COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့်နေ့စဉ် ညှိနှိုင်း အစည်းအဝေး (၃၄/၂၀၂၀) ကျင်းပ (15-3-2020, 8:00 AM)

Union Minister Dr. Myint Htwe attends the central coordination meeting (34/2020) on preparedness for detection and response to Coronavirus Disease (COVID-19)


ရန်ကုန်၊ (၂၀၂၀) ပြည့်နှစ်၊ မတ်လ (၁၅) ရက်

     Coronavirus Disease 2019 (COVID-19) လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါစောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့်ညှိနှိုင်း အစည်းအဝေး (၃၄/၂၀၂၀) ကို ယနေ့၊ နံနက်(၈:၀၀)နာရီတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧည့်ခန်းမဆောင်၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး ဦးဆောင်၍ ကျင်းပ ပြုလုပ်ခဲ့ပါသည်။

အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီးမှ လမ်းညွှန်ပြောကြားရာတွင် -

• မိမိတို့နိုင်ငံ၌ ယခုလက်ရှိအချိန်အထိ ဓာတ်ခွဲအတည်ပြု COVID-19 ရောဂါဖြစ်ပွားသူ (၁) ဦးမျှ မတွေ့ရှိရသေးသော်လည်း ကမ္ဘာ့နိုင်ငံအသီးသီးတွင် COVID-19 ရောဂါကူးစက်ဖြစ်ပွားမှု၊ ပျံ့နှံ့မှုပုံစံနှင့် အခြေအနေအား ကပ်ရောဂါဗေဒရှုထောင့်မှ အနီးကပ်လေ့လာ ဆန်းစစ်သုံးသပ်လျက်ရှိပါကြောင်း၊

• ထိုသို့လေ့လာသုံးသပ်ရာမှ ရရှိသော တွေ့ရှိချက်များအပေါ်မူတည်၍ မိမိတို့နိုင်ငံ၏ ရောဂါကူးစက်ခြင်း ကာကွယ်ထိန်းချုပ်မှု လုပ်ငန်းများကို ပြုပြင်ပြောင်းလဲ၍ ဆောင်ရွက်လျက် ရှိပါကြောင်း၊

• မိမိတို့အနေဖြင့် ပြည်သူများ ရောဂါကူးစက်ဖြစ်ပွားမှု မရှိစေရေး၊ သေဆုံးမှုမရှိစေရေးတို့အတွက် ဆုံးဖြတ်ချက်များကို ပြတ်သားစွာ ချမှတ်ဆောင်ရွက် လျက်ရှိပါကြောင်း၊

• ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အကြံပြုထားသည့်အတိုင်း သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပြည်သူလူထုမှ လိုက်နာဆောင်ရွက် လျက်ရှိသည့်အတွက် လူစုလူဝေးများနှင့် ပွဲလမ်း သဘင်များ များစွာလျော့ပါးသွားပြီ ဖြစ်သဖြင့် ရောဂါကူးစက်ပြန့်ပွားနိုင်ချေ နည်းပါးလာမည်ဖြစ်ပါကြောင်း၊

• ထို့အပြင် ကူးစက်ရောဂါဖြစ်ပွားမှု မြင့်မားလျက်ရှိသော နိုင်ငံများမှ ခရီးသည်များ ပြည်တွင်းသို့ ဝင်ရောက်မှု နည်းပါးခြင်းဖြင့် မိမိတို့နိုင်ငံ၌ ရောဂါဝင်ရောက်ဖြစ်ပွားမှု နည်းပါးနိုင်ပါကြောင်း၊

• သို့ဖြစ်ပါ၍ ယခုအချိန်တွင် ရောဂါဖြစ်ပွားမှုများပြားသော နိုင်ငံ (၇) ခုမှ ဝင်ရောက်လာသော ခရီးသွား ဧည့်သည်များအား စိစစ်၍ (၁၄) ရက်တာကာလ အသွားအလာကန့်သတ် (quarantine) ရန် ယနေ့မှစတင် ဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊ အခြားနိုင်ငံများ၌ ရောဂါဖြစ်ပွားမှုနှင့် ပျံ့နှံ့မှုပုံစံများအရ လိုအပ်ပါက နိုင်ငံအရေအတွက် ထပ်မံတိုးမြှင့်မည်ဖြစ်ပါကြောင်း၊

• ပြည်ထောင်စုသမ္မတနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံးနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့မှ ပြည်သူများထံပန်ကြားချက်များကို ပြည်သူများအနေဖြင့် အလေးအနက်ထား မှတ်ယူပြီး လိုက်နာဆောင်ရွက် ကြစေလိုပါကြောင်း၊

