COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုရေးနှင့်ကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် နေ့စဉ်ညှိနှိုင်းအစည်းအဝေး (၂၉/၂၀၂၀) ကျင်းပ (4-3-2020, 8:00 AM)

Union Minister Dr. Myint Htwe attends the central coordination meeting (29/2020) on preparedness for detection and response to Coronavirus Disease (COVID-19)

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ မတ်လ (၄) ရက်

     Coronavirus Disease 2019 (COVID-19) လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါစောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့်နေ့စဉ်ညှိနှိုင်းအစည်းအဝေး (၂၉/၂၀၂၀) ကို ယနေ့၊ နံနက်(၈)နာရီတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ပါသည်။

     အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီးမှ လမ်းညွှန်ပြောကြားရာတွင် -

• ယခုအချိန်တွင် မိမိတို့နိုင်ငံ၌ COVID-19 ရောဂါဖြစ်ပွားသူမတွေ့ရှိရသေးသည့်အချက်ကို ကြည့်၍ ကျေနပ်နေ၍ မရပါကြောင်း၊

• အခြားနိုင်ငံများ၌ အချိန်တိုအတွင်းများပြားစွာဖြစ်ပွားနေသည်ကို တွေ့ရှိရသည့် အတွက် မိမိတို့အနေဖြင့် ဆောင်ရွက်နေသော ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်လုံးဝမလျှော့ဘဲ အရှိန်အဟုန်ကို ပို၍ပင်တိုးမြှင့် လုပ်ဆောင်ရမည်ဖြစ်ပါကြောင်း၊

• မိမိတို့ ဝန်ကြီးဌာနအနေဖြင့်လည်း COVID-19 ရောဂါသံသယလက္ခဏာရှိသောသူများအား ရှာဖွေဖော်ထုတ်၍ ရောဂါရှိ၊ မရှိ ဓာတ်ခွဲစမ်းသပ်လျက်ရှိပါကြောင်း၊

• မိမိတို့နိုင်ငံတွင် COVID-19 ရောဂါ ရုတ်တရက်ဖြစ်ပွားလာနိုင်သည်ဟူသော ခံယူချက်ကို နောက်ခံထား၍ မိမိတို့၏ ဆေးရုံများတွင် ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှုများအတွက် ပထမဦးစားပေးအနေဖြင့် လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊

• ဝန်ကြီးဌာနမှ ဝယ်ယူမှုနှင့် လှူဒါန်းမှုများမှ ရရှိသောအသက်ရှူစက်များ၊ တစ်ကိုယ်ရည်သုံးရောဂါကာကွယ်ရေးဝတ်စုံများ စသည်တို့ကို အရေးကြီးသည့် ဆေးရုံများသို့ လိုအပ်ချက်နှင့်အညီ အမြန်ဆုံးဖြန့်ဝေလျက်ရှိပါကြောင်း၊

• ယခု COVID-19 ရောဂါ ကမ္ဘာ့နိုင်ငံများတွင် ဖြစ်ပွားနေမှု သတင်းအချက်အလက်များကို ပြည်သူ့ကျန်းမာရေးနှင့် ကပ်ရောဂါဗေဒရှုထောင့်တို့မှသုံးသပ်ပြီး ဝန်ကြီးဌာနမှ ရေးဆွဲထား သော COVID-19 ရောဂါဖြစ်ပွားခြင်း ကာကွယ်တုံ့ပြန်ဆောင်ရွက်ရေးစီမံချက် (preparedness/ contingency plan) ကိုသာမက အခြားဘေးအန္တရာယ်တုံ့ပြန်ဆောင်ရွက်ရေး စီမံချက် များကို ဆန်းစစ်သုံးသပ်မှုများ အမြန်ဆုံးပြုလုပ်ကာ လိုအပ်သည်များကို ပြန်လည် ပြုပြင် မွမ်းမံရေးဆွဲရမည်ဖြစ်ပါကြောင်း၊

• ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် နှီးနွှယ်ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ၏ ပူးပေါင်းပါဝင်မှု အခြေ အနေများသည် ကောင်းမွန်နေသည်ကို တွေ့ရှိရပါကြောင်း၊ မိမိတို့အနေဖြင့်လည်း တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များမှ ဆောင်ရွက်ချက်များကို သတင်းမပြတ် ရရှိလျက်ရှိပါကြောင်း၊

• ညွှန်းပို့ဆေးရုံကြီးများ (Designated Hospital) များအတွက် လိုအပ်သည့် ပြင်ဆင်ထားရှိမှုများ လုပ်ဆောင်ထားရှိသကဲ့သို့ အခြားသောတိုင်းဒေသကြီး/ ပြည်နယ်များရှိ ဆေးရုံများအတွက် လိုအပ်သည့်ပြင်ဆင်မှုများအား ဗဟိုအဆင့် တာဝန်ရှိသူများနှင့် သက်ဆိုင်ရာဆေးရုံအုပ်ကြီးများ ညှိနှိုင်းဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပါကြောင်း၊

• မိမိတို့အနေဖြင့် ယခုအချိန်တွင် ရရှိသောလူအင်အား၊ ဘဏ္ဍာငွေနှင့် ဆေးဝါးပစ္စည်းကိရိယာ များကိုအသုံးချကာ ပြည်သူများရောဂါမဖြစ်ပွားစေရေးအတွက် ဆက်လက်၍ ကြိုးပမ်းဆောင်ရွက်မည်ဖြစ်ပါကြောင်း၊

• ဗဟိုအဆင့်တာဝန်ရှိသူများနှင့် တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာနများအကြား တယ်လီဖုန်းနှင့် အင်တာနက်ဆက်သွယ်မှုလမ်းကြောင်းများအသုံးပြုကာ tele/ video conferencing များဖြင့် ဆက်သွယ်ဆွေးနွေးမှုများ ပုံမှန် ပြုလုပ်နေခြင်းသည် ဤရောဂါကာကွယ်ထိန်းချုပ်မှုအတွက် အလွန်အရေးကြီးပြီး ထိရောက်သည့် ဆောင်ရွက်မှုတစ်ရပ်ဖြစ်ပါကြောင်း၊

• တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးတွင် အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီးများ၊ နှီးနွှယ်ဌာနများ၊ နိုင်ငံတကာ/ ပြည်တွင်းအစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေမှု လက်ရှိအခြေအနေများအား ပိုမိုထိရောက်ကောင်းမွန်စေရန်အတွက် ဗဟိုအဆင့်၌ နေ့စဉ်အစည်းအဝေးပြုလုပ်နေသကဲ့သို့ တိုင်းဒေသကြီး/ ပြည်နယ်အဆင့်၌ ရက်သတ္တပတ် (၁) ပတ်လျှင် (၂) ကြိမ် ခန့်ပြုလုပ်စေလိုပါကြောင်း၊ ဆုံးဖြတ်ချက်၊ အကြံပြုချက်များကို လည်း ဗဟိုသို့ အချိန်နှင့် တစ်ပြေးညီပေးပို့စေလိုပါကြောင်း၊

• ယခုအချိန်၌ လူစုလူဝေးများပြားသော ပွဲလမ်းသဘင်များကို တတ်နိုင်သမျှမပြုလုပ်ရန်နှင့် မလွှဲမရှောင်သာပြုလုပ်ရပါကလည်း ဖြစ်ပေါ်လာနိုင်သည့် နောက်ဆက်တွဲ ကိစ္စရပ်များအားလည်း ထည့်သွင်းစဉ်းစား ချင့်ချိန်ရမည်ဖြစ်ပါကြောင်း၊

