COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (3-3-2020, 8:00 p.m)

၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံ (၆၄) နိုင်ငံတွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 ရောဂါဖြစ်ပွားမှုဖြစ်စဉ်နှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည်ပြည် ဆိုင်ရာ ဝင်ပေါက်၊ ထွက်ပေါက်ဂိတ် များတွင်လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ်လည်းကောင်း၊ ပြည်သူ လူထုအခြေပြု စောင့်ကြပ် ကြည့်ရှုခြင်းလုပ်ငန်းများဖြင့်လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများ နှင့် ပူးပေါင်း၍လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။

၂။ ထိုသို့ဆောင်ရွက်ရာတွင် -

(က) စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့တွင် နေထိုင်သော အသက် (၂၄) နှစ် အရွယ် အမျိုးသားတစ်ဦးသည် (၂၉-၂-၂၀၂၀) ရက်နေ့မှစတင်၍ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ ရင်ဘတ်အောင့်ခြင်းနှင့် မောပန်းခြင်းစသည့် ရောဂါလက္ခဏာများဖြင့် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးသို့ (၁-၃-၂၀၂၀) ရက်နေ့တွင် တက်ရောက်ကုသမှုခံယူခဲ့ရာ လူနာအား စမ်းသပ်စစ်ဆေးချက်များအရ လွန်ခဲ့သော (၁၄) ရက်အတွင်း ရောဂါကူးစက်ဖြစ်ပွားလျက်ရှိသောဒေသများသို့ ခရီးသွားရာဇဝင်မရှိသော်လည်း COVID-19 ရောဂါ သံသယလက္ခဏာများတွေ့ရှိခဲ့ရသဖြင့် (၂-၃-၂၀၂၀) ရက်နေ့၊ ညနေ (၆း၃၀) နာရီအချိန်တွင် မန္တလေးမြို့၊ ကန်တော်နဒီ ဆေးရုံသို့ ညွှန်းပို့ခဲ့ပါသည်။ အဆိုပါလူနာ အား စောင့်ကြည့်လူနာ (Person Under Investigation – PUI) အဖြစ် သတ်မှတ်၍ သီးခြားထားရှိ ကုသမှုပေးလျက်ရှိပြီး ဓါတ်ခွဲနမူနာရယူ၍ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)သို့ ပေးပို့ စစ်ဆေးရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

(ခ) ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ စက်ရုံတစ်ရုံတွင် အလုပ်လုပ်ကိုင် လျက်ရှိသော အသက် (၂၅) နှစ်အရွယ် တရုတ်ပြည်သူ့သမ္မတနိုင်ငံသား အမျိုးသမီး တစ်ဦးသည် (၂၀-၂-၂၀၂၀) ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကျဲ့ကျန်း (Zhejiang) ပြည်နယ်မှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး (၁-၃-၂၀၂၀) ရက်နေ့မှစတင်၍ ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ ကိုယ်လက်မအီမသာဖြစ်ခြင်းနှင့် ပြင်းထန်စွာ နုံးခွေခြင်း စသည့်ရောဂါလက္ခဏာများ ခံစားခဲ့ရသဖြင့် (၃-၃-၂၀၂၀) ရက်နေ့တွင် ဝေဘာဂီအထူးကုဆေးရုံကြီး၊ ပြင်ပလူနာဌာနသို့ လာရောက်ပြသခဲ့ရာ စမ်းသပ်စစ်ဆေးမှုများအရ COVID-19 ရောဂါ သံသယလက္ခဏာများတွေ့ရှိခဲ့ရသဖြင့် စောင့်ကြည့်လူနာ (PUI) အဖြစ် သတ်မှတ်၍သီးခြားထားရှိ ကုသမှုပေးလျက်ရှိပြီး ၎င်းထံမှ ဓါတ်ခွဲနမူနာရယူ၍ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)သို့ ပေးပို့စစ်ဆေးရန် စီစဉ် ဆောင်ရွက်လျက်ရှိပါသည်။

