COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (16-3-2020, 8:00PM)

၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ကမ္ဘာ့နိုင်ငံများတွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှု ဖြစ်စဉ်နှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်၊ ထွက်ပေါက်ဂိတ်များတွင်လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ်လည်းကောင်း၊ ပြည်သူလူထုအခြေပြု စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများဖြင့်လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်း၍လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။

၂။ ထိုသို့ဆောင်ရွက်ရာတွင် (၁၅-၃-၂၀၂၀) ရက်နေ့၊ ညနေ (၆း၀၀) နာရီမှ (၁၆-၃-၂၀၂၀) ရက် နေ့၊ ညနေ (၆:၀၀) နာရီအထိ စောင့်ကြည့်လူနာအသစ် (၃) ဦး ရှိပါသည်။ (ဇယား -၁)

၃။ (၁၆-၃-၂၀၂၀) ရက်နေ့တွင် ဂျာမနီနိုင်ငံမှ မြန်မာနိုင်ငံ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် သို့ ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသား (၂) ဦးနှင့် ထိုင်းနိုင်ငံမှ ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသား (၁) ဦး၊ စုစုပေါင်း (၃) ဦးတို့တွင် ဖျားခြင်းနှင့် အခြားအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများ၊ COVID-19 ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့မှုများမရှိသော်လည်း ရောဂါဖြစ်ပွားမှု မြင့်မားလျက်ရှိသော နိုင်ငံများသို့သွားရောက်ခဲ့သည့် ရာဇဝင်ရှိသဖြင့် ၎င်းတို့အား ဆေးရုံတွင် (၁၄) ရက် ခွဲခြားထားရှိ၍ အသွားအလာကန့်သတ်ခြင်း (Hospital Quarantine) ပြုလုပ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိပါသည်။

၄။ ယနေ့ (၁၆-၃-၂၀၂၀) ရက်နေ့၊ ညနေ (၆:၀၀) နာရီအချိန်အထိ ဓာတ်ခွဲအဖြေ စောင့်ဆိုင်းဆဲ လူနာ (၁၀) ဉီးအား သက်ဆိုင်ရာ ဆေးရုံများတွင် စောင့်ကြပ်ကြည့်ရှုကုသမှုပေးလျက် ရှိပါသည်။

၅။ ဓာတ်ခွဲအဖြေများရရှိပါက အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်သွားမည်ဖြစ်ပါသည်။

၆။ (၁၆-၃-၂၀၂၀) ရက်နေ့အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ မတွေ့ရှိသေးသော်လည်း ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့်၍ ဆောင် ရွက်လျက်ရှိပါသည်။ ယခုအခါ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံအချို့ အပါအဝင် ကမ္ဘာ့နိုင်ငံ (၁၄၃) နိုင်ငံတွင် COVID-19 ရောဂါ ကူးစက်ဖြစ်ပွားလျက်ရှိသဖြင့် ပြည်သူလူထုအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါကာကွယ်ရေးဆိုင်ရာ ကျန်းမာရေးအသိပညာပေးအချက်အလက်များအား တိကျစွာ လိုက်နာဆောင်ရွက်ရန် နှိုးဆော်အပ်ပါသည်။

 

 

More Tags