COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (4-3-2020, 8:00 PM)

၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံ (၇၂) နိုင်ငံတွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှုဖြစ်စဉ်နှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည်ပြည် ဆိုင်ရာ ဝင်ပေါက်၊ ထွက်ပေါက်ဂိတ်များတွင်လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ်လည်းကောင်း၊ ပြည်သူလူထုအခြေပြု စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများဖြင့်လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများ နှင့် ပူးပေါင်း၍လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။

၂။ ထိုသို့ဆောင်ရွက်ရာတွင် -

(က) ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်တွင် နေထိုင်သော အသက်(၂၈)နှစ်အရွယ် အမျိုးသား တစ်ဦးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ထိန်ချုံးပြည်နယ်၌ သွားရောက် အလုပ် လုပ်ကိုင်ခဲ့ပြီး (၁-၃-၂၀၂၀) ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိရာ ဝိုင်းမော်မြို့နယ်၊ ကန်ပိုင်တီး နယ်စပ်ဂိတ်တွင် ကိုယ်အပူချိန်မြင့်တက်နေကြောင်း တွေ့ရှိခဲ့ရသဖြင့် ကန်ပိုင်တီး တိုက်နယ်ပြည်သူ့ဆေးရုံသို့ လွှဲပြောင်း၍ ကျန်းမာရေး စစ်ဆေးခဲ့ရာ လူနာသည် (၂၃-၂-၂၀၂၀) ရက်နေ့မှ စတင်၍ ဖျားခြင်း၊ ချောင်းဆိုး ခြင်း၊ အသက်ရှူကြပ်ခြင်း၊ မောခြင်းစသော ပြင်းထန်အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများ ခံစားခဲ့ရကြောင်းတွေ့ရှိရသည့်အတွက် ၎င်းအားစောင့်ကြည့် လူနာအဖြစ်သတ်မှတ်၍ သီးခြားထားရှိ ကုသမှုပေးလျက်ရှိပြီး ဓါတ်ခွဲနမူနာရယူ၍ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)သို့ ပေးပို့စစ်ဆေးရန် စီစဉ် ဆောင်ရွက်လျက်ရှိပါသည်။

(ခ) မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်တွင် နေထိုင်သော အသက် (၆၈) နှစ်အရွယ် ဆီးချိုရောဂါအခံရှိသူ အမျိုးသမီးကြီးတစ်ဦးသည် (၂၇-၂-၂၀၂၀) ရက် နေ့မှစတင်၍ ချောင်းဆိုးခြင်း၊ အသက်ရှူကြပ်ခြင်းရောဂါလက္ခဏာများ ခံစားခဲ့ရပြီး သတိကောင်းစွာမရသဖြင့် (၄-၃-၂၀၂၀) ရက်နေ့တွင် မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီးသို့ လာရောက်ပြသခဲ့ရာ လွန်ခဲ့သော (၁၄) ရက်အတွင်း ရောဂါကူးစက် ဖြစ်ပွားလျက်ရှိသောဒေသများသို့ ခရီးသွားရာဇဝင်မရှိသော်လည်း ပြင်းထန်အသက် ရှူလမ်းကြောင်းဆိုင်ရာလက္ခဏာများနှင့် COVID-19 ရောဂါသံသယလက္ခဏာများ တွေ့ရှိရသဖြင့် စောင့်ကြည့်လူနာအဖြစ်သတ်မှတ်၍ သီးခြားထားရှိ ကုသမှုပေးလျက်ရှိပြီး ၎င်းထံမှ ဓါတ်ခွဲနမူနာရယူ၍ အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့ပေးပို့စစ်ဆေးရန် စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။

