COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း(20-3-20, 8:00 PM)

၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ကမ္ဘာ့နိုင်ငံများတွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှုဖြစ်စဉ်နှင့် ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်၊ ထွက်ပေါက်ဂိတ်များတွင် လည်းကောင်း၊ ဆေးရုံအခြေပြု အဖြစ်လည်းကောင်း၊ ပြည်သူလူထု အခြေပြု စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများဖြင့်လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်း၍လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။

၂။ ထိုသို့ဆောင်ရွက်ရာတွင် (၁၉-၃-၂၀၂၀) ရက်နေ့၊ ညနေ (၆) နာရီမှ (၂၀-၃-၂၀၂၀) ရက်နေ့၊ ညနေ (၆) နာရီအထိ စောင့်ကြည့်လူနာအသစ် (၁၃) ဦး ရှိပါသည်။ (ဇယား -၁)

၃။ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကျေးသီးမြို့နယ်တွင် နေထိုင်သော အသက် (၄၁)နှစ် အရွယ် အမျိုးသမီး (၁) ဦးသည် (၅-၃-၂၀၂၀)ရက်နေ့မှစ၍ ချောင်းဆိုးခြင်း၊ မောပန်းခြင်းစသည့် ရောဂါ လက္ခဏာများခံစားခဲ့ရသဖြင့် မိုင်းနောင်တိုက်နယ် ပြည်သူ့ဆေးရုံတွင် (၁၉-၃-၂၀၂၀) ရက်နေ့၌ လာရောက်ပြသခဲ့ရာ လူနာမှာ လွန်ခဲ့သော (၂)ပတ်အတွင်း ထိုင်းနိုင်ငံသို့ ခရီးသွား ရာဇဝင်ရှိခဲ့သဖြင့် စောင့်ကြည့်လူနာအဖြစ် သတ်မှတ်၍ ဓာတ်ခွဲနမူနာရယူ၍ အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)သို့ ပေးပို့စစ်ဆေးရန် စီစဉ်လျက်ရှိပြီး လိုအပ်သော ဆေးကုသမှုများပေးနေစဉ် (၂၀-၃-၂၀၂၀) ရက်နေ့တွင် သေဆုံးသွားခဲ့ကြောင်း သိရှိရပါသည်။ သေဆုံးရသော အကြောင်းအရင်းမှာ ပြင်းထန် အဆုတ်ရောင်ရောဂါနှင့် နာတာရှည်ရောဂါ အခံဖြစ်သော ဆီးချိုရောဂါ၏ နောက်ဆက်တွဲ ဆိုးကျိုးများကြောင့် သေဆုံးရခြင်းဖြစ်ပါသည်။

၄။ ယနေ့ (၂၀-၃-၂၀၂၀) ရက်နေ့၊ ညနေ (၆) နာရီအချိန်အထိ စောင့်ကြည့်လူနာ (၂၉) ဉီးအား သက်ဆိုင်ရာဆေးရုံများတွင် စောင့်ကြပ်ကြည့်ရှုကုသမှု ပေးလျက်ရှိပါသည်။

၅။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ ဓာတ်ခွဲစစ်ဆေးမှုအဖြေများကို သီးခြားထုတ်ပြန်သွားမည်ဖြစ်ပါသည်။

၆။ (၂၀-၃-၂၀၂၀) ရက်နေ့အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ မတွေ့ရှိသေးသော်လည်း ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့်၍ ဆောင် ရွက်လျက်ရှိပါသည်။ ယခုအခါ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံအချို့ အပါအဝင် ကမ္ဘာ့နိုင်ငံ (၁၆၇) နိုင်ငံတွင် COVID-19 ရောဂါ ကူးစက်ဖြစ်ပွားလျက်ရှိသဖြင့် ပြည်သူလူထုအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါကာကွယ်ရေးဆိုင်ရာ ကျန်းမာရေး အသိပညာပေး အချက်အလက်များအား တိကျစွာလိုက်နာ ဆောင်ရွက်ရန် နှိုးဆော်အပ်ပါသည်။

More Tags