COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (7-3-2020, 4;30PM)

၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်လျက်ရှိပြီး သံသယလူနာ၊ စောင့်ကြည့်လူနာနှင့် COVID-19 ရောဂါဖြစ်ပွားသူနှင့် ထိတွေ့ခဲ့သူများထံမှ ဓာတ်ခွဲနမူနာများရယူ၍ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) တွင် စစ်ဆေးလျက်ရှိပါသည်။

၂။ ထိုသို့ဆောင်ရွက်ရာတွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ ယနေ့၊ ညနေတွင် ပေးပို့လာသော ဓာတ်ခွဲအဖြေများအရ -

(က) အင်းစိန်အထွေထွေရောဂါကုဆေးရုံကြီးတွင် စောင့်ကြပ်ကြည့်ရှုကုသမှု ခံယူနေသော ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်တွင် နေထိုင်သည့် အသက် (၁၄) နှစ်အရွယ် ကလေး (ကျား) (၁) ဦး၊

(ခ) ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ကုသမှုခံယူခဲ့သော ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် နေထိုင်ခဲ့သည့် အသက် (၃၄) နှစ် အရွယ် အမျိုးသားတစ်ဦးနှင့်

(ဂ) လားရှိုးပြည်သူ့ဆေးရုံကြီးတွင် ကုသမှုခံယူခဲ့သော ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်တွင် နေထိုင်ခဲ့သည့် အသက် (၄၀)နှစ်အရွယ် အမျိုးသားတစ်ဦး၊ စုစုပေါင်း (၃) ဦးတို့၏ ဓာတ်ခွဲနမူနာများတွင် COVID-19 ရောဂါပိုး မရှိကြောင်း တွေ့ရှိရပါသည်။

(အမှတ် - (ခ) နှင့် (ဂ) လူနာ (၂) ဦး ဆုံးပါးခဲ့မှု သတင်းကို ယမန်နေ့ည (၈) နာရီတွင် ထုတ်ပြန်ခဲ့သည့် သတင်းတွင် ပါဝင်ခဲ့ပြီးဖြစ်ပါသည်၊။)

၃။ ထို့အပြင် ဝေဘာဂီအထူးကုဆေးရုံတွင် အသွားအလာကန့်သတ်ကာ ရောဂါဖြစ်ပွားမှု ရှိ၊ မရှိ စောင့်ကြပ်ကြည့်ရှုမှုခံယူနေသည့် ကိုရီးယားသမ္မတနိုင်ငံရှိ ရောဂါကူးစက်မှု အမြင့်ဆုံးမြို့ဖြစ်သော ဒယ်ဂူးမြို့မှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့သော မြန်မာနိုင်ငံသား ကျောင်းသူ (၁၀) ဦး ထံမှ ဓာတ်ခွဲနမူနာများရယူကာ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) တွင် စစ်ဆေးခဲ့ရာ ၎င်းတို့ (၁၀) ဦးလုံးတွင် COVID-19 ရောဂါပိုး မရှိကြောင်း တွေ့ရှိရပါသည်။

၄။ ဓာတ်ခွဲအဖြေသတင်းများ ထပ်မံရရှိပါက အချိန်နှင့် တစ်ပြေးညီထုတ်ပြန်ပေးသွားမည်ဖြစ်ပါသည်။

 
 

More Tags