(ဂ) ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်တွင် နေထိုင်သော အသက် (၃၂) နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် (၂-၃-၂၀၂၀)ရက်နေ့တွင် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာခဲ့ပြီး (၂၆-၂-၂၀၂၀) ရက်နေ့မှစ၍ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ မောပန်းခြင်း လက္ခဏာများ ခံစားခဲ့ရသဖြင့် ပုဂ္ဂလိကဆေးခန်းသို့ လာရောက်ပြသ ခဲ့ရာ (၄-၃-၂၀၂၀) ရက်နေ့တွင် ဝေဘာဂီအထူးကုဆေးရုံသို့ ညွှန်းပို့ခဲ့ပါသည်။ ၎င်းအား စောင့်ကြည့်လူနာအဖြစ်သတ်မှတ်၍ သီးခြားထားရှိ ကုသမှုပေးလျက်ရှိပြီး ၎င်းထံမှ ဓါတ်ခွဲနမူနာရယူ၍ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့ပေးပို့စစ်ဆေးရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၃။ စင်ကာပူနိုင်ငံ၌ နေထိုင်ခဲ့စဉ်ကာလအတွင်း COVID-19 ရောဂါဖြစ်ပွားလာသူနှင့် ထိတွေ့ခဲ့သည့် မြန်မာနိုင်ငံသား၊ အသက် (၂၆) နှစ်အရွယ် အမျိုးသား (၁) ဦးအား ကျောက်ပန်းတောင်းမြို့နယ်ဆေးရုံတွင် အခြားသူများနှင့် ထိတွေ့ဆက်ဆံခြင်းမရှိအောင် ဆေးရုံတွင် သီးသန့်ထားရှိ၍ ရောဂါဖြစ်ပွားမှုစောင့်ကြပ်ကြည့်ရှုလျက်ရှိပြီး ဓာတ်ခွဲနမူနာအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမျိုးသားကျန်းမာရေး ဆိုင်ရာဓာတ်ခွဲမှုဌာန (ရန်ကုန်) တွင် စစ်ဆေးခဲ့ရာ COVID-19 ရောဂါပိုးမရှိကြောင်းကို တွေ့ရှိရပါသည်။ အဆိုပါအမျိုးသားသည် COVID-19 ရောဂါဖြစ်ပွားလာသူနှင့် ထိတွေ့ခဲ့သူဖြစ်သဖြင့် ၎င်းထံမှ နောက် (၃) ရက်အကြာတွင် ဓာတ်ခွဲနမူနာထပ်မံရယူ၍ စစ်ဆေးသွားမည်ဖြစ်ပါသည်။ အဆိုပါ အမျိုးသားသည် ယနေ့ (၄-၃-၂၀၂၀) ရက်နေ့၊ ညနေပိုင်းအချိန် စစ်ဆေးချက်အရ ကျန်းမာရေး အခြေအနေကောင်းမွန်နေပါသည်။

၄။ ယနေ့ (၄-၃-၂၀၂၀) ရက်နေ့၊ ညနေ (၆:၀၀) နာရီအချိန်အထိ လူနာ(၇)ဉီးအား သက်ဆိုင်ရာ ဆေးရုံများတွင် စောင့်ကြပ်ကြည့်ရှုကုသမှုပေးလျက်ရှိပါသည်။

၅။ (၄-၃-၂၀၂၀) ရက်နေ့အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ မတွေ့ရှိသေးသော်လည်း ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့်၍ဆောင် ရွက်လျက်ရှိပါသည်။ ယခုအခါ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံအချို့ အပါအဝင် ကမ္ဘာ့နိုင်ငံ (၇၃) နိုင်ငံတွင် COVID-19 ရောဂါ ကူးစက်ဖြစ်ပွားလျက်ရှိသဖြင့် ပြည်သူလူထုအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှထုတ်ပြန်ထားသော ရောဂါကာကွယ်ရေးဆိုင်ရာ ကျန်းမာရေး အသိပညာပေးအချက်အလက်များအား တိကျစွာလိုက်နာဆောင်ရွက်ရန် နှိုးဆော်အပ်ပါသည်။ COVID-19 ရောဂါ ဖြစ်ပွားသူနှင့် ထိတွေ့ခဲ့သူများ၊ ရောဂါကူးစက်ပြန့်ပွားမှုများပြားရာ နေရာဒေသမှ ပြည်တွင်းသို့ရောက်ရှိခဲ့သူများနှင့် သံသယရောဂါလက္ခဏာဖြစ်ပွားလာသူများ အနေဖြင့် အနီးဆုံးကျန်းမာရေး ဌာနသို့ မဖြစ်မနေသတင်းပေးပို့ကြပါရန်၊ သံသယရောဂါလက္ခဏာဖြစ်ပွားသူများကို တွေ့ရှိပါက ပြည်သူများအနေဖြင့်လည်း အနီးဆုံးကျန်းမာရေးဌာနထံသို့ သတင်းပေးပို့ပါရန် နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အသွားအလာကန့်သတ်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း (quarantine) လုပ်ငန်းဆောင်ရွက်မှုများတွင် ပါဝင်ကြပါရန် ထပ်မံတိုက်တွန်းနှိုးဆော်အပ်ပါသည်။

More Tags