• ဤကဲ့သို့သော ကပ်ရောဂါအသွင်ဖြင့် ဖြစ်ပွားသော ရောဂါများကို နှိမ်နင်းရာတွင် ပြည်သူများ၊ အရပ်ဘက်အဖွဲ့အစည်းများ၏ ပူးပေါင်းပါဝင်မှုသည် ရောဂါကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများတွင်များစွာ ထိရောက်မှုရှိသဖြင့် ပြည်သူများ၊ အရပ်ဘက်အဖွဲ့အစည်းများအနေဖြင့် တိတိကျကျလိုက်နာ ဆောင်ရွက်ရန် တိုက်တွန်းပန်ကြားလိုပါကြောင်း၊


• မိမိအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ ဆေးရုံများ၊ ပြည်သူ့ကျန်းမာရေးဦးစီး ဌာနများနှင့် ဓာတ်ခွဲခန်းများတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးနှီးနွှယ်ဝန်ထမ်းများ၊ ဓာတ်ခွဲဝန်ထမ်းများ၏ လုပ်ဆောင်ချက် စွမ်းရည်များနှင့် စိတ်စေတနာများကိုလည်း ယုံကြည်ပါကြောင်း၊

• မိမိတို့ ဝန်ထမ်းများသညိ ဤရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်ရာ၌လည်းကောင်း၊ ဆေးရုံများ၌ ကုသမှုပေးသည့် ကိစ္စများဆောင်ရွက်ရာ၌ လည်းကောင်း၊ အသွားအလာ ကန့်သတ်ခြင်း လုပ်ငန်းများကို ဆေးရုံနှင့် ကျန်းမာရေးအဆောက်အဦများ၌ ထားရှိပြီး ကျန်းမာရေးဝန်ဆောင်မှု ပေးရာ၌လည်းကောင်း မိမိ၏ ကိုယ်ပိုင်အရေးကဲ့သို့ သဘောထားကာ ဆောင်ရွက်လျက်ရှိသဖြင့် မိမိအနေဖြင့် ချီးကျူးဂုဏ်ယူပါကြောင်း၊

• ထို့အပြင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအား ငွေအင်အား၊ ပစ္စည်းအင်အားများအပါအဝင် ဝိုင်းဝန်းပံ့ပိုးမှုများပေးလျက်ရှိသော မြန်မာနိုင်ငံသူ/ သားများနှင့် ပြည်ပနိုင်ငံများမှ အဖွဲ့အစည်းများအား ပြည်သူများအားလုံး၏ ကိုယ်စားကျေးဇူးအထူး တင်ရှိပါကြောင်း၊

• အလုံပိတ်အခန်းနေရာများတွင် ရောဂါကူးစက်နိုင်ချေမြင့်မားသဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ YBS Aircon-bus များတွင် COVID-19 ကဲ့သို့သော အသက်ရှူ လမ်းကြောင်းမှတစ်ဆင့် ကူးစက်နိုင်သည့် ရောဂါများကူးစက်မှု လျှော့ချရေးကို အဖြေရှာရန်အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ညှိနှိုင်း ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

• လှည်းကူးမြို့နယ်ရှိ ပြည်သူ့ကျန်းမာရေးသင်တန်းကျောင်းနှင့် သိမ်ဖြူမြို့နယ်ရှိ အားကစားအဆောက်အဦများတွင် အသွားအလာကန့်သတ် (quarantine) ရန်အတွက် အသုံးပြုမည် ဖြစ်သဖြင့် အဆိုပါလုပ်ငန်းများတွင် လိုအပ်မည့် လူအင်အား၊ ပစ္စည်းအင်အားများကို ဖြည့်ဆည်းဆောင်ရွက် ပြင်ဆင်လျက် ရှိပါကြောင်း၊

• ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အဝေးပြေးဂိတ်များနှင့် အခြားတိုင်းဒေသကြီး/ ပြည်နယ်၊ မြို့ကြီးများရှိ အဝေးပြေးကားဂိတ်များတွင် ခရီးသွားပြည်သူများအား COVID-19 ရောဂါနှင့် ပတ်သက်သည့် ကျန်းမာရေး အသိပညာပေးခြင်းအား လက်ကိုင်အသံချဲ့စက်ငယ်များ အသုံးပြုကာ ယခုထက်အားပိုမိုထည့်၍ ကြေညာနှိုးဆော်ရမည် ဖြစ်ပါကြောင်း၊

• ပြည်သူများတွင် COVID-19 ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေး အသိပညာဗဟုသုတများရရှိမှုနှင့် လက်တွေ့အသုံးချနိုင်မှု အခြေအနေများကို အသုံးချသုတေသနပုံစံဖြင့် ဆန်းစစ်မှုများကို ပြည်သူ့ကျန်းမာရေးတက္ကသိုလ် (ရန်ကုန်) မှ ဆောင်ရွက်ထားသည်မှာ ကောင်းမွန်ပါကြောင်း၊ တွေ့ရှိချက်များကို မူတည်၍ မိမိတို့သည် လိုအပ်သလို ကျန်းမာရေး အသိပညာပေး နှိုးဆော်မှုများကို မွမ်းမံဆောင်ရွက်တော့မည် ဖြစ်ပါကြောင်း၊

