COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (2-3-2020, 8:00PM)

COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

(၂-၃-၂၀၂၀) ရက်နေ့၊ ည (၈) နာရီ

၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံ (၅၉) နိုင်ငံတွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 ရောဂါဖြစ်ပွားမှုဖြစ်စဉ်နှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား ဆောင်ရွက်လျက်ရှိရာတွင် နိုင်ငံတကာ ကျန်းမာရေးဝန်ကြီးဌာနများနှင့်လည်းကောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့်လည်းကောင်း ချိတ်ဆက်၍ သတင်းပေးပို့ဖလှယ်ခြင်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိပါသည်။

၂။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ယခုအချိန်၌ အပြည်ပြည်ဆိုင်ရာလေဆိပ်များမှ မြန်မာနိုင်ငံသို့ ဝင်ရောက်လာသည့် ခရီးသည်များမှ တစ်ဆင့် ရောဂါကူးစက်ပြန့်ပွားနိုင်သည့် အခြေအနေများရှိသဖြင့် ရောဂါစောင့်ကြပ်ကြည့်ရှုရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ လေကြောင်းခရီးသည်များအား ကျန်းမာရေးအခြေအနေဖော်ပြချက်ကဒ် (health declaration card) တွင် ကျန်းမာရေးအခြေအနေ၊ တည်းခိုနေထိုင်မည့် လိပ်စာနှင့် ဖုန်းနံပါတ်တို့ကို ဖြည့်စွက်စေပြီးမှသာ ပြည်တွင်းသို့ ဝင်ရောက်ခွင့်ပြုခြင်းတို့ကို တိကျစွာ အထူးဂရုပြု ဦးစားပေးဆောင်ရွက်လျက်ရှိပါသည်။

၃။ ထိုသို့ဆောင်ရွက်လျက်ရှိရာတွင် -

(က) ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်ရှိ စက်ရုံတစ်ရုံတွင် အလုပ်လုပ်ကိုင် လျက်ရှိသော အသက် (၂၉) နှစ်အရွယ် တရုတ်ပြည်သူ့သမ္မတနိုင်ငံသား အမျိုးသားတစ်ဉီးသည် (၁၈-၂-၂၀၂၀) ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ တိုင်ပေရှိ ၎င်း၏နေအိမ်သို့သွားရောက်ခဲ့ပြီး (၂၅-၂-၂၀၂၀) ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ပါသည်။ အဆိုပါ အမျိုးသားသည် (၂၈-၂-၂၀၂၀) ရက်နေ့မှစ၍ ဖျားခြင်း၊ လည်ချောင်းနာခြင်း၊ ချောင်း ဆိုးခြင်း၊ အသက်ရှူကြပ်ခြင်းစသည့် လက္ခဏာများခံစားခဲ့ရသဖြင့် (၁-၃-၂၀၂၀) ရက်နေ့၊ နေ့လယ်ပိုင်းတွင် ပန်းလှိုင်ဆေးရုံသို့ သွားရောက်ပြသခဲ့ရာ ဝေဘာဂီအထူးကုဆေးရုံသို့ ညွှန်းပို့ခဲ့ပါသည်။ အဆိုပါ လူနာအား စောင့်ကြည့်လူနာ (PUI) အဖြစ်သတ်မှတ်၍ သီးခြားထားရှိ ကုသမှုပေးလျက်ရှိပြီး ဓါတ်ခွဲနမူနာရယူ စစ်ဆေးလျက်ရှိပါသည်။

(ခ) ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်တွင် နေထိုင်သော အသက် (၃၇) နှစ်အရွယ် နယူးဇီလန်နိုင်ငံသား အမျိုးသားတစ်ဦးသည် (၁၇-၂-၂၀၂၀) ရက်နေ့တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာခဲ့ပြီး ဟောင်ကောင်လေဆိပ်၊ အမေရိကန် နိုင်ငံ၊ ဂျွန်အက်ဖ်ကနေဒီလေဆိပ်နှင့် မီယာမီလေဆိပ်များမှတစ်ဆင့် ကင်းစတုန်းလေဆိပ်သို့ ရောက်ရှိခဲ့ပြီး၊ ၎င်းသည် အမေရိကန်နိုင်ငံ၊ ကင်းစတုန်းမြို့တွင် (၈) ရက်ခန့် နေထိုင်ခဲ့ပြီး (၂၈-၂-၂၀၂၀) ရက်နေ့တွင် ကင်းစတုန် လေဆိပ်နှင့် ကာတာနိုင်ငံ၊ ဒိုဟာလေဆိပ်တို့မှတစ်ဆင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိလာခဲ့ပါသည်။ အဆိုပါအမျိုးသားသည် (၂၉-၂-၂၀၂၀) ရက်နေ့မှစ၍ COVID-19 ရောဂါနှင့်ဆင်တူသော သံသယလက္ခဏာများ ခံစားခဲ့ရသဖြင့် (၂-၃-၂၀၂၀) ရက်နေ့၊ နံနက်ပိုင်းတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ပြသခဲ့ရာ ဝေဘာဂီအထူးကုဆေးရုံသို့ ညွှန်းပို့ခဲ့ပါသည်။ အဆိုပါ လူနာအား စောင့်ကြည့်လူနာ (PUI) အဖြစ်သတ်မှတ်၍ သီးခြားထားရှိ ကုသမှုပေးလျက်ရှိပြီး ဓါတ်ခွဲနမူနာရယူ စစ်ဆေးလျက်ရှိပါသည်။

