COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (7-3-2020, 8:00PM)

၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ကမ္ဘာ့နိုင်ငံများတွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှုဖြစ်စဉ်နှင့် ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်၊ ထွက်ပေါက်ဂိတ်များတွင်လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ်လည်းကောင်း၊ ပြည်သူလူထု အခြေပြု စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများဖြင့်လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်း၍လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။

၂။ ထိုသို့ဆောင်ရွက်ရာတွင် -

(က) စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်တွင် နေထိုင်သော အသက် (၃၅) နှစ်အရွယ် အမျိုးသားတစ်ဦးသည် (၅-၃-၂၀၂၀) ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ပြီး ဖျားခြင်း၊ ချောင်းဆိုးခြင်း လက္ခဏာများခံစားခဲ့ရသဖြင့် (၆-၃-၂၀၂၀)ရက်နေ့တွင် ဝက်လက်မြို့နယ်ဆေးရုံသို့ လာရောက် ပြသခဲ့ရာ မန္တလေး ကန်တော်နဒီဆေးရုံသို့ ညွှန်းပို့ခဲ့ပါသည်။ ၎င်းအား စောင့်ကြည့် လူနာအဖြစ် သတ်မှတ်၍ သီးခြားထားရှိ ကုသမှုပေးလျက်ရှိပြီး ဓါတ်ခွဲနမူနာရယူ၍ အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှု ဆိုင်ရာဌာန (ရန်ကုန်)သို့ ပေးပို့စစ်ဆေးရန် စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။ ၎င်း၌ ပြင်းထန်အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများ မတွေ့ရှိရပါ။

(ခ) မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်တွင် နေထိုင်သော အသက် (၄၁) နှစ် အရွယ် အမျိုးသားတစ်ဦးသည် (၁၉-၂-၂၀၂၀) ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး (၄-၃-၂၀၂၀) ရက်နေ့မှစတင်၍ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ နှာချေခြင်း၊ ကြွက်သားများ နာကျင်ကိုက်ခဲခြင်း၊ အသက်ရှူမဝခြင်း လက္ခဏာများခံစားခဲ့ရသဖြင့် မင်းလှမြို့နယ်၊ လင်းကယ်တိုက်နယ်ပြည်သူ့ဆေးရုံသို့ လာရောက်ပြသခဲ့ရာ ၎င်းအား စောင့်ကြည့်လူနာအဖြစ် သတ်မှတ်၍ သီးခြားထားရှိ ကုသမှုပေးလျက်ရှိပြီး ဓါတ်ခွဲနမူနာရယူ၍ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့ ပေးပို့စစ်ဆေးရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ ၎င်း၌ ပြင်းထန် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများ မတွေ့ရှိရပါ။

(ဂ) ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်တွင် နေထိုင်သော အသက် (၃၇) နှစ် အရွယ် အမျိုးသားတစ်ဦးသည် ထိုင်းနိုင်ငံတွင် လွန်ခဲ့သော (၁) လခန့်မှစတင်၍ အသည်း ရောင်ရောဂါ ခံစားနေရပြီး မသက်သာသဖြင့် (၅-၃-၂၀၂၀) ရက်နေ့တွင် မြဝတီမြို့ မှတစ်ဆင့် ရေတာရှည်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ပြီး ယင်းနေ့ ညနေ(၃:၀၀)နာရီတွင် ရေတာရှည် မြို့နယ်ပြည်သူ့ ဆေးရုံသို့ လာရောက်ပြသခဲ့ရာ အဖျားရောဂါနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများ မတွေ့ရှိရသော်လည်း ရင်ဘတ် ဓာတ်မှန်တွင် အဆုတ်ရောင်ရောဂါလက္ခဏာများ တွေ့ရှိရသဖြင့် စောင့်ကြည့်လူနာအဖြစ် သတ်မှတ်၍ သီးခြားထားရှိ ကုသမှုပေးလျက်ရှိပါသည်။ လူနာထံမှ ဓါတ်ခွဲ နမူနာရယူ၍ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့ပေးပို့စစ်ဆေးရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

(ဃ) မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်တွင် နေထိုင်သော အသက် (၇၁) နှစ်အရွယ် အမျိုးသားတစ်ဦးသည် (၂၂-၂-၂၀၂၀) ရက်နေ့မှစတင်၍ ချောင်းဆိုးခြင်း ဝေဒနာ ခံစားခဲ့ရပြီး (၆-၃-၂၀၂၀) ရက်နေ့မှစတင်၍ အသက်ရှူကြပ်ခြင်း ဝေဒနာများခံစားခဲ့ရသဖြင့် (၇-၃-၂၀၂၀) ရက်နေ့တွင် မန္တလေးအထွေထွေရောဂါကုဆေးရုံ ကြီး သို့လာရောက်ပြသခဲ့ရာ လူနာမှာ ရောဂါကူးစက်ဖြစ်ပွားလျက်ရှိသော ဒေသများသို့ ခရီးသွားရာဇဝင်နှင့် သံသယလူနာများနှင့်ထိတွေ့ခဲ့သည့် ရာဇဝင်မရှိသော်လည်း လတ်တလောပြင်းထန် အသက်ရှူ လမ်းကြောင်း ဆိုင်ရာရောဂါလက္ခဏာများ တွေ့ရှိရသဖြင့် ကန်တော်နဒီဆေးရုံသို့ ညွန်းပို့ခဲ့ပါသည်။ အဆိုပါလူနာအား စောင့်ကြည့်လူနာအဖြစ် သတ်မှတ်၍ သီးခြားထားရှိ ကုသမှု ပေးလျက်ရှိပြီး ဓါတ်ခွဲနမူနာရယူ၍ အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့ပေးပို့စစ်ဆေးရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

