COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် ညှိနှိုင်းအစည်းအဝေး (၃၂/၂၀၂၀) ကျင်းပ (10-3-2020, 9:00 AM)

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ မတ်လ (၁၀) ရက်

Coronavirus Disease 2019 (COVID-19) ရောဂါစောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် ညှိနှိုင်းအစည်းအဝေး (၃၂/၂၀၂၀) ကို ယနေ့၊ နံနက် (၉:၀၀) နာရီတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄) ၊ နေပြည်တော်၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ပါသည်။


 

အစည်းအဝေး၌ အမြဲတမ်းအတွင်းဝန်မှ လမ်းညွှန်ပြောကြားရာတွင် -

• ကိုးရီးယားသမ္မတနိုင်ငံတွင် ဖြစ်ပွားခဲ့သော သာဓကများအရ မြန်မာနိုင်ငံအတွင်း၌ လူစုလူဝေးများဖြင့် ပြုလုပ်ကျင်းပရမည့် ပွဲလမ်းသဘင်များအား အတတ်နိုင်ဆုံး လျှော့ချနိုင်ရေး (သို့မဟုတ်) ဆိုင်းငံ့နိုင်ရေးကို အလေးပေး ညှိနှိုင်းဆောင်ရွက်စေလိုကြောင်းနှင့် အကယ်၍ မဖြစ်မနေ ကျင်းပရမည်ဆိုပါကလည်း လူဉီးရေအနည်းဆုံးဖြင့်သာ ကျင်းပပြုလုပ်သွားရန် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပြင်ဆင် ဆောင်ရွက်စေလိုကြောင်း၊

• အီတလီနိုင်ငံတွင် COVID-19 ရောဂါ ဖြစ်ပွား/သေဆုံးမှု ဖြစ်စဉ်များအရ ရောဂါဖြစ်ပွားမှုသည် ရုတ်တရက်မြင့်တက်လာသည်ကို တွေ့ရှိရသကဲ့သို့ မိမိတို့နိုင်ငံတွင်လည်း အလားတူအခြေ အနေမျိုးဖြစ်ပွားနိုင်သည့်အတွက် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကိုအရှိန်အဟုန်မြှင့်၍ ဆက်လက်ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊


 

• COVID-19 ရောဂါဖြစ်ပွားမှုမြင့်တက်နေသောနိုင်ငံများမှ ခရီးသည်များ မြန်မာနိုင်ငံအတွင်း ဝင်ရောက်မှုကို တင်းကျပ်စွာ စိစစ်၍ဆောင်ရွက်ရန်နှင့် လေဆိပ်များတွင် ရောဂါရှာဖွေေရေး လုပ်ငန်းများကို အရှိန်အဟုန်မလျှော့ဘဲ ဆက်လက်ဆောင်ရွက်စေလိုကြောင်း၊

• တစ်ကိုယ်ရေရောဂါကာကွယ်ရေးဝတ်စုံ (Personal Protective Equipment) များ အသုံးပြုရာတွင် စနစ်ကျထိရောက်ကာ အလေအလွင့်မရှိစေရန် WHO မှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်အတိုင်း အသုံးပြုကြစေ လိုကြောင်း၊

• တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုရန် သတ်မှတ်ထားသော စာစစ်ဌာနများတွင် COVID-19 နှင့် ပတ်သက်သော ကျန်းမာရေးအသိပညာပေး အချက်အလက်များအားလည်းကောင်း၊ လက် သန့်စင်ဆေးရည် (Hand Gel) နှင့် နှာခေါင်းစည်း (Surgical Mask) များ ထားရှိပေးရန် အတွက်လည်းကောင်း သက်ဆိုင်ရာပညာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်စေလိုကြောင်း၊


 

• ဆေးရုံတွင် အသွားအလာတားမြစ်ပိတ်ပင်ခြင်း ကန့်သတ်ခြင်း (Quarantine) လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လိုအပ်သည့် ပြင်ဆင်မှုများအား သက်ဆိုင်ရာဆေးရုံအုပ်ကြီးများမှ ညှိနှိုင်းဆောင်ရွက်စေလိုကြောင်း၊

• ကျန်းမာရေးဝန်ထမ်းများ ရောဂါကူးစက်မှုမရှိစေရေးအတွက် ရောဂါကူးစက် ပြန့်ပွားမှု ထိန်းချုပ်ရေး (Infection Prevention and Control - IPC) လုပ်ငန်းလမ်းညွှန်ချက် များအား လိုက်နာဆောင်ရွက်စေလိုကြောင်း၊

• COVID-19 ရောဂါသံသယလူနာအား Category C (WHO Case Definition) သတ်မှတ် ဆုံးဖြတ်ရာတွင် လူနာအားတိုက်ရိုက်ကုသပေးသော သက်ဆိုင်ရာဆရာဝန်မှ ပထမအဆင့် သတ်မှတ်ဆုံးဖြတ်ပြီး Clinical Management Committee အားသတင်းပေးပို့စေလိုကြောင်း၊

• ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်လုံးဝမလျှော့ဘဲ ဆက်လက်ဆောင်ရွက် သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။


 

အစည်းအဝေးတွင်-

• ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ COVID-19 ရောဂါနှင့်ပတ်သက်သည့် Daily Update Situation များ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် လူနာအသစ်ဖြစ်ပွားမှု နည်းပါးလာသော်လည်း တရုတ် ပြည်သူ့သမ္မတနိုင်ငံပြင်ပနိုင်ငံများ (အီရန်၊ အီတလီ၊ ဂျပန်၊ ဂျာမနီ၊ ပြင်သစ်၊ ကိုးရီးယားသမ္မတနိုင်ငံ)တွင် လူနာအသစ်ဖြစ်ပွားမှု မြင့်တက်လျက်ရှိသည့် အခြေအနေများ၊


 

• တိုင်းဒေသကြီး/ပြည်နယ်များအတွင်းရှိ ညွှန်းပို့ဆေးရုံကြီးများ (Designated Hospitals) နှင့် အခြားသောဆေးရုံကြီးများရှိ စောင့်ကြည့်လူနာများ၏ အခြေအနေများနှင့် ထူးခြားဖြစ်စဉ် များ၊ ဓာတ်ခွဲနမူနာ စစ်ဆေးထားရှိသည့်အခြေအနေများ၊

• အပြည်ပြည်ဆိုင်ရာလေဆိပ်/ ရေဆိပ်များ၊ နယ်စပ် ဝင်ပေါက်/ ထွက်ပေါက်ဂိတ်များမှ ဝင်ထွက်သွားလာမှု အခြေအနေများနှင့် ထူးခြားဖြစ်စဉ်များ၊

• ရောဂါအစုလိုက်ဖြစ်ပွားပါက ဖြစ်ပေါ်လာနိုင်သော အခက်အခဲများဖြစ်သည့် Logistics အပိုင်းအား ကြိုတင်ပြင်ဆင်ထားရှိရန်ကိစ္စရပ်များ၊


 

• တိုင်းဒေသကြီး/ပြည်နယ်များသို့ လိုအပ်ချက်အတိုင်း ပေးဝေနိုင်ရန် PPE များဝယ်ယူရန် အတွက် စီစဉ်ထားရှိသည့် အခြေအနေများ၊

• ကျန်းမာရေးအသိပညာ မြင့်တင်ရေးဌာနခွဲမှ Social Distancing အား ပြည်သူတွေပိုမို အလေးထားလိုက်နာစေရန် ဆောင်ရွက်နေမှုများ၊

• COVID-19 ရောဂါဖြစ်ပွား/သေဆုံးမှု မြင့်တက်နေသည့်နိုင်ငံများမှ ပြန်လည်ရောက်ရှိလာ မည့် မြန်မာနိုင်ငံသားများအတွက် လိုအပ်ပါက Hospital Quarantine (၁၄) ရက်ထားရှိ နိုင်ရေးအတွက် ပြင်ဆင်ထားရှိမှုအခြေအနေများ၊

• ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ပြောင်းလဲသတ်မှတ်ခဲ့သည့် ရောဂါအဓိပ္ပာယ် (Case definition) နှင့်အညီ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း၊ ကုသရေးနှင့် ဓာတ်ခွဲလုပ်ငန်းများ ဆက်လက် ဆောင်ရွက်မည့်ကိစ္စရပ်များ စသည်တို့ကို ဆွေးနွေးတင်ပြခဲ့ကြပါသည်။


 

အဆိုပါအစည်းအဝေးသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် (ပြည်ထောင်စုဝန်ကြီးရုံး)၊ ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန)၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ကုသရေး)၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ဝယ်/ ဖြန့်)၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် (စီမံ/ဘဏ္ဍာ)၊ နေပြည်တော် ခုတင် (၁,၀၀၀) ဆံ့ပြည်သူ့ဆေးရုံအုပ်ကြီး၊ ညွှန်ကြားရေးမှူး (ဗဟိုကူးစက်)၊ ညွှန်ကြားရေးမှူး (ကုသရေး)၊ ပါမောက္ခ၊ အထူးကု ဆရာဝန်ကြီး များနှင့် ပြည်သူ့ကျန်းမာရေး၊ ကုသရေး၊ ဓာတ်ခွဲ၊ e-health၊ ပြည်တွင်း/ ပြည်ပဆက်ဆံရေးနှင့် သတင်းပြန်ကြားရေး၊ ပြည်သူကျန်းမာရေးတက္ကသိုလ် (ရန်ကုန်) စသည့် ကဏ္ဍအသီးသီးနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တာဝန်ရှိသူများတက်ရောက်၍ ဆန်းစစ်သုံးသပ်ခြင်း၊ ဆွေးနွေး အကြံပြုခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

 
 

More Tags