(ဂ) တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟူနန်ပြည်နယ်တွင် (၃) နှစ်ခန့် ကျောင်းတက်ရောက်ခဲ့ သည့် အသက် (၃၂) နှစ် အရွယ် အမျိုးသားတစ်ဦးသည် (၁၈-၂-၂၀၂၀) ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လေကြောင်းခရီးဖြင့် မလေးရှားနိုင်ငံတွင်တစ်ဆင့်ခံရပ်နား၍ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့ပါသည်။ ၎င်းသည် (၁-၃-၂၀၂၀) ရက်နေ့တွင် COVID-19 ရောဂါနှင့်ဆင်တူသော သံသယလက္ခဏာများ ခံစားခဲ့ရသဖြင့် ဒဂုံမြို့သစ် (အရှေ့ပိုင်း) ဆေးရုံသို့ သွားရောက်ပြသခဲ့ရာ ၎င်း၏ခရီးသွားရာဇဝင်အရ (၂-၃-၂၀၂၀) ရက်နေ့တွင် ဝေဘာဂီအထူးကုဆေးရုံသို့ ညွှန်းပို့ခဲ့ပါသည်။ အဆိုပါ လူနာအား စောင့်ကြည့်လူနာ (PUI) အဖြစ် သတ်မှတ်၍ သီးခြားထားရှိ ကုသမှုပေးလျက်ရှိပြီး ဓါတ်ခွဲနမူနာရယူ စစ်ဆေးလျက်ရှိပါသည်။

(ဃ) ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် နေထိုင်သော အသက် (၂၉) နှစ်အရွယ် အမျိုးသားတစ်ဦးသည် (၁၈-၂-၂၀၂၀) ရက်နေ့တွင် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာပြီး (၂၁-၂-၂၀၂၀) ရက်နေ့မှစတင်၍ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ ရင်ဘတ်အောင့်ခြင်း စသည့်ရောဂါလက္ခဏာများ စတင်ခံစားခဲ့ရပြီး စစ်တွေမြို့ရှိ ပြင်ပဆေးခန်း တစ်ခုသို့ပြသခဲ့ရာ (၂-၃-၂၀၂၀) ရက်နေ့တွင် ၎င်းဆေးခန်းမှ စစ်တွေပြည်သူ့ဆေးရုံကြီးသို့ ညွှန်းပို့ခဲ့ပါသည်။ အဆိုပါလူနာအား စောင့်ကြည့် လူနာ (PUI) အဖြစ် သတ်မှတ်၍ သီးခြားထားရှိ ကုသမှုပေးလျက်ရှိပြီး ဓါတ်ခွဲနမူနာရယူ စစ်ဆေးရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

(င) (၁-၃-၂၀၂၀) ရက်နေ့၌ စင်္ကာပူနိုင်ငံ၊ ကျန်းမာရေးဝန်ကြီးဌာနမှ မြန်မာနိုင်ငံ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ “စင်္ကာပူနိုင်ငံတွင်လက်ရှိနေထိုင်နေသော မြန်မာနိုင်ငံသား၊ အသက် (၂၅) နှစ်အရွယ်အမျိုးသမီးသည် စင်္ကာပူနိုင်ငံမှ COVID-19 ရောဂါဖြစ်ပွားသူတစ်ဦး နှင့် အနီးကပ်နေထိုင်ထိတွေ့ခဲ့သူ (close contact) ဖြစ်သဖြင့် စင်္ကာပူနိုင်ငံရှိ နေအိမ်တွင် အသွားအလာကန့်သတ်၍ ရောဂါဖြစ်ပွားမှုရှိ၊ မရှိစောင့်ကြပ်ကြည့်ရှု (home quarantine) ခဲ့စဉ် ရောဂါလက္ခဏာများပြသခဲ့ပြီး (၁-၃-၂၀၂၀) ရက်နေ့တွင် COVID-19 ရောဂါပိုးရှိကြောင်း ဓာတ်ခွဲအတည်ပြုခဲ့ကြောင်းနှင့် အဆိုပါ အမျိုးသမီးအား စင်္ကာပူနိုင်ငံတွင် ကုသမှုပေးလျက်ရှိကြောင်း” အသိပေးအကြောင်းကြားလာခဲ့ပါသည်။ ထို့အပြင် “အဆိုပါအမျိုးသမီးနှင့် စင်္ကာပူနိုင်ငံတွင် အနီးကပ်နေထိုင်ထိတွေ့ခဲ့သူ (close contact) ဖြစ်သည့် မြန်မာနိုင်ငံသား၊ အသက် (၂၆) နှစ်အရွယ် အမျိုးသား (၁) ဦးသည် (၂၆-၂-၂၀၂၀) ရက်နေ့တွင် စင်္ကာပူနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ခဲ့ကြောင်း” အကြောင်းကြားလာခဲ့ပါသည်။

