COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (18-3-2020, 8:00PM)

၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ကမ္ဘာ့နိုင်ငံများတွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှုဖြစ်စဉ်နှင့် ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်၊ ထွက်ပေါက်ဂိတ်များတွင်လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ်လည်းကောင်း၊ ပြည်သူလူထု အခြေပြု စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများဖြင့်လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်း၍လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။

၂။ ထိုသို့ဆောင်ရွက်ရာတွင် (၁၇-၃-၂၀၂၀) ရက်နေ့၊ ညနေ (၆:၀၀) နာရီမှ (၁၈-၃-၂၀၂၀) ရက် နေ့၊ ညနေ (၆;၀၀) နာရီအထိ စောင့်ကြည့်လူနာအသစ် (၁၃) ဦး ရှိပါသည်။ (ဇယား -၁)

၃။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) တွင် ဓာတ်ခွဲစစ်ဆေးချက်များအရ (၁၈-၃-၂၀၂၀) ရက်နေ့၊ နံနက် (၆:၀၀) နာရီမှ ညနေ (၆:၀၀) နာရီအထိ သက်ဆိုင်ရာ ဆေးရုံများရှိ စောင့်ကြပ်ကြည့်ရှုကုသမှုပေးလျက်ရှိသော လူနာများအနက် လူနာ (၈) ဦး၏ ဓာတ်ခွဲအဖြေများတွင် Coronavirus Disease 2019 (COVID-19) ဗိုင်းရပ်စ် ရောဂါပိုး မရှိပါကြောင်း (မရှိကြောင်း) စစ်ဆေးသိရှိရပါသည်။ (ဇယား -၂)

၄။ (၁၇-၃-၂၀၂၀) ရက်နေ့နှင့် (၁၈-၃-၂၀၂၀) ရက်နေ့များတွင် မြန်မာနိုင်ငံ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အီတလီနိုင်ငံမှ ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသား (၆) ဦး၊ စပိန်နိုင်ငံမှ ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသား (၁) ဦး၊ ပြင်သစ်နိုင်ငံမှ ပြန်လည်ရောက်ရှိလာသော မြန်မာနိုင်ငံသား (၁) ဦး၊ စုစုပေါင်း (၈) ဦးတို့တွင် ဖျားခြင်းနှင့် အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများ (သို့မဟုတ်) COVID-19 ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့မှု ရာဇဝင်များ မရှိသော်လည်း ရောဂါဖြစ်ပွားမှု မြင့်မားလျက် ရှိသော နိုင်ငံများသို့သွားရောက်ခဲ့သည့် ရာဇဝင်ရှိသဖြင့် ဆေးရုံတွင် (၁၄) ရက်ခွဲခြားထားရှိပြီး အသွားအလာကန့်သတ်ခြင်း (Quarantine) ပြုလုပ်၍ စောင့်ကြပ် ကြည့်ရှုလျက်ရှိပါသည်။

၅။ ယနေ့ (၁၈-၃-၂၀၂၀) ရက်နေ့၊ ညနေ (၆:၀၀) နာရီအချိန်အထိ ဓာတ်ခွဲအဖြေ စောင့်ဆိုင်းဆဲ စောင့်ကြည့်လူနာ (၁၃) ဉီးအား သက်ဆိုင်ရာ ဆေးရုံများတွင် စောင့်ကြပ်ကြည့်ရှု ကုသမှုပေးလျက် ရှိပါသည်။

၆။ (၁၇-၃-၂၀၂၀) ရက်နေ့၊ ညနေ (၆:၀၀) နာရီမှ (၁၈-၃-၂၀၂၀) ရက် နေ့၊ ညနေ (၆း၀၀) နာရီအထိ စောင့်ကြည့်လူနာများအနက် သေဆုံးလူနာ (၃) ဦးရှိပါသည် -

(က) မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် နေထိုင်သော အသက် (၉) လအရွယ်၊ ကလေးငယ်တစ်ဦးသည် (၁၃-၃-၂၀၂၀) ရက်နေ့မှစတင်၍ အန်ခြင်း၊ ဝမ်းလျှောခြင်း၊ အပြင်းဖျားခြင်း၊ မှိန်းခြင်း စသောလက္ခဏာများ ခံစားခဲ့ရသဖြင့် ပြင်ပဆေးခန်းတစ်ခုသို့ သွားရောက် ပြသခဲ့သော်လည်း ရောဂါမသက်သာသဖြင့် (၁၇-၃-၂၀၂၀) ရက်နေ့တွင် တောင်တွင်းကြီးမြို့နယ် ပြည်သူ့ဆေးရုံသို့ သွားရောက်ပြသခဲ့ရာ မကွေးပြည်သူ့ ဆေးရုံကြီးသို့ ညနေ (၃:၅၀) နာရီ အချိန်တွင် လွှဲပြောင်းညွှန်းပို့ခဲ့ပါသည်။ လူနာအား စောင့်ကြည့်လူနာအဖြစ် သတ်မှတ်၍ ဓာတ်ခွဲနမူနာရယူကာ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့ ပေးပို့စစ်ဆေးရန် ဆောင်ရွက်လျက်ရှိပြီး လိုအပ် သော ဆေးကုသမှုများပေးနေစဉ် (၁၇-၃-၂၀၂၀) ရက်နေ့၊ ည (၁၀:၀၀) နာရီခန့်တွင် သေဆုံးသွားခဲ့ကြောင်း သိရှိရပါသည်။ ကနဦးသုံးသပ်ချက်များအရ လူနာသေဆုံးရသော အကြောင်းရင်းမှာ ဝမ်းပျက်ဝမ်းလျှောခြင်းအား စောစီးစွာ ကုသမှုမခံယူခဲ့ သဖြင့် အလွန်အမင်း ရေဓာတ်ခမ်းခြောက်ပြီး သွေးပေါင်ချိန် ကျဆင်းကာ သေဆုံးရခြင်း ဖြစ်နိုင်ပါသည်။