(ဂ) ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ စက်ရုံတစ်ရုံတွင် အလုပ်လုပ်ကိုင် လျက်ရှိသော အသက် (၃၈) နှစ်အရွယ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သား၊ အမျိုးသား တစ်ဦးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကျဲ့ကျန်း (Zhejiang) ပြည်နယ်မှ (၁၁-၂-၂၀၂၀) ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ပြီး (၂-၃-၂၀၂၀) ရက်နေ့မှ စတင်၍ ဖျားခြင်း၊ ခေါင်းကိုက်ခြင်း ကိုယ်လက်မအီမသာဖြစ်ခြင်းနှင့် ပြင်းထန်စွာ နုံးခွေခြင်း တို့ခံစားခဲ့ရသဖြင့် (၃-၃-၂၀၂၀) ရက်နေ့တွင် ဝေဘာဂီအထူးကု ဆေးရုံကြီး၊ ပြင်ပလူနာဌာနသို့ လာရောက်ပြသခဲ့ရာ စမ်းသပ်စစ်ဆေးမှုများအရ COVID-19 ရောဂါ သံသယလက္ခဏာများ တွေ့ရှိခဲ့ရသဖြင့် စောင့်ကြည့်လူနာ (PUI) အဖြစ်သတ်မှတ်၍ သီးခြားထားရှိ ကုသမှုပေးလျက်ရှိပြီး ၎င်းထံမှ ဓါတ်ခွဲနမူနာရယူ၍ အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့ ပေးပို့စစ်ဆေးရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

(ဃ) တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ ဂျယ်ခေါင်မြို့တွင် နေထိုင်သော အသက် (၉) နှစ်အရွယ် ဒုတိယတန်းကျောင်းသားတစ်ဦးသည် ဂျယ်ခေါင်မြို့မှ မူဆယ်မြို့သို့ နေ့စဉ်ကျောင်းတက်ရန် လာရောက်လျက်ရှိပြီး (၃-၃-၂၀၂၀) ရက်နေ့တွင် ဂျယ်ခေါင် မြို့မှ မူဆယ်မြို့သို့ လာရောက်စဉ် မူဆယ်နယ်စပ် ဝင်ထွက်ဂိတ်၌ အဖျားစစ်ဆေးရာ ဖျားခြင်း၊ လည်ခေျာင်းနာခြင်း ရောဂါလက္ခဏာများတွေ့ရှိရသဖြင့် မူဆယ်မြို့နယ် ပြည်သူ့ဆေးရုံတွင် စောင့်ကြည့်လူနာ (PUI) အဖြစ်သတ်မှတ်၍ သီးခြားထားရှိ ကုသမှုပေး လျက်ရှိပြီး ၎င်းထံမှ ဓါတ်ခွဲနမူနာရယူ၍ အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာ ဌာန (ရန်ကုန်)သို့ ပေးပို့စစ်ဆေးရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ ၎င်းအားစစ်ဆေးရာတွင် လတ်တလော ပြင်းထန်အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ လက္ခဏာများ မတွေ့ရှိရပါ။

၃။ (၃-၃-၂၀၂၀) ရက်နေ့၊ ညနေပိုင်းတွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) ၏ ပြန်ကြားချက်အရ သက်ဆိုင်ရာဆေးရုံများတွင် စောင့်ကြပ်ကြည့်ရှုကုသမှုပေးလျက်ရှိသော -

(က) ဝေဘာဂီအထူးကုဆေးရုံမှ အသက် (၂၉) နှစ် အရွယ် တရုတ်ပြည်သူ့သမ္မတ နိုင်ငံသား အမျိုးသား (၁) ဦး၊

(ခ) ဝေဘာဂီအထူးကုဆေးရုံမှ အသက် (၃၇) နှစ် အရွယ် နယူးဇီလန်နိုင်ငံသား အမျိုးသား (၁) ဦး၊

