COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (11-3-2020, 8:00 PM)

၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ကမ္ဘာ့နိုင်ငံများတွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှုဖြစ်စဉ်နှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်၊ ထွက်ပေါက်ဂိတ်များတွင်လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ်လည်းကောင်း၊ ပြည်သူလူထုအခြေပြုစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများဖြင့်လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်း၍လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။

၂။ ထိုသို့ဆောင်ရွက်ရာတွင် အောက်ပါစောင့်ကြည့်လူနာ (၅) ဦးအား တွေ့ရှိ၍ သက်ဆိုင်ရာဆေးရုံများတွင် သီးခြားထားရှိဆေးကုသမှုပေးလျက်ရှိပြီး ၎င်းတို့ထံမှ ဓါတ်ခွဲနမူနာရယူ၍ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)သို့ ပေးပို့စစ်ဆေးသွားမည်ဖြစ်ပါသည်။

(က) မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်တွင် နေထိုင်သော အသက် (၄၈) နှစ်အရွယ် အမျိုးသားတစ်ဦးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်မှ (၂၀-၂-၂၀၂၀) ရက်နေ့တွင် မြန်မာနိုင်ငံ၊ မူဆယ်မြို့သို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး (၁၀-၃-၂၀၂၀) ရက်နေ့တွင် မူဆယ်မြို့မှ ရွှေလီမြို့သို့ပြန်လည်ထွက်ခွာခဲ့ရာ မူဆယ်နယ်စပ်ဂိတ်၌ အဖျားစစ်ဆေးချိန်တွင် ကိုယ်အပူချိန်မြင့်တက်လျက်ရှိကြောင်း တွေ့ရှိရသဖြင့် ၎င်းအားစစ်ဆေးခဲ့ရာ (၈-၃-၂၀၂၀) ရက်နေ့တွင် မှစတင်၍ ဖျားခြင်း၊ ချောင်းဆိုးခြင်း လက္ခဏာများခံစားခဲ့ရကြောင်းတွေ့ရှိရသဖြင့် မူဆယ်ပြည်သူ့ဆေးရုံတွင် သီးခြားထားရှိကုသမှုပေးလျက်ရှိပါသည်။

(ခ) မကွေးတိုင်းဒေသကြီး၊ ကံမမြို့နယ်တွင် နေထိုင်သော အသက် (၂၅) နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဟူနန်ပြည်နယ်မှ (၇-၃-၂၀၂၀) ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး (၉-၃-၂၀၂၀) ရက်နေ့မှစတင် ၍ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း လက္ခဏာများခံစားရသဖြင့် (၁၁-၃-၂၀၂၀) ရက်နေ့တွင် ကြို့ပင်တိုက်နယ်ဆေးရုံ၌ သီးခြားထားရှိ ကုသမှုပေးလျက်ရှိပါသည်။

(ဂ) ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် နေထိုင်သော အသက် (၃၅) နှစ်အရွယ် အမျိုးသားတစ်ဦးသည် (၁၁-၃-၂၀၂၀) ရက်နေ့တွင် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံ၊ ရန်ကုန်အပြည် ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာခဲ့ရာ ကိုယ်အပူချိန်မြင့်တက်လျက်ရှိကြောင်း တွေ့ရှိရသဖြင့် ဝေဘာဂီအထူးကုဆေးရုံတွင် သီးခြားထားရှိ ကုသမှုပေးလျက်ရှိပါသည်။ (၎င်း၏ ဓာတ်ခွဲအဖြေကို အောက်အပိုဒ် - ၃ (စ) တွင် ဖော်ပြထားရှိပါသည်။)

(ဃ) မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် နေထိုင်သော အသက် (၂၃) နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် လွန်ခဲ့သော (၂) ပတ်ခန့်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရွှေလီမြို့မှ ပြန်လည်ရောက်ရှိခဲ့ပြီး (၉-၃-၂၀၂၀) ရက်နေ့မှစတင်၍ ချောင်းဆိုးခြင်း၊ ရင်ကြပ်ခြင်းလက္ခဏာများ ခံစားခဲ့ရသဖြင့် (၁၁-၃-၂၀၂၀) ရက်နေ့တွင် မန္တလေး ခုတင်(၃၀၀) သင်ကြားရေးဆေးရုံကြီးတွင် သီးခြားထားရှိ ကုသမှုပေးလျက်ရှိပါသည်။

(င) ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်တွင် နေထိုင်သော အသက် (၃၇) နှစ်အရွယ် ဂျပန်နိုင်ငံသား အမျိုးသမီးတစ်ဦးသည် (၉-၃-၂၀၂၀) ရက်နေ့တွင် မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ရာ (၁၀-၃-၂၀၂၀) ရက်နေ့မှစတင်၍ ဖျားခြင်း၊ လည်ချောင်းနာခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း လက္ခဏာများခံစားခဲ့ရပြီး (၁၁-၃-၂၀၂၀) ရက်နေ့တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ လာရောက်ပြသခဲ့သဖြင့် သီးခြားထားရှိ ကုသမှုပေးလျက်ရှိပါသည်။

၃။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ ယနေ့ ညနေ ပေးပို့လာသော ဓာတ်ခွဲအဖြေများအရ -

