COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် နေ့စဉ်ညှိနှိုင်းအစည်းအဝေး (၃၀/၂၀၂၀) ကျင်းပ (6-3-2020, 7:30 AM)

Union Minister Dr. Myint Htwe attends the central coordination meeting (30/2020) on preparedness for detection and response to Coronavirus Disease (COVID-19)

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ မတ်လ (၆) ရက်

     Coronavirus Disease 2019 (COVID-19) လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါစောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့်ညှိနှိုင်းအစည်းအဝေး (၃၀/၂၀၂၀) ကို ယနေ့၊ နံနက်(၇:၃၀)နာရီတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ပါသည်။


 

အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီးမှ လမ်းညွှန်ပြောကြားရာတွင် -

• မိမိတို့နိုင်ငံ၌ ယခုလက်ရှိအချိန်အထိ ဓာတ်ခွဲအတည်ပြု COVID-19 ရောဂါဖြစ်ပွားသူ (၁) ဦးမျှ မတွေ့ရှိရသေးပါကြောင်း၊

• သံသယ (၂)ဦးနှင့် စောင့်ကြည့်လူနာ (၅၈)ဦး၊ စုစုပေါင်း (၆၀)ဦး တို့တွင် ဓာတ်ခွဲအဖြေ ရောဂါပိုးမတွေ့သူ (၅၄)ဦးနှင့် ဓာတ်ခွဲအဖြေစောင့်ဆိုင်းနေသူ (၆)ဦးရှိပါကြောင်း၊

• COVID-19 ရောဂါပိုး မတွေ့ရှိရသော သံသယနှင့် စောင့်ကြည့်လူနာများသည် ကျန်းမာရေး အခြေအနေ ကောင်းမွန်ကြ၍ ဆေးရုံဆင်းသွားပြီဖြစ်ပါကြောင်း၊

• COVID-19 ရောဂါ သံသယ၊ စောင့်ကြည့်လူနာနှင့် လူနာများကို ကိုင်တွယ်ကုသရာတွင် တစ်ကိုယ်ရည်သုံးရောဂါကာကွယ်ရေးဝတ်စုံ (personal protective equipment) ကို အလေအလွင့်မရှိစေဘဲ စနစ်ကျစွာ အသုံးချနိုင်ရေးအတွက် လုပ်ငန်းလမ်းညွှန်များအား ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ နောက်ဆုံး ထုတ်ပြန်ထားသော လမ်းညွှန်များနှင့် အညီမွမ်းမံ ပြင်ဆင် (update) ၍ အမြန်ဆုံးဖြန့်ဝေပေးရမည်ဖြစ်ပါကြောင်း၊


 

• ယခုအချိန်အထိ တွေ့ရှိချက်များအရ COVID-19 ရောဂါဖြစ်ပွားသူများ၏ (၈၈) ရာခိုင်နှုန်း သည် ကိုယ်ပူချိန်မြင့်မားခြင်း၊ (၆၈) ရာခိုင်နှုန်းသည် ချောင်းခြောက်ဆိုးခြင်း၊ (၃၈) ရာခိုင်နှုန်း သည် ကိုယ်လက်မအီမသာအားလျော့ခြင်း၊ (၃၃) ရာခိုင်နှုန်းသည် သလိပ်ပါချောင်းဆိုးခြင်း၊ (၁၉) ရာခိုင်နှုန်းသည် အသက်ရှူမဝခြင်း၊ (၁၄) ရာခိုင်နှုန်းသည် လည်ချောင်းနာခြင်း ဖြစ်ပွားသည်ကို သိရှိရပါကြောင်း၊

• ရောဂါဖြစ်ပွားသူများတွင် အဖျားလက္ခဏာပြသသူမှာ (၈၈) ရာခိုင်နှုန်းရှိသည်ဖြစ်၍ ရောဂါ ကူးစက်ဖြစ်ပွားရာ နိုင်ငံများမှလေကြောင်းခရီးဖြင့်လာရောက်သူများအား လက်ကိုင် ကိုယ်ခန္ဓာအပူချိန်တိုင်းစက် (handheld infrared thermometer) ဖြင့် တစ်ကြိမ်၊ လူအများ ကို တစ်ပြိုက်နက် ကိုယ်ခန္ဓာအပူချိန်တိုင်းသည့်စက် (thermal scanner)ဖြင့် တစ်ကြိမ်၊ စုစုပေါင်း (၂)ကြိမ်တိုင်းတာ၍ အထူးအလေးထားစောင့်ကြပ် ကြည့်ရှုရန် မိမိမှ ညွှန်ကြား ထားပြီးဖြစ်ပါကြောင်း၊

• ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပစ္စည်းများသယ်ပို့သည့် container များတွင် ရောဂါပိုး မပါရှိနိုင်ဟုဆိုသော်လည်း မိမိတို့အနေဖြင့် ပိုမိုစိတ်ချစေရန် လေကြောင်းခရီးသည်များ၏ ခရီးသွားအိတ်နှင့် သေတ္တာများကိုလည်း ပိုးသတ်သန့်စင်ရန် လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနနှင့် ညှိနှိုင်း၍ ဆောင်ရွက်ရန်ပြောကြားထားပြီးဖြစ်ပါကြောင်း၊

• ယခုလက်ရှိတွေ့ရှိချက်များအရ COVID-19 ရောဂါဖြစ်ပွားသူများအနက် သေဆုံးနှုန်းသည် တဖြည်းဖြည့်မြင့်တက်လျက်ရှိပြီး ယခုအခါ (၃.၅) ရာခိုင်နှုန်းအထိရှိနေပါကြောင်း၊

• သို့သော်လည်း မိမိတို့နိုင်ငံ၌ သေဆုံးမှု မမြင့်စေရန်အတွက် ကုသရေးကျွမ်း ကျင်မှုဆိုင်ရာ ၌လည်းကောင်း၊ ကုသရာ၌လိုအပ်သော ပစ္စည်းကိရိယာများနှင့် အောက်စီဂျင် လုံလောက်စွာ ရရှိစေရန်လည်းကောင်း၊ လူနာများလျင်မြန်စွာ လွှဲပြောင်းနိုင်ရေးအတွက်လည်းကောင်း ပြင်ဆင် ဆောင်ရွက်လျက်ရှိပါကြောင်း၊

• ထို့အပြင် ရောဂါအခံရှိသူများ၊ ဆီးချိုရောဂါရှိသူများ၊ အသက်အရွယ်ကြီးသူများသည် ရောဂါပြင်းထန်စွာခံစားရပြီး သေဆုံးနိုင်သဖြင့် သံသယလက္ခဏာများ ဖြစ်ပွားပါက ဆေးရုံသို့ ချက်ချင်းလာရောက်ရန်အတွက်ကိုလည်း ပြည်သူများအား ဆက်လက်အသိပေး ရမည်ဖြစ်ပါကြောင်း၊


 

• အသွားအလာကန့်သတ်၍ သတ်မှတ်နေရာတွင်ထားရှိကာ ရောဂါဖြစ်ပွားမှုစောင့်ကြပ် ကြည့်ရှုခြင်း (quarantine) ၏ အကျိုးကျေးဇူးများကို ပြည်သူများပိုမိုသိရှိ နားလည်ရန် အတွက် တိုင်းဒေသကြီး/ ပြည်နယ်များ၌ ကျယ်ကျယ်ပြန့်ပြန့် ဆက်လက်လုပ်ဆောင် မည်ဖြစ်ပါကြောင်း၊

• ရောဂါဖြစ်ပွားသူနှင့် အနီးအပါးထိတွေ့ခဲ့သူ၊ ရောဂါဖြစ်ပွားသေဆုံးမှုများပြားရာ နေရာ ဒေသမှ လာရောက်သူများအနေဖြင့် ပုန်းအောင်းမနေသင့်ဘဲ အနီးဆုံးကျန်းမာရေး ဌာနသို့ အကြောင်းကြားကာ အသွားအလာကန့်သတ်၍ ရောဂါဖြစ်ပွားမှု စောင့်ကြပ်ကြည့်ရှုခြင်း (quarantine) ကို ခံယူကြရမည်ဖြစ်ပါကြောင်း၊

• အိမ်နီးချင်းနိုင်ငံအချို့တွင် ရောဂါဖြစ်ပွားရာနေရာဒေသများမှ ရောက်ရှိလာသူများအားလုံး ကို အသွားအလာကန့်သတ်၍ သတ်မှတ်နေရာတွင် (၁၄) ရက်တာကာလအထိ ထားရှိခြင်း (quarantine) ကိုပင်ဆောင်ရွက်နေသည်ကို တွေ့ရှိရပါကြောင်း၊ မိမိတို့အနေဖြင့်လည်း လိုအပ်ပါက ထိုသို့ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

• အိမ်တွင် အသွားအလာကန့်သတ်၍ နေထိုင်စေခြင်း (home quarantine) လုပ်ဆောင်ရာ၌ လိုက်နာရမည့်အချက်များကိုလည်း စနစ်တကျဆောင်ရွက်ရန်မှာ အရေးကြီးသဖြင့် ပြည်သူ များသိရှိရန် ကျယ်ကျယ်ပြန့်ပြန့်ဖြန့်ဝေသွားမည်ဖြစ်ပါကြောင်း၊