• အကယ်၍ လူစုလူဝေးပွဲလမ်းသဘင်များသည် ကောင်းကျိုးသက်ရောက်မှုရှိပြီး မဖြစ်မနေကျင်းပရမည်ဆိုပါကလည်း လူဉီးရေ တတ်နိုင်သမျှအနည်းဆုံးဖြင့်သာ ကျင်းပပြုလုပ်သွားရန်နှင့် ပွဲလမ်းသဘင်များ ကျင်းပမည်ဆိုပါကလည်း COVID-19 ရောဂါ ပညာပေးအချက်အလက်များနှင့် ပြည်သူလူထုအနေဖြင့် လိုက်နာဆောင်ရွက် ရန်များကို ပွဲမစမီ (၅) မိနစ်ခန့် အချိန်ယူ၍ ပြောကြားရန်အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးများနှင့် ညှိနှိုင်းပြင်ဆင် ဆောင်ရွက်စေလိုကြောင်း၊

• ပြည်သူများအနေဖြင့်လည်း ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ နှာချေခြင်း၊ အသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါတစ်မျိုးမျိုးဖြစ်ပွားနေပါက လူစုလူဝေးနေရာများ၊ ပွဲလမ်းသဘင်များသို့ သွားလာခြင်းမှ လုံးဝရှောင်ကြဉ်ကြရန်မှာ အရေးကြီးပါကြောင်း၊

• လက်ကို စနစ်တကျပုံမှန်ဆေးကြောခြင်း၊ အရက်ပြန်ပါဝင်သော လက်သန့်စင်ဆေးရည်ကို အသုံးပြုဆေးကြောခြင်း၊ ချောင်းဆိုးနှာချေပါက ဖုံးအုပ်ခြင်း၊ ချောင်းဆိုးနှာချေနေမကောင်း ပါက ခွဲစိတ်ခန်းသုံးပါးစပ်နှာခေါင်းစည်းစနစ်တကျအသုံးပြုခြင်း တို့သည် ဤရောဂါကာကွယ်မှုအတွက် အလွန်ထိရောက်သည့်အတွက် ၎င်းအချက်များအား အရေးထားပြီးဆောင်ရွက်စေလိုပါကြောင်း၊

• မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပါဝင် ဆောင်ရွက်မှုများသည် ကောင်းမွန်ပါကြောင်း၊ ဆက်လက်၍လည်း ပိုမို၍ ပါဝင်ဆောင်ရွက် စေလိုပါကြောင်း၊

• ဝန်ကြီးဌာနအနေဖြင့် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ပြည်သူ့ကျန်းမာရေးနှင့် ကပ်ရောဂါဗေဒရှုထောင့်တို့မှအပြင် လူမှုရေး၊ စီးပွားရေး၊ ခရီးသွားလာရေး၊ ကုန်သွယ်ရေးစသည့် ရှုထောင့်စုံမှစဉ်းစားကာ ပြည်သူများအတွက် အကျိုးရှိမည့်ဆုံးဖြတ်ချက်များ ဆက်လက်ချမှတ်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