(ခ) (၁၇-၃-၂၀၂၀) ရက်နေ့တွင် စောင့်ကြည့်လူနာအဖြစ် သတ်မှတ်၍ ကျိုင်းတုံမြို့နယ် ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုပေးလျက်ရှိသော ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဖြတ် မြို့နယ်တွင် နေထိုင်သော အသက် (၃၀) နှစ် အရွယ်အမျိုးသားတစ်ဦးသည် (၁၀-၃-၂၀၂၀) ရက်နေ့မှစတင်၍ ဖျားခြင်း၊ ချောင်းဆိုး သွေးပါခြင်းစသည့် ရောဂါလက္ခဏာများဖြင့် (၁၄-၃-၂၀၂၀) ရက်နေ့မှစ၍ အတွင်းလူနာအဖြစ် တတ်ရောက် ကုသမှုခံယူခဲ့ရာ လူနာအား လိုအပ်သောကုသမှုများ ပေးနေစဉ် (၁၇-၃-၂၀၂၀) ရက်နေ့၊ ည (၉:၃၀) နာရီခန့်တွင် သေဆုံးသွားခဲ့ကြောင်း သိရှိရပါသည်။ လူနာသေဆုံးရသော အကြောင်းရင်းမှာ ကနဦးသုံးသပ်ချက်နှင့် စစ်ဆေးချက်များအရ လူနာ၌ နာတာရှည် ရောဂါအခံဖြစ်သော နှလုံးကြီးခြင်း၊ သွေးတွင်း သကြားဓာတ် အလွန်အမင်းမြင့်မားခြင်းနှင့် သွေးတွင်းပိုတက်စီယမ်ဓာတ် အလွန်အမင်းကျဆင်းခြင်းတို့အပြင် အဆုတ်ရောင် ခြင်း၏ နောက်ဆက်တွဲဆိုးကျိုးများကြောင့် သေဆုံးရခြင်းဖြစ်နိုင်ပါသည်။

(ဂ) ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်တွင် နေထိုင်သော အသက် (၄၀) နှစ်အရွယ် အမျိုးသားတစ်ဦးသည် (၁၂-၃-၂၀၂၀) ရက်နေ့တွင် ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူ ခက်ခဲခြင်း စသောလက္ခဏာများဖြင့် (၁၇-၃-၂၀၂၀) ရက်နေ့တွင် မြောက်ဥက္ကလာပ သင်ကြားရေးနှင့် အထွေထွေရောဂါကုဆေးရုံကြီးသို့ သွားရောက်ပြသခဲ့ရာ စောင့်ကြည့် လူနာအဖြစ် သတ်မှတ်၍ လိုအပ်သော ကုသမှုများပေးနေစဉ် (၁၇-၃-၂၀၂၀) ရက်နေ့၊ ည (၉:၃၀) နာရီခန့်တွင် သေဆုံးသွားခဲ့ကြောင်း သိရှိရပါသည်။ လူနာတွင် မွေးရာပါ ရောဂါအခံ (Down’s Syndrome) ရှိကြောင်းလည်း စစ်ဆေးတွေ့ရှိရပါသည်။ လူနာ သေဆုံးရသော အကြောင်းရင်းမှာ ကနဦးသုံးသပ်ချက်နှင့် စစ်ဆေးချက်များအရ သွေးတွင်း သွေးဖြူဥ အလွန်အမင်းမြင့်မားပြီး သွေးဆိပ်တက်ခြင်းနှင့် အဆုတ်ရောင် ခြင်း လက္ခဏာများကြောင့် သေဆုံးရခြင်းဖြစ်နိုင်ပါသည်။ ၎င်းထံမှ ဓာတ်ခွဲနမူနာ ရယူ၍ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မြို့သို့ ပေးပို့စစ်ဆေး ခဲ့ရာ (၁၈-၃-၂၀၂၀) ရက်နေ့၊ ညနေပိုင်း ဓာတ်ခွဲအဖြေအရ COVID-19 ရောဂါပိုး မတွေ့ရှိရကြောင်း သိရှိရပါသည်။
ကျန်ရှိသည့် သေဆုံးလူနာ (၂) ဦး၏ ဓာတ်ခွဲနမူနာ အဖြေများနှင့် နောက်ဆက်တွဲသတင်းအချက်အလက်များရရှိပါက အချိန်နှင့်တစ်ပြေးညီ ဖော်ပြ သွားမည်ဖြစ်ပါသည်။

၇။ (၁၈-၃-၂၀၂၀) ရက်နေ့အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ မတွေ့ရှိသေးသော်လည်း ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့်၍ ဆောင် ရွက်လျက်ရှိပါသည်။ ယခုအခါ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံအချို့ အပါအဝင် ကမ္ဘာ့နိုင်ငံ (၁၅၉) နိုင်ငံတွင် COVID-19 ရောဂါ ကူးစက်ဖြစ်ပွားလျက်ရှိသဖြင့် ပြည်သူလူထုအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါကာကွယ်ရေးဆိုင်ရာ ကျန်းမာရေး အသိပညာပေးအချက်အလက်များအား တိကျစွာလိုက်နာ ဆောင်ရွက်ရန် နှိုးဆော်အပ် ပါသည်။

 

 

 

 

 
 

More Tags