• ယခုအချိန်တွင် တိုင်းဒေသကြီး/ ပြည်နယ် အချို့တွင် လူစုလူဝေးနှင့် ပွဲလမ်းသဘင်များကို ဆိုင်းငံ့ခြင်း၊ မပြုလုပ်ခြင်းများကို တွေ့ရှိရသည်မှာ မိမိတို့ဆောင်ရွက်နေသော ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအတွက် များစွာအထောက်အကူပြုပါကြောင်း၊

• လူစုလူဝေးနှင့် ပွဲလမ်းသဘင်များ မဖြစ်မနေကျင်းပရမည်ဆိုပါက ရောဂါကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ အချက်များကို ပွဲမစတင်မီတွင် (၅) မိနစ်ခန့်အချိန်ယူ၍ ပြောကြား နိုင်ရန်အတွက် အချက်အလက်များကို မိမိတို့ဝန်ကြီးဌာနမှ အမြန်ဆုံးဖြန့်ဝေမည်ဖြစ် ပါကြောင်း၊

• ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ကို (၅-၁-၂၀၂၀) က်နေ့မှ စတင်၍ အရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့ရာ ဆောင်ရွက်ချက်များ ပိုမိုပီပြင် အကျိုးရှိထိရောက်စေရန်အတွက် အမြန်ဆုံးပြန်လည်သုံးသပ်ရမည်ဖြစ်ပါကြောင်း၊

• မိမိတို့အနေဖြင့် ဆောင်ရွက်ခဲ့သော ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများဖြစ်သည့် သံသယနှင့် စောင့်ကြည့်လူနာများအားရှာဖွေတွေ့ရှိပုံ၊ ကိုင်တွယ်ဆောင်ရွက်ပုံ၊ ညွှန်းပို့ပုံ၊ စမ်းသပ်ကုသပုံ၊ ဓာတ်ခွဲစမ်းသပ်ပုံ၊ ကျန်းမာရေးအသိပညာဖြန့်ဝေမှုများ၏ ထိရောက်မှု ရှိ/ မရှိ၊ ဝန်ကြီးဌာနချင်း၊ ဗဟိုအဆင့်တာဝန်ရှိသူများနှင့် တိုင်းဒေသကြီး/ ပြည်နယ် ကျန်းမာရေးဌာနများ၊ အစိုးရအဖွဲ့များ၊ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများ၊ နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများ၊ အကြား ချိတ်ဆက်ဆောင်ရွက်ပုံ၊ ဝန်ကြီးဌာနမှ ဝယ်ယူထားသည့် ပစ္စည်းများနှင့် လှူဒါန်းလက်ခံရရှိသည့် ပစ္စည်းများကို ဆေးရုံများနှင့် ကျန်းမာရေးဌာနများသို့ ခွဲဝေဖြန့်ဖြူးသည့် ပုံစံစနစ်၊ သက်ဆိုင်ရာ ဆေးရုံများတွင် ကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေများ၊ ဖြစ်ရပ်အခြေပြု စားပွဲတင်လေ့ကျင့်ခန်းများ ပြုလုပ်ထားရှိမှု၊ သတင်းပြန်ကြားမှု အခြေအနေများ စသည့်လုပ်ငန်းများနှင့် ပတ်သက်၍ ဆန်းစစ်မှုများ အမြန်ဆုံးပြုလုပ်၍ အားနည်းချက်များကို တွေ့ရှိပါက ၎င်းတို့အား ချက်ချင်းအားဖြည့် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊
 


 

• အထက်ပါ ကိစ္စရပ်များအား လာမည့်ရက်သတ္တပတ် (၁) ပတ် အတွင်း လုပ်ဆောင်ပြီး တွေ့ရှိချက်များ အပေါ်မူတည်၍ မဟာဗျူဟာ၊ နည်းဗျူဟာများကို လိုအပ်ပါက ပြင်ဆင်ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊

• ယခုဖြစ်စဉ်တွင်သာမက နောင်ဖြစ်ပေါ်လာနိုင်သည့် ရောဂါကူးစက်ပျံ့နှံ့မှုဖြစ်စဉ်များအတွက် ရေရှည်ကာလကို မျှော်မှန်းကာ မြို့နယ်ဆရာဝန်များအား ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် ကုသရေး မွမ်းမံသင်တန်းများ ဆက်လက်ပြုလုပ်သွားရမည်ဖြစ်ပါကြောင်း၊