အစည်းအဝေးတွင် -
• ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ COVID-19 ရောဂါနှင့်ပတ်သက်သည့် Daily Update Situation များ၊
• ညွှန်းပို့ဆေးရုံများရှိ စောင့်ကြပ်ကြည့်ရှုလူနာများ၊ အသွားအလာကန့်သတ်၍ ရောဂါ စောင့်ကြပ်ကြည့်ရှုမှုခံယူနေသူများ၏ ကျန်းမာရေးအခြေအနေများ၊
• မန်းရွှေစက်တော်ဘုရားပွဲကျင်းပရာနေရာသို့ ညွှန်ကြားရေးမှူး (ဗဟိုကူးစက်ရောဂါတိုက်ဖျက် ရေးဌာနခွဲ)၊ ညွှန်ကြားရေးမှူး(တာဝန်) (ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲ) နှင့် တာဝန် ရှိသူများ ကွင်းဆင်းသွားရောက်၍ ပြည်သူ့ကျန်းမာရေးနှင့် ကပ်ရောဂါဗေဒရှုထောင့်များမှ ဆန်းစစ်သုံးသပ်မှုများ ဆောင်ရွက်နေမှုအခြေအနေနှင့် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း များကို ကွင်းဆင်းအားဖြည့်ဆောင်ရွက်နေမှုအခြေအနေများ၊
• တိုင်းဒေသကြီး/ ပြည်နယ်များအတွင်းရှိ ညွှန်းပို့ဆေးရုံကြီးများ (Designated Hospitals) နှင့် အခြားသောဆေးရုံကြီးများရှိ စောင့်ကြည့်လူနာများ၏ အခြေအနေများနှင့် ထူးခြားဖြစ်စဉ်များ၊ ဓာတ်ခွဲနမူနာ စစ်ဆေးထားရှိသည့်အခြေအနေများ၊
• Quarantine လုပ်ငန်းများအတွက် လိုအပ်သည့် ဆရာဝန်၊ သူနာပြု၊ အခြေခံ ဝန်ထမ်းအင်အား ပြင်ဆင်ထားရှိမှုအခြေအနေများ၊
• COVID-19 ရောဂါဖြစ်ပွား/ သေဆုံးမှု မြင့်တက်နေသည့်နိုင်ငံများမှ ပြန်လည် ရောက်ရှိလာမည့် မြန်မာနိုင်ငံသားများကို လိုအပ်ပါက Quarantine (၁၄) ရက် ထားရှိနိုင်ရေးအတွက် ပြင်ဆင်ထားရှိမှုအခြေအနေများ၊
• COVID-19 ရောဂါဖြစ်ပွားသူများတွေ့ရှိလာပါက ဆေးရုံများ၌ ကာကွယ်ကုသမှုအထောက် အကူပြုလုပ်ငန်းများတွင် ရောဂါပိုးကူးစက်မှုမရှိစေဘဲ စနစ်တကျပါဝင်ဆောင်ရွက်နိုင်ရေးအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းဝင်များနှင့် လူမှုရေး၊ ပရဟိတအသင်းများမှ တာဝန်ရှိသူများကို လေ့ကျင့်သင်တန်းပေးမှုများကို ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင်ဆောင်ရွက်သွားရန် ကိစ္စရပ်၊
• ဆေးရုံများတွင် ကြိုတင်ပြင်ဆင်ထားရှိမှုများအတွက် ထပ်မံလိုအပ်မည့် ဆေးပစ္စည်းကိရိယာ များစသည်တို့ကို ဆွေးနွေးတင်ပြခဲ့ကြပါသည်။
အဆိုပါအစည်းအဝေးသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် (ပြည်ထောင်စုဝန်ကြီးရုံး)၊ ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန)၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ကုသရေး)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ဝယ်/ ဖြန့်)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံ/ဘဏ္ဍာ)၊ နေပြည်တော် ခုတင် (၁၀၀၀) ဆံ့ပြည်သူ့ဆေးရုံ အုပ်ကြီး၊ ညွှန်ကြားရေးမှူး (ဗဟိုကူးစက်)၊ ညွှန်ကြားရေးမှူး(ကုသရေး)၊ ပါမောက္ခ၊ အထူးကု ဆရာဝန်ကြီးများနှင့် ပြည်သူ့ကျန်းမာရေး၊ ကုသရေး၊ ဓာတ်ခွဲ၊ e-health ၊ ပြည်တွင်းပြည်ပ ဆက်ဆံရေးနှင့်သတင်းပြန်ကြားရေး၊ ပြည်သူကျန်းမာရေးတက္ကသိုလ် (ရန်ကုန်) စသည့် ကဏ္ဍ အသီးသီးနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တာဝန်ရှိသူများတက်ရောက်၍ ဆန်းစစ်သုံးသပ်ခြင်း၊ ဆွေးနွေးအကြံပြုခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

More Tags