ထိုသို့သတင်းရရှိသည်နှင့် တစ်ပြိုင်နက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ဝန်ထမ်းများသည် လေကြောင်းလိုင်းမှတ်တမ်းများကို စစ်ဆေးခြင်းနှင့် အဆိုပါ အမျိုးသား၏ ကျန်းမာရေးအခြေအနေဖော်ပြချက်ကဒ် (health declaration card) တွင် ဖြည့်စွက်ထားသော လိပ်စာနှင့် ဖုန်းနံပါတ်တို့မှ တစ်ဆင့်လိုက်လံရှာဖွေခြင်းတို့ဆောင်ရွက်ခဲ့ရာ အဆိုပါအမျိုးသားသည် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ရောက်ရှိနေကြောင်းတွေ့ရှိခဲ့ပါသည်။ အဆိုပါ အမျိုးသားတွင် ယခုလောလောဆယ်၌ ရောဂါလက္ခဏာ တစ်စုံတစ်ရာမရှိသော်လည်း ကျောက်ပန်းတောင်းမြို့နယ်ဆေးရုံတွင် အသွားအလာကန့်သတ်၍ ရောဂါဖြစ်ပွားမှုရှိ၊ မရှိစောင့်ကြပ်ကြည့်ရှု (quarantine) လျက်ရှိပြီး ၎င်း၏ ဇနီးအားလည်း ဆေးရုံတွင်ထားရှိ၍ စောင့်ကြပ်ကြည့်ရှု (quarantine) လျက်ရှိပါသည်။

၄။ ယနေ့ (၂-၃-၂၀၂၀) ရက်နေ့၊ ညနေ (၆) နာရီအချိန်အထိ လူနာ (၅) ဦးအား သက်ဆိုင်ရာ ဆေးရုံများတွင် စောင့်ကြပ်ကြည့်ရှုကုသမှုပေးလျက်ရှိပြီး ၎င်းတို့၏ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိကြောင်း သိရှိရပါသည်။

၅။ လေကြောင်းခရီးနှင့် ရေကြောင်းခရီးများမှ ပြည်တွင်းသို့ ဝင်ရောက်လာရောက်ကြသူများအနေဖြင့် ကျန်းမာရေးအခြေအနေဖော်ပြချက်ကဒ် (health declaration card) ကို ပြည့်စုံတိကျစွာ ဖြည့်စွက်ကြပါရန်တိုက်တွန်း နှိုးဆော်အပ်ပါသည်။

COVID-19 ရောဂါဖြစ်ပွားသူနှင့် အနီးကပ်နေထိုင်ထိတွေ့ခဲ့သူ (close contact) များ (သို့မဟုတ်) ရောဂါကူးစက်ပြန့်ပွားမှုများပြားရာ နေရာဒေသမှ ပြည်တွင်းသို့ လာရောက်ကြသူများအနေဖြင့် လက်ရှိတွင် ရောဂါပျိုးချိန် (incubation period) အတွင်းဖြစ်၍ ရောဂါလက္ခဏာများ ပြသခြင်းမရှိသေးသော်လည်း ရောဂါပျိုးချိန်ကာလတစ်ခုတွင် ရောဂါဖြစ်ပွားနိုင်သဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အသွားအလာကန့်သတ်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း (quarantine) ဆောင်ရွက်ခြင်းတွင် ပြည်သူများနှင့် ကာယကံရှင်ကိုယ်တိုင် နီးစပ်ရာကျန်းမာရေးဌာနသို့ အကြောင်းကြားခြင်းဖြင့် ပူးပေါင်းပါဝင်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

ထိုသို့ အသွားအလာကန့်သတ်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း (quarantine) ဖြင့် ရောဂါလက္ခဏာ စတင်ဖြစ်ပွားသည်နှင့် ချက်ချင်းကုသမှုခံယူနိုင်မည်ဖြစ်သဖြင့် ရောဂါပြင်းထန်မှုနှင့် အသက်သေဆုံးနိုင်ခြေကို လျှော့ချနိုင်မည်ဖြစ်ပြီး မိမိကိုယ်တိုင်အတွက်လည်းအကျိုးရှိကာ မိမိ၏ မိသားစု၊ မိတ်ဆွေများနှင့် ပတ်ဝန်းကျင်သို့ ရောဂါကူးစက်ပြန့်ပွားခြင်းမှလည်း ကာကွယ်နိုင်မည်ဖြစ်ပါကြောင်း အသိပေးနှိုးဆော်အပ်ပါသည်။

More Tags