• ကမ္ဘာ့ဘဏ်၊ International Monetary Fund နှင့် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့မှ ဖွံ့ဖြိုးဆဲနိုင်ငံများသို့ အရေးပေါ်ကိစ္စရပ်များကို တုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် ရန်ပုံငွေများပေးအပ်ရန် စီစဉ်နေမှုတွင် မိမိတို့နိုင်ငံအတွက်ရရှိရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ တစ်ဆင့် ချက်ချင်း အကြောင်းကြား ညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်ပါ ကြောင်း၊

• ဈေးများ၊ စက်ရုံ၊ အလုပ်ရုံများတွင် ကျန်းမာရေးအသိပညာပေးနှိုးဆော်မှုများအား မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ လူမှုရေးအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ဆက်လက်အားဖြည့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

• မိမိတို့သည် ပြည်သူများထံသို့ မှန်ကန်သည့် သတင်းအချက်အလက်များကို ပွင့်လင်းမြင်သာ စွာဖြင့် ဆက်လက်ပြန်ကြားပေးမည်ဖြစ်ပါကြောင်း၊

• လုပ်ငန်းများဆောင်ရွက်ရာတွင် ပြည်သူ့ကျန်းမာရေး၊ ကပ်ရောဂါဗေဒရှုထောင့်၊ ကုန်သွယ်ရေး၊ စီးပွားရေး၊ ခရီးသွားလာရေး၊ လူမှုရေးရှုထောင့်စသည်တို့မှ အသေးစိတ်လေ့လာသုံးသပ်၍ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။


 

အစည်းအဝေးတွင် -

• ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ COVID-19 ရောဂါနှင့်ပတ်သက်သည့် Daily Update Situation များနှင့် ထုတ်ပြန်ကြေညာချက်များ၊

• ဝန်ကြီးဌာနမှ ရောဂါစောင့်ကြပ်ကြည့်ရှုမှုလုပ်ငန်းဆောင်ရွက်နေမှုများ၊ ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ၊

• အခြားနိုင်ငံများမှ ထူးခြားဖြစ်စဉ်များနှင့် သတင်းများ၊

• စောင့်ကြည့်လူနာများ၏ အခြေအနေများ၊

• အသွားအလာကန့်သတ်၍ ရောဂါဖြစ်ပွားမှုစောင့်ကြပ်ကြည့်ရှုခြင်း (quarantine) လုပ်ငန်း ဆောင်ရွက်ရန်အတွက် လှည်းကူးမြို့နယ်ရှိ ပြည်သူ့ကျန်းမာရေးကွင်းဆင်းသင်တန်းဌာနရှိ အဆောက်အဦသို့ ကွင်းဆင်းသွားရောက်ခဲ့မှု၊

• ပြည်သူများ ကျန်းမာရေးအသိပညာများကို လက်တွေ့အသုံးချနိုင်မှုဆိုင်ရာ အသုံးချသုတေ သနကို ပြည်သူ့ကျန်းမာရေးတက္ကသိုလ် (ရန်ကုန်) မှ ဆောင်ရွက်ရန် စီစဉ်ထားရှိမှု၊

• ကျန်းမာရေးအသိပညာပေးနှိုးဆော်မှုလုပ်ငန်းများဆောင်ရွက်နေမှု စသည်တို့ကို ဆွေးနွေး တင်ပြခဲ့ကြပါသည်။


 

     အဆိုပါအစည်းအဝေးသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် (ပြည်ထောင်စုဝန်ကြီးရုံး)၊ ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန)၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ကုသရေး)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ဝယ်/ ဖြန့်)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံ/ဘဏ္ဍာ)၊ ညွှန်ကြားရေးမှူး (ဗဟိုကူးစက်)၊ ညွှန်ကြားရေးမှူး(ကုသရေး)၊ နေပြည်တော် ခုတင် (၁၀၀၀) ဆံ့ပြည်သူ့ဆေးရုံ၊ ပါမောက္ခ၊ အထူးကု ဆရာဝန်ကြီးများနှင့် ပြည်သူ့ကျန်းမာရေး၊ ကုသရေး၊ ဓာတ်ခွဲ၊ e-health ၊ ပြည်တွင်းပြည်ပ ဆက်ဆံရေးနှင့်သတင်းပြန်ကြားရေး၊ ပြည်သူကျန်းမာရေးတက္ကသိုလ် (ရန်ကုန်) စသည့် ကဏ္ဍ အသီးသီးနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တာဝန်ရှိသူများတက်ရောက်၍ ဆန်းစစ်သုံးသပ်ခြင်း၊ ဆွေးနွေးအကြံပြုခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

 
 

More Tags