရန်အတွက် ဆေးရုံသုံးစက်ပစ္စည်းနှင့် လှူဒါန်းငွေများ လှူဒါန်းမှုအခမ်းအနားအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေး ဝန်ကြီး ဦးနိုင်ငံလင်းနှင့် အတူတက်ရောက်ခဲ့ပါသည်။

 

     ရှေးဦးစွာ အလှူရှင်များကိုယ်စား Shwe Taung Group of Companies ၏ ဥက္ကဋ္ဌဦးအိုက်ထွန်းက လှူဒါန်းရခြင်း အကြောင်းကို ပြောကြားရာတွင် -

• ယခုကမ္ဘာ့နိုင်ငံများတွင် ဖြစ်ပွားပျံ့နှံ့နေသော COVID-19 ရောဂါသည် မိမိတို့ မြန်မာနိုင်ငံသို့ ကူးစက်ဝင်ရောက်နိုင်ကြောင်းကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်သည့် သတင်းများအရသိရှိရပါကြောင်း၊

• မိမိတို့မြန်မာနိုင်ငံသားများ အနေဖြင့် နိုင်ငံနှင့် ပြည်သူများအကျိုးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ဆောင်ရွက်နေသော COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် တစ်တပ်တစ်အားပါဝင်လှူဒါန်းခြင်းဖြစ်ပါကြောင်း၊

 

• ဆက်လက်၍လည်း နိုင်ငံနှင့်ပြည်သူများအကျိုးအတွက် မိမိတို့တတ်နိုင်သည့် အခန်းကဏ္ဍမှ ပါဝင်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ကျေးဇူးတင်စကားပြောကြားရာတွင် -

• ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့်ဆောင်ရွက်လျက်ရှိရာတွင် ဆေးရုံပိုင်းဆိုင်ရာကုသရေးလုပ်ငန်းများ ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုများသည် အရေးအကြီးပါကြောင်း၊

 

• ယခုကဲ့သို့ လှူဒါန်းမှုမျိုးသည် အမှန်တကယ်လိုအပ်နေသည့် အချိန်တွင် အမှန်တကယ်လိုအပ်သည့်နေရာသို့ လှူဒါန်းခြင်းဖြစ်ပြီး ကူးစက်ရောဂါအမျိုးမျိုးအပါအဝင် လူနာများအား ကိုင်တွယ်ကုသနေရသည့် ကျန်းမာရေးဝန်ထမ်းများအတွက် များစွာအထောက်အကူပြု အကျိုးရှိစေနိုင်မည်ဖြစ်ပါကြောင်း၊

• ယခုကဲ့သို့ လှူဒါန်းမှုကြောင့် လူနာများစွာ၏ အသက်ကိုကယ်တင်ကုသမှုပေးနိုင်မည်ဖြစ်သဖြင့် တစ်ကြိမ်တစ်ခါလှူဒါန်းခြင်းဖြင့်ပင် အကြိမ်များစွာ ကုသိုလ်ရ၊ အကျိုးရှိစေသည်ကို အလှူရှင်များအနေဖြင် သိရှိဝမ်းမြောက်စေလိုပါကြောင်း၊

• ဝန်ကြီးဌာနအနေဖြင့် အလှူရှင်များအား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

 

     ထို့နောက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက အလှူရှင်များအား ကျေးဇူးတင်စကားပြောကြားရာတွင် -

• မိမိတို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ COVID-19 ရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများတွင် တက်ညီလက်ညီဖြင့် ပါဝင် ကြိုပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊

• အလှူရှင်များမှ ယခုကဲ့သို့ နိုင်ငံနှင့် ပြည်သူအတွက် အကျိုးရှိမည့် လှူဒါန်းမှုများအား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

 

     ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ လူမှုရေးဝန်ကြီး၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်၊ ဆေးသုတေသနဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာဇော်သန်းထွန်းတို့က လှူဒါန်းမှုအားလက်ခံခဲ့ကြပြီး အလှူရှင်များထံ ကျေးဇူးတင်ဂုဏ်ပြုလွှာများ အသီးသီးပေးအပ်ခဲ့ပါသည်။

 

     အဆိုပါ ဆေးရုံသုံးစက်ပစ္စည်းနှင့် လှူဒါန်းငွေများကို IBPC မှ ကျပ်(၅၀၀) သိန်း၊Asia Royal Hospital မှ ကျပ်(၃၁၅) သိန်း၊Shwe Taung Group ၊GGI Tokio Marine နှင်GGI NIPPON Life တို့မှ ကုမ္ပဏီတစ်ခုလျင်ကျပ်(၃၀၀) သိန်းစီ၊ ကြယ်တံခွန်ဖောင်ဒေးရှင်း မှကျပ်(၅၀) သိန်း၊ဦးစုဝေနှင့် ဦးဝင်းနိုင် မိသားစု၊ဦးသော်ဇင် မိသားစု၊ဦးစိုးပိုင် မိသားစု၊ဦးအုံးဆိုင် မိသားစု၊ဦးနေဝင်း မိသားစု၊ဦးကျော်အောင် မိသားစု၊ဦးရုံးမူ မိသားစု၊ဦးအိုက်စိုင်း မိသားစု၊ဦးသိန်းဝင်း မိသားစုနှင့်ဦးထွန်းဦး မိသားစု တို့မှ မိသားစုတစ်စုလျင် ကျပ်(၂၅)သိန်းစီ၊Tokyu Construction Co.Ltd မှ ကျပ်(၁၀)သိန်း၊ Rolex Group၊ International School of Myanmar၊ ရတနာရှင်းသန့် ကုမ္ပဏီနှင့် Brightex Family Co.Ltd တို့မှ တစ်လုံးလျင်ကျပ် ( ၇၅)သိန်းတန်ဘိုးရှိသော အသက်ရှူစက်(Ventilator )(၄)လုံး လှူဒါန်းခဲ့ကြပြီး စုစုပေါင်းတန်ဘိုး ကျပ်(၂၃၂၅)သိန်း ရှိပါသည်။

 
 
 

More Tags