(င) ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်တွင်နေထိုင်သော အသက် (၃၀) နှစ်အရွယ် အမျိုးသားတစ်ဦးသည် (၂၇-၂-၂၀၂၀) ရက်နေ့တွင် ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာခဲ့ကြောင်း ၎င်းတွင် သွေးတိုးရောဂါ၏ နောက်ဆက်တွဲ ကျောက်ကပ်ရောဂါ ခံစားနေရပြီး (၂၄-၇-၂၀၁၉) ရက်နေ့မှစ၍ ဂျပန်နိုင်ငံတွင် ကျောက်ကပ်သွေးသန့်စင်မှု ပြုလုပ်လျက်ရှိရာ (၂၈-၂-၂၀၂၀) ရက်နေ့တွင် ရန်ကုန်မြို့၊ ကန်သာယာဆေးရုံ၌ ကျောက်ကပ်သွေးသန့်စင်မှု ပြုလုပ်နေစဉ် ချောင်းဆိုးခြင်း၊ ကိုယ်အပူချိန် မြင့်တက်ခြင်း စသည့် ရောဂါလက္ခဏာများ ခံစားခဲ့ရသဖြင့် ဆေးကုသမှုပေးခဲ့ပြီး (၇-၃-၂၀၂၀) ရက်နေ့တွင် ဝေဘာဂီအထူးကုဆေးရုံကြီးသို့ ညွန်းပို့ခဲ့ပါသည်။ အဆိုပါလူနာအား စောင့်ကြည့်လူနာအဖြစ် သတ်မှတ်၍ သီးခြားထားရှိကုသမှု ပေးလျက်ရှိပြီး ဓါတ်ခွဲနမူနာရယူ၍ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့ပေးပို့စစ်ဆေးရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ ၎င်း၌ ပြင်းထန် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများ မတွေ့ရှိရပါ။

(စ) ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်တွင် နေထိုင်သော အသက် (၁၃) နှစ်အရွယ် ကလေး (ကျား) တစ်ဦးသည် (၂၆-၂-၂၀၂၀) ရက်နေ့မှစတင်၍ ဖျားခြင်း၊ ချောင်းဆိုးခြင်း စသည့် ရောဂါလက္ခဏာများ ခံစားခဲ့ရသဖြင့် အင်းစိန်အထွေထွေ ရောဂါကုဆေးရုံကြီးသို့ လာရောက်ပြသခဲ့ရာ လူနာမှာ ရောဂါကူးစက်ဖြစ်ပွား လျက်ရှိသော ဒေသများသို့ ခရီးသွား ရာဇဝင်နှင့် သံသယလူနာများနှင့် ထိတွေ့ခဲ့သည့် ရာဇဝင်မရှိသော်လည်း လတ်တလောပြင်းထန်အသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါလက္ခဏာများ တွေ့ရှိရ သဖြင့် (၆-၃-၂၀၂၀) ရက်နေ့မှစတင်ပြီး စောင့်ကြည့်လူနာအဖြစ် သတ်မှတ်၍ သီးခြား ထားရှိကုသမှုပေးလျက်ရှိပါသည်။ ၎င်းထံမှ ဓါတ်ခွဲနမူနာရယူ၍ အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့ပေးပို့ စစ်ဆေးခဲ့ရာ (၇-၃-၂၀၂၀) ရက်နေ့တွင် ဓာတ်ခွဲအဖြေတွင် Coronavirus Disease 2019 (COVID-19) ဗိုင်းရပ်စ် ရောဂါပိုးမရှိပါကြောင်း (မရှိကြောင်း) စစ်ဆေးသိရှိရပါသည်။

၃။ ယနေ့ (၇-၃-၂၀၂၀) ရက်နေ့၊ ညနေ (၆း၀၀) နာရီအချိန်အထိ စောင့်ကြည့်လူနာ (၆) ဦးအား သက်ဆိုင်ရာ ဆေးရုံများတွင် စောင့်ကြပ်ကြည့်ရှုကုသမှုပေးလျက်ရှိပါသည်။

၄။ (၇-၃-၂၀၂၀) ရက်နေ့အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ မတွေ့ရှိသေးသော်လည်း ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့်၍ ဆောင် ရွက်လျက်ရှိပါသည်။ ယခုအခါ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံအချို့ အပါအဝင် ကမ္ဘာ့နိုင်ငံ (၈၉) နိုင်ငံတွင် COVID-19 ရောဂါ ကူးစက်ဖြစ်ပွားလျက်ရှိသဖြင့် ပြည်သူလူထုအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါကာကွယ်ရေးဆိုင်ရာ ကျန်းမာ ရေးအသိပညာပေးအချက်အလက်များအား တိကျစွာလိုက်နာ ဆောင်ရွက်ရန် နှိုးဆော်အပ်ပါသည်။

 




 

 

 

 
 

More Tags