(ဂ) ဝေဘာဂီ အထူးကုဆေးရုံမှ အသက် (၃၂) နှစ် အရွယ် မြန်မာနိုင်ငံသား အမျိုးသား (၁) ဦးနှင့်

(ဃ) စစ်တွေပြည်သူ့ဆေးရုံကြီးမှ အသက် (၂၉) နှစ်အရွယ် မြန်မာနိုင်ငံသားအမျိုးသား (၁) ဦး၊

စုစုပေါင်း (၄) ဦးတို့၏ ဓာတ်ခွဲအဖြေများတွင် COVID-19 ဗိုင်းရပ်စ်ရောဂါပိုး မရှိပါကြောင်း (မရှိကြောင်း) စစ်ဆေးသိရှိရပါသည်။ ၎င်းတို့ (၄) ဦး၏ ကျန်းမာရေးအခြေအနေမှာလည်း ကောင်းမွန်လျက်ရှိပြီး ဆေးရုံဆင်းခွင့်သတ်မှတ်ချက်များအရ ဆေးရုံတွင် (၄၈) နာရီဆက်လက် ထားရှိပြီးနောက် ကျန်းမာရေးအခြေအနေကောင်းမွန်စိတ်ချရမှသာ ဆေးရုံဆင်းခွင့်ပြုမည်ဖြစ်ပါသည်။

၄။ ယနေ့ (၃-၃-၂၀၂၀) ရက်နေ့၊ ညနေ (၆း၀၀) နာရီအချိန်အထိ ကျန်လူနာ (၄) ဉီးအား သက်ဆိုင်ရာ ဆေးရုံများတွင် ဆက်လက်စောင့်ကြပ်ကြည့်ရှုကုသမှုပေးလျက်ရှိပြီး ၎င်းတို့၏ ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိကြောင်း သိရှိရပါသည်။

၅။ (၂-၃-၂၀၂၀) ရက်နေ့တွင် ကိုရီးယားသမ္မတနိုင်ငံရှိ ရောဂါကူးစက်မှု အမြင့်ဆုံးမြို့ဖြစ်သော ဒယ်ဂူးမြို့မှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသော မြန်မာနိုင်ငံသား ကျောင်းသူ (၃) ဦးအား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ Information Center မှ စစ်ဆေးတွေ့ရှိခဲ့ရသဖြင့် လက်ရှိတွင်ရောဂါ လက္ခဏာတစ်စုံတစ်ရာ မတွေ့ရှိရသော်လည်း ရောဂါပျိုးရက်အတွင်း ရောဂါလက္ခဏာ ပေါ်ပေါက်လာပါက စောစီးစွာကုသနိုင်ရန်နှင့် ၎င်းတို့၏ မိသားစုဝင်များနှင့် အခြားသူများသို့ ကူးစက်ပျံ့ပွားမှုမရှိစေရန်အတွက် အသွားအလာတားမြစ် ကန့်သတ်ပြီး ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း (Hospital Quarantine) (၁၄) ရက်ပြုလုပ်ရန် ဝေဘာဂီအထူးကုဆေးရုံသို့ ပို့ဆောင် ထားရှိပါသည်။

၆။ (၃-၃-၂၀၂၀) ရက်နေ့အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ မတွေ့ရှိသေးသော်လည်း ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့်၍ ဆောင်ရွက် လျက်ရှိပါသည်။ ယခုအခါ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံအချို့ အပါအဝင် ကမ္ဘာ့နိုင်ငံ (၆၄) နိုင်ငံတွင် COVID-19 ရောဂါ ကူးစက်ဖြစ်ပွားလျက်ရှိသဖြင့် ပြည်သူလူထုအနေဖြင့် ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါကာကွယ်ရေးဆိုင်ရာ ကျန်းမာရေးအသိပညာ ပေးအချက်အလက်များအား တိကျစွာလိုက်နာဆောင်ရွက်ရန် ထပ်မံတိုက်တွန်းနှိုးဆော်အပ်ပါသည်။

 
 

More Tags