• အဆိုပါ သုတေသနမှ ဆန်းစစ်မှု မေးခွန်းများအား တိုင်းဒေသကြီး/ ပြည်နယ်များသို့ ဖြန့်ဝေ၍ အထူးသဖြင့် နယ်စပ်ဝင်၊ ထွက်ပေါက်များတွင် သွားလာနေသူများအား ဆန်းစစ်စေ လိုပါကြောင်း၊

• လက်ကိုစနစ်တကျ ဆပ်ပြာနှင့် ရေကိုအသုံးပြု ဆေးကြောခြင်းသည် ရိုးရှင်းသည်ဟုထင်ရသော်လည်း COVID-19 အပါအဝင် ကူးစက်ရောဂါအများအပြားကို ထိရောက်စွာ ကာကွယ်နိုင် သဖြင့် ဝန်ကြီးဌာန၏ တစ်ပြည်လုံးရှိ ဆေးရုံများတွင် လူနာနှင့် လူနာစောင့်များ လက်ဆေးကြောရန် ဘေစင်နှင့် ရေရရှိမှုကို အမြန်ဆုံးဆောင်ရွက်ရန် မိမိညွှန်ကြားထားပြီးဖြစ်ပါကြောင်း၊

• ဆောင်ရွက်ခြင်း ရှိမှု၊ မရှိမှု အခြေအနေကိုလည်း မိမိတို့ သုံးသပ်ပြီး တစ်ပြည်လုံးရှိ ဆေးရုံများ၌ ဆောင်ရွက်နိုင်ရန် မိမိတို့ဝန်ကြီးဌာနမှ ဆက်လက်ပံ့ပိုးမည်ဖြစ်ပါကြောင်း ပြောကြား ခဲ့ပါသည်။


အစည်းအဝေးတွင် -

• ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ COVID-19 ရောဂါနှင့်ပတ်သက်သည့် နောက်ဆုံးအချက်အလက် (Daily Update Situation) များနှင့် ထုတ်ပြန်ကြေညာချက်များ၊

• ဝန်ကြီးဌာနမှ ရောဂါစောင့်ကြပ်ကြည့်ရှုမှုလုပ်ငန်းဆောင်ရွက်နေမှုများ၊ ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ၊
• အခြားနိုင်ငံများမှ ထူးခြားဖြစ်စဉ်များနှင့် သတင်းများ၊
• စောင့်ကြည့်လူနာများ၏ အခြေအနေများ၊
• ပြည်သူ့ကျန်းမာရေးတက္ကသိုလ် (ရန်ကုန်) မှ ဆောင်ရွက်ထားသည့် ပြည်သူများအကြား COVID-19 ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးအသိပညာ ဗဟုသုတများရရှိမှုနှင့် လက်တွေ့ အသုံးချနိုင်မှု အခြေအနေများကို အသုံးချသုတေသနမှ တွေ့ရှိချက်များ၊
• မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ လူနာလွှဲပြောင်းပို့ဆောင်မှုတွင် ပါဝင်ဆောင်ရွက်မည်များ၊
• ကျန်းမာရေးအသိပညာပေးနှိုးဆော်မှုလုပ်ငန်းများဆောင်ရွက်နေမှု၊
• COVID-19 ရောဂါဓာတ်ခွဲစစ်ဆေးမှုဆိုင်ရာ သင်တန်းများပြုလုပ်နေမှု၊
• ဆေးနှင့်ဆေးပစ္စည်းများ ဝယ်ယူမှု၊ လှူဒါန်းလက်ခံရရှိမှုစသည်တို့ကို ဆွေးနွေး တင်ပြခဲ့ကြပါသည်။

အဆိုပါအစည်းအဝေးသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် (ပြည်ထောင်စုဝန်ကြီးရုံး)၊ ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာန)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ကုသရေး)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ဓာတ်ခွဲ)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံ/ဘဏ္ဍာ)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ဝန်ကြီးရုံး)၊ ညွှန်ကြားရေးမှူး (ဗဟိုကူးစက်)၊ ဆေးရုံအုပ်ကြီးများ၊ ပါမောက္ခ၊ အထူးကု ဆရာဝန်ကြီးများနှင့် ပြည်သူကျန်းမာရေးတက္ကသိုလ် (ရန်ကုန်) စသည့် ကဏ္ဍအသီးသီးနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တာဝန်ရှိသူများတက်ရောက်၍ ဆန်းစစ်သုံးသပ်ခြင်း၊ ဆွေးနွေးအကြံပြုခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

 

 
 

More Tags