(က) အင်းစိန်အထွေထွေရောဂါကုဆေးရုံကြီးတွင် စောင့်ကြည့်လူနာအဖြစ်ကုသမှုခံယူနေသော ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်တွင် နေထိုင်သော၊ အသက် (၂၆) နှစ်အရွယ် အမျိုးသမီးတစ်ဦး၊

(ခ) အင်းစိန်အထွေထွေရောဂါကုဆေးရုံကြီးတွင် စောင့်ကြည့်လူနာအဖြစ်ကုသမှုခံယူနေသော ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်တွင် နေထိုင်သည့် အသက် (၁၇) နှစ်အရွယ် အမျိုးသမီးတစ်ဦး၊

(ဂ) ပခုက္ကူပြည်သူ့ဆေးရုံတွင် စောင့်ကြည့်လူနာအဖြစ်ကုသမှုခံယူနေသော မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်တွင် နေထိုင်သည့် အသက် (၃၉) နှစ်အရွယ် အမျိုးသားတစ်ဦး၊

(ဃ) ပင်းတယမြို့နယ် ပြည်သူ့ဆေးရုံတွင် စောင့်ကြည့်လူနာအဖြစ်ကုသမှုခံယူနေသော ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပင်းတယမြို့နယ်တွင်နေထိုင်သည့် အသက် (၂၃) နှစ်အရွယ် အမျိုးသားတစ်ဦး၊

(င) ဝေဘာဂီအထူးကုဆေးရုံတွင် စောင့်ကြည့်လူနာအဖြစ်ကုသမှုခံယူနေသော ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်တွင် နေထိုင်သည့် အသက် (၃၄) နှစ်အရွယ် အမျိုးသားတစ်ဦးနှင့်

(စ) ဝေဘာဂီအထူးကုဆေးရုံတွင် စောင့်ကြည့်လူနာအဖြစ်ကုသမှုခံယူနေသော ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် နေထိုင်သည့် အသက် (၃၅) နှစ်အရွယ် အမျိုးသားတစ်ဦး၊ စုစုပေါင်း (၆) ဦးတို့၏ ဓာတ်ခွဲနမူနာများတွင် Coronavirus Disease 2019 (COVID-19) ဗိုင်းရပ်စ်ရောဂါပိုး မရှိပါကြောင်း စစ်ဆေးသိရှိရပါသည်။

၄။ ကိုရီးယားသမ္မတနိုင်ငံမှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ လာရောက်မည့် လေယာဉ်တွင် ကိုရီးယားသမ္မတနိုင်ငံအတွင်း ရောဂါဖြစ်ပွားမှု ပြင်းထန်မှုအခြေအနေအရ Daegu မြို့အပါအဝင် North Gyeongsang (Gyeongsangbuk-do) နှင့် South Gyeongsang (Gyeongsangnam-do) ပြည်နယ်များမှ လာရောက်သူများအား ဆေးရုံတွင် Quarantine ဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် ကျန်ဒေသများမှ လာရောက်သူများအား အိမ် (သို့မဟုတ်) ဟိုတယ်တွင် Quarantine ဆောင်ရွက်မည်ဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါသည်။ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ (၁၁-၃-၂၀၂၀) ရက်နေ့၊ နံနက် (၅:၃၀) နာရီအချိန်တွင် ဆိုက်ရောက်လာသော လေယာဉ်တွင် ပါရှိသည့် ခရီးသည် (၆၉) ဦးအနက် COVID-19 ကူးစက် ဖြစ်ပွားမှု ပြင်းထန်နေသည့် ဒေသများဖြစ်သည့် Daegu မြို့၊ Chengwon မြို့၊ Miyann မြို့နှင့် Gimhae မြို့တို့မှ လာရောက်သည့် မြန်မာနိုင်ငံသား (၆) ဦးတို့အား တောင်ဥက္ကလာပ အမျိုးသမီးနှင့်ကလေးဆေးရုံကြီးတွင် Hospital Quarantine အဖြစ်လည်းကောင်း၊ အခြားဒေသများမှ လာရောက်သူ စုစုပေါင်း (၆၃) ဦးအား Home Quarantine နှင့် Hotel Quarantine အဖြစ်လည်းကောင်း (၁၄) ရက်ခွဲခြားထားရှိ၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိပါသည်။

၅။ ယနေ့ (၁၁-၃-၂၀၂၀) ရက်နေ့၊ ညနေ (၄:၀၀) နာရီအချိန်အထိ လူနာ (၆) ဉီးအား သက်ဆိုင်ရာ ဆေးရုံများတွင် စောင့်ကြပ်ကြည့်ရှုကုသမှုပေးလျက်ရှိပါသည်။

၆။ (၁၁-၃-၂၀၂၀) ရက်နေ့အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ မတွေ့ရှိသေးသော်လည်း ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့်၍ ဆောင်ရွက်လျက်ရှိပါသည်။ ယခုအခါ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံအချို့ အပါအဝင် ကမ္ဘာ့နိုင်ငံ (၁၁၀) နိုင်ငံတွင် COVID-19 ရောဂါ ကူးစက်ဖြစ်ပွားလျက်ရှိသဖြင့် ပြည်သူလူထုအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါကာကွယ်ရေးဆိုင်ရာ ကျန်းမာရေးအသိပညာပေးအချက်အလက်များအား တိကျစွာလိုက်နာဆောင်ရွက်ရန် နှိုးဆော်အပ်ပါသည်။



